၂ဝ၁၉ ခုနှစ် မတ်လစာမေးပွဲတွင် စတင်အသုံးပြုမည့် တက္ကသိုလ်ဝင်တန်းမေးခွန်း ပုံစံသစ် ဆိုင်ရာ ပညာရေးစကားဝိုင်း ကျင်းပ

Fri, 01/11/2019 - 12:02 -- cytron_user

မေးခွန်းပြောင်းလဲခြင်းမှာ ကျောင်းသူ၊ ကျောင်းသားတွေဟာ လေ့လာကျက်မှတ်တဲ့အခါ အလွတ်ကျက် မှတ်တာမျိုး မဟုတ်ဘဲ အကြောင်းအရာတွေကို နားလည်လို့ မှတ်သား ထားနိုင်တာမျိုး ပေါ်လွင်စေတဲ့ အနေအထားမှာရှိပါတယ်

၂ဝ၁၉ ခုနှစ် မတ်လစာမေးပွဲတွင် စတင်အသုံးပြုမည့် တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံသစ် ဆိုင်ရာ ပညာရေးစကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ် လွှင့်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ ချုပ်ဒေါက်တာ ဖိုးကောင်း၊ မြန်မာစာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ အောင်မြင့်ဦး၊ အင်္ဂလိပ်စာဌာန ပါမောက္ခဌာနမှူး ဒေါက်တာပိုးပိုး၊ သင်္ချာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ ချိုဝင်း၊ သတ္တဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာသီတာလေးသွယ်၊ ဓာတုဗေဒ ဌာန ပါမောက္ခ ဒေါက်တာနီနီ သန်းနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချဘောဂဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာဖြူဖြူအိတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်-

ယမန်နေ့မှအဆက်

အစီအစဉ်မှူး။ ။ ရူပဗေဒဘာသာရပ်နဲ့ ပတ်သက် ပြီးတော့ ပြုပြင်ပြောင်းလဲ ထားတဲ့ မေးခွန်း ပုံစံလေးတွေ၊ ဘယ်အပိုင်းတွေမှာ ထူးထူးခြားခြား ပြောင်းလဲထားလဲဆိုတာ ပြောပြ ပေးစေလိုပါတယ်။

ဒေါက်တာဖိုးကောင်း။ ။ ရူပ‌ဗေဒကတော့ ရူပ ဗေဒ အသိပညာတွေကို အခြေခံပြီး ဆက်စပ် တွေးတော အသုံးချရတဲ့ပုံနဲ့ မေးခွန်းပုံစံ ရှင်းလင်းသွားဖို့ နည်းနည်းပြုပြင် ပြောင်းလဲထား တာရှိပါတယ်။ ဥပမာ အနေနဲ့Section Aနံပါတ် (၁)မှာ မှား/မှန်ရောထွေး အမှန်ရွေးMultiple choice မှာ ပြင်ထားတာ လေးတွေ၊ နောက်တစ်ခါနံပါတ်(၂)မှာMatching လိုက်ဖက် ညီတာရွေးရတဲ့ မေးခွန်းမျိုးတွေ၊ ဓမ္မဓိဋ္ဌာန် Objective Types တွေမှာ မေးခွန်း ပုံစံလေးတွေ ပိုမိုရှင်းလင်းအောင် ပြုပြင်ပြောင်း လဲထားတာရှိပါတယ်။

အစီအစဉ်မှူး။ ။ ဓာတုဗေဒ ဘာသာရပ်နဲ့ ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲထားတဲ့ မေးခွန်းပုံစံလေးတွေ၊ ဘယ် အပိုင်းတွေမှာ ထူးထူးခြားခြား ပြောင်းလဲထား ပါသလဲ။

ဒေါက်တာနီနီသန်း။ ။ ဓာတုဗေဒဘာသာရပ် ရဲ့ မေးခွန်းပုံစံသစ်နဲ့ ပတ်သက်ပြီး ရှင်းပြရမယ် ဆိုရင် ပြောင်းလဲမှု များစွာ မရှိပါဘူး။ မေးခွန်းပုံစံသစ်မှာလည်း ယခင် လိုပဲ အပိုင်း (က) (Section A)နဲ့ အပိုင်း(ခ) (Section B) ဆိုပြီး နှစ်ပိုင်းပါဝင်မှာ ဖြစ်ပါ တယ်။

Section A မှာတော့နံပါတ်(၁)ကနေ(၄)အထိကိုMatching, True or False, Fill in the blanks, Multiple choice လေးမျိုးကို ပုဒ်ခွဲ ခုနစ်ပုဒ်စီ မေးပြီးတော့ အပုဒ်အားလုံးဖြေ ဆိုရမှာဖြစ်ပါတယ်။ မေးခွန်း နံပါတ်(၅) မှာ တစ်မှတ်တန် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ရှင်းလင်းချက်၊ အဆိုပြုချက်မေးခွန်းခွဲ ရှစ်ပုဒ်မေးထားတဲ့အတွက် Section A မှာ စုစုပေါင်း(၃၆) မှတ် ဖိုးဖြေဆိုရပါမယ်။ ဒါကြောင့် အပိုင်း (က) Section A အတွက် မေးခွန်းဟောင်းနှင့် မေးခွန်း သစ်ပြောင်း လဲခြင်း မရှိပါဘူး။

အပိုင်း(ခ)Section B မှာတော့ နံပါတ်(၆)မှာ မေးခွန်းတို နှစ်မှတ်တန်မေးခွန်းခွဲခြောက် ပုဒ်မေး မှာဖြစ်ပြီး အားလုံးဖြေဆိုရမှာ ဖြစ်ပါတယ်။ ရွေးချယ်ခွင့် မရှိပါဘူး။ မေးခွန်းနံပါတ်(၇)မှာတော့ အလယ်အလတ် မေးခွန်းဖြစ်တဲ့ လေးမှတ်တန် မေးခွန်းခွဲရှစ်ပုဒ်ထဲက နှစ်သက်ရာ ငါးပုဒ်ဖြေရ မှာဖြစ်ပါတယ်။ ပြောင်းလဲခြင်း မရှိပါဘူး။Section B ရဲ့မေးခွန်း နံပါတ်(၈)ကတော့ အရင်တုန်း က ပေးထားတဲ့ ပုံစံနဲ့ပြောင်းလဲပါတယ်။ ရွေးချယ်စရာ လျော့သွားတဲ့ သဘောဖြစ်ပါတယ်။ ပေးထားတဲ့ အပုဒ်ရေ ခြောက်ပုဒ်ထဲက နှစ်သက်ရာ လေးပုဒ် ရွေးချယ်ဖြေဆိုရမှာဖြစ်ပါတယ်။ ပေးထားတဲ့ (၉၂)မှတ်ဖိုးထဲကနေ (၆၄)မှတ်ဖိုးဖြေဆိုရမှာ ဖြစ်ပါ တယ်။Section B မှာတော့ နံပါတ်(၆)နဲ့ (၇)က ပြောင်းလဲခြင်းမရှိသော်လည်းဘဲ နံပါတ်(၈)မှာတော့ ရွေးချယ်စရာ လျော့နည်းသွားမှာဖြစ်ပါ တယ်။ ကျောင်းသူ? ကျောင်းသားတွေအနေနဲ့ သင်ခန်းစာတွေကို သေသေချာချာ နားလည် အောင် လေ့လာပြီးတော့ ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။

အစီအစဉ်မှူး။ ။ ဇီဝ‌ဗေဒမေးခွန်းကို ကျောင်းသား၊ ကျောင်းသူတွေ အဆင်‌ပြေပြေ ဖြေဆိုနိုင်ဖို့ အတွက် ဘယ်လိုများပြင်ဆင် လေ့လာထားသင့်သလဲဆိုတာ ရှင်းပြပေးစေလို ပါတယ်။

ဒေါက်တာသီတာလေးသွယ်။ ။ အရင်ဆုံး မေးခွန်းအမှတ်စဉ် အနေနဲ့ပြောရရင် အရင်မေး ခွန်းမှာ တုန်းက မေးခွန်း အမှတ်စဉ်(၅)ခု ရှိပါတယ်။ အခုတော့ မေးခွန်း အမှတ်စဉ်(၆) အထိ ဖြစ်သွားပါတယ်။

ဖြစ်သွားတဲ့အကြောင်းအရင်းက မေးခွန်း အမှတ်စဉ်(၁) ကတော့ မူလမေးခွန်းနဲ့ မကွာခြားတဲ့ မှား/မှန်ရွေး True or False မေးခွန်းဖြစ် ပါတယ်။

မေးခွန်းနံပါတ်(၂)က ဒီနှစ်မှ ပြောင်းလဲထည့် သွင်းထားတဲ့ မေးခွန်းဖြစ်ပါတယ်။Statement တစ်ခုမှာ ပေးထားတဲ့ အဖြေမှန်ကို ကွက်လပ်ဖြည့် ရမှာပါ။ ဒါပေမယ့် ကွက်လပ်ဖြည့်တဲ့နေ ရာမှာ အောက်ဘက်မှာ ရွေးချယ်စရာလေးတွေကို ပေးထားပါတယ်။ ပေးထားတဲ့ ရွေးချယ် စရာတွေကနေ အဆီလျော်ဆုံး အဖြေမှန်ကို စဉ်းစားပြီးတော့ ရွေးပေးရမှာပါ။ အဲဒီမေးခွန်း ကတော့ စာပေ လေ့လာကျက်မှတ်တဲ့နေရာမှာ အလွတ်ကျက်မှတ်တာ မဟုတ်ဘဲနဲ့ ကိုယ်ဟာ ဘယ်လောက် အဓိပ္ပာယ် ကိုနားလည်ပြီး ကျက်မှတ်ထားသလဲ။ ကျက်မှတ် လေ့လာနည်း အပေါ်မှာ သူတို့ရဲ့အရည်အသွေးကို ပေါ်လွင်စေတဲ့ မေးခွန်းတစ် မျိုးဖြစ်ပါတယ်။

မေးခွန်းအမှတ်စဉ်(၃)ကတော့ အရင်မေးခွန်း မှာပါတဲ့ ကွက်လပ်ဖြည့်ပါ။Statement တစ်ခုမှာ ရှိနေတဲ့ ကွက်လပ်ကို ဒီStatement ပြီးပြည့်စုံ သွားအောင် လေ့လာထားတဲ့အထဲက အ‌ဖြေမှန် ကို ထည့်ပြီး ဖြေဆိုပေးရမှာဖြစ်ပါတယ်။ အရေးကြီးတာက စာလုံးပေါင်းမှန်မှန်ကန်ကန် ဖြည့်စွက်‌ ဖြေဆိုဖို့ လိုပါတယ်။

ပေးမှတ်က ပြောင်းလဲထား

အမှတ်စဉ်(၄)ကတော့ အရင်မေးခွန်းနဲ့ တူပါ တယ်။ ပေးမှတ် တစ်ပုဒ် ကို (၂)မှတ်စီနဲ့မေးထား တာ ပါ။ Short Notes လေးတွေ ဖြေရမှာဖြစ်ပါတယ်။

မေးခွန်းအမှတ်စဉ်(၅)ကတော့ အရင်တုန်း ကလိုပဲNotesကိုရေးပြီးတော့ ဖြေရတဲ့မေးခွန်းမျိုးပါ။ ဒါပေမယ့် ပေးမှတ်က‌ပြောင်းလဲထားပါတယ်။ အရင်ကပေးမှတ်(၄)မှတ်ကနေ အခု(၅)မှတ်ဖြစ် သွားပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေက အဲဒီပေးမှတ်နဲ့ လျော်ညီအောင် ဖြေဖို့လို ပါတယ်။ မေးတဲ့မေးခွန်းရဲ့ အသွား အလာကိုကြည့်ပြီး မေးခွန်းကိုနားလည်ရမယ်။ မေးခွန်းက မေးထား တဲ့အတိုင်း၊ မေးခွန်းကလိုချင်တဲ့ ရှုထောင့်အတိုင်း ဖြေဆိုနိုင်ဖို့ လိုတယ်။

မေးခွန်းအမှတ်စဉ် (၆)ကတော့Essay Type ဖြေဆိုရတာပါ။ ဒီမေးခွန်းမှာ အရင်မေးခွန်း တုန်းက ပေးမှတ် (၈)မှတ်ပါ။ အခု မေးခွန်းမှာတော့ ပေးမှတ်(၁ဝ)မှတ် တိုးမြှင့်ထားပါတယ်။ အဲဒီလို (၁ဝ)မှတ် တိုးမြှင့်ထား တဲ့အတွက် ပေးမှတ်နဲ့ လျော်ညီတဲ့အ‌ဖြေကို ‌ြေဖြေဆိုရမှာပါ။ မေးထား တဲ့ မေးခွန်းရဲ့ လိုချင်တဲ့ရှုထောင့်ကို ထိမိအောင် ဖြေဆိုဖို့ လိုပါတယ်။

မေးခွန်းပြုပြင်ပြောင်းလဲမှုဖြစ်

ခြုံပြီးပြောရရင် မေးခွန်းပြောင်းလဲခြင်းမှာ ကျောင်းသူ၊ ကျောင်းသားတွေဟာ လေ့လာကျက် မှတ်တဲ့အခါ အလွတ် ကျက်မှတ်တာမျိုး မဟုတ်ဘဲ အကြောင်းအရာတွေကို နားလည်လို့ မှတ်သား ထားနိုင်တာမျိုး ပေါ်လွင်စေတဲ့ အနေအထားမှာ ရှိပါတယ်။ ကျောင်းသူ ကျောင်းသားတွေအတွက် ဆက်လက်ပြီး ကျယ် ကျယ်ပြန့်ပြန့် လေ့လာ ဆည်းပူးတဲ့အခါ ဒီလိုလေ့လာ ကျက်မှတ်နည်း လေးတွေက အသုံးဝင်တာကြောင့် ဒီလိုမေးခွန်း လေးတွေ ကို ‌ဖြေဆိုရခြင်းအားဖြင့် အရည်အသွေး တိုးတက်ပေါ်လွင်စေမယ့် မေးခွန်း ပြုပြင်ပြောင်းလဲ မှုဖြစ်တယ်လို့ ပြောချင်ပါ တယ်။

ရှေ့ကမေးခွန်း အမှတ်စဉ် (၁)(၂)(၃)ကို ဖြေဆိုတဲ့အခါမှာ မေးခွန်း အပုဒ်လေးတွေ တစ်ပုဒ် ချင်းစီမှာ ရေးတဲ့ အမှတ်စဉ်လေးတွေဟာ ရောမ ဂဏန်းနဲ့ ရေးရတာဖြစ်တဲ့အတွက် တစ်နေရာမှာ မှားသွားရင် နောက်ဆက်တိုက် ရောမဂဏန်းတွေ က လွဲသွားနိုင်တဲ့အတွက် အဖြေဘယ်လိုပဲ မှန်မှန် ဒီဘက်က အမှတ်စဉ်နဲ့ ဟိုဘက်က အ‌ဖြေနဲ့ အလွဲ အချော်ဖြစ်သွားရင် အ‌ဖြေမှန်သော်ငြားလည်း ရမှတ်မရနိုင်ပါဘူး။ သတိထားပြီး သေသေချာချာ ရေးသားဖြေဆိုဖို့ မှာကြားချင်ပါတယ်။

အစီအစဉ်မှူး။ ။ ပြောင်းလဲလိုက်တဲ့ မေးခွန်းပုံစံ သစ်အပေါ်မှာ ကျောင်းသား၊ ကျောင်းသူတွေ အဆင် ပြေပြေနဲ့ ဖြေဆိုနိုင်ဖို့ အတွက် ဘယ်လိုပြင်ဆင်လေ့လာ ထားသင့်တယ် ဆိုတာ အကြံပေးချက်လေး ပြောပြပေးပါဦး။

ဒေါက်တာသီတာလေးသွယ်။ ။ အကြံပြုချင်တာ က ကျောင်းသူ၊ ကျောင်းသားတွေ အရင်ဆုံး သင်ခန်းစာကို စပြီး လေ့လာတဲ့အချိန်မှာ အဓိပ္ပာယ်ကို သေချာ နားလည်အောင် လုပ်သင့်ပါ တယ်။ ပြီးတော့မှ အဓိပ္ပာယ် နားလည်ပြီဆိုရင် သူ့ရဲ့ဆက်စပ်ပုံ ဆက်စပ်နည်း၊ အကျိုး အကြောင်းဆက်စပ်မှုလေးကို သိရှိအောင် လုပ်သင့်ပါတယ်။ ဒါမှ ကျက်မှတ် တဲ့အခါမှာ အကျိုးအကြောင်းဆက်စပ်နားလည်ပြီး မမေ့တော့ မှာဖြစ်ပါတယ်။ အလွတ်ကျက်မှတ်ခြင်း အားဖြင့် မေ့လျော့သွားနိုင်ပြီး နည်းနည်းပဲ ကျက်မှတ်နိုင်မှာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကို နားလည်အောင် အရင်ဆုံး ဆောင်ရွက်ပြီးမှ ကျက်မှတ်လေ့လာပါလို့ အကြံပြု ချင်ပါတယ်။ ပုံတွေကိုလည်းပဲ သေသေချာချာ ကောင်းမွန်စွာ ဆွဲနိုင်အောင်၊ ပုံတွေရဲ့ အညွှန်းနဲ့ ခေါင်းစဉ် တွေ ကိုလည်း သေသေချာချာ အဓိပ္ပာယ်နဲ့တကွ နားလည်အောင် တွေးတောကြံဆပြီး ကျက်မှတ်စေ ချင်ပါတယ်။ ဇယားပုံစံများနဲ့ equation များကို ကျက်မှတ်တဲ့အခါ အကြမ်းရေးမှတ်ပြီးNotes ထုတ်ကျက် မယ်ဆိုရင် ပိုပြီးမှတ်သားနိုင်မှာဖြစ်ပါတယ်။ ဒါမှ စာမေးပွဲဖြေဆိုတဲ့အခါ ကျက်မှတ် ထားတာတွေကို စိတ်ထဲမှာစွဲမြဲပြီး မှန်ကန်တဲ့ အဖြေကို ဖြေဆိုနိုင်မယ်လို့ ယူဆတဲ့အတွက် ကျက်မှတ်တဲ့နေရာမှာ စနစ်တကျ ကျက်မှတ်ဖို့ အကြံပေးချင်ပါတယ်။

အစီအစဉ်မှူး။ ။ ဘောဂဗေဒ ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘာကြောင့် မေးခွန်းပုံစံပြောင်း လဲရတယ်၊ ဘယ်လိုပြောင်းလဲ ထားတယ်ဆိုတာကိုလည်း ရှင်းပြပေးပါဦး။

ဒေါက်တာဖြူဖြူအိ။ ။ ဘောဂဗေဒ ဘာသာရပ် ကတော့ အရင်မေးခွန်း မှာ ကတည်းက အလွတ် ကျက်တာ(၆ဝ) ရာခိုင်နှုန်းနဲ့ စဉ်းစားတွေးခေါ်ပြီး ဖြေရတဲ့မေးခွန်းက (၄ဝ) ရာခိုင်နှုန်းပါ ပြီးသားပါ။ ဒါပေမယ့် မေးခွန်းရဲ့ အားနည်းချက် ကပေးတဲ့ မေးခွန်းပုဒ်ရေများနေတာပါ။ အဲဒါကြောင့် မေးခွန်းပြင်ဆင်မှုက ပုဒ်ရေ လျော့တာပဲရှိပါတယ်။

အရင်မေးခွန်းက အပိုင်းနှစ်ပိုင်း ခွဲထားပါတယ်။ အပိုင်း(က)က နှစ်ပုဒ်ပါပြီး အဲဒီနှစ်ပုဒ်ကို အားလုံးဖြေဆို ခိုင်းပါတယ်။ အပိုင်း(ခ)က လေးပုဒ် ပေးထားပြီး အဲဒီလေးပုဒ်မှာ ရွေးချယ်စရာ မေးခွန်း အများကြီး ပေးထားပါတယ်။ အဲဒီလိုပေးထား တာဖြစ်တဲ့အတွက် ကျောင်းသူ ကျောင်းသားတွေက ကျက်ရတဲ့ အပုဒ်တွေကိုပဲဖြေပြီး စဉ်းစား တွေးခေါ်ပြီး ဖြေရတဲ့ အပုဒ်မျိုးကို မဖြေဘဲနဲ့ ထားလို့ရလာတယ်။ ဒါကြောင့် အလွတ်ပဲကျက်ကြ ပါတယ်။ အလွတ်ကျက်လို့ရတဲ့ အပုဒ်တွေ ကိုလည်း ပေးထားတာများနေတဲ့ အတွက် ကြောင့် ပုဒ်ရေ လျော့တာပဲရှိပါတယ်။

အဓိကအားဖြင့် ပေးထားတဲ့ ပြဋ္ဌာန်းစာအုပ်ကို အပြည့်အဝလေ့လာစေချင်တဲ့အတွက် ပြင်တာပါ။ ပြဋ္ဌာန်းစာအုပ်မှာ အခန်း(၆)ခန်းပါပါတယ်။ အရင်တုန်းက အဲဒီ(၆)ခန်းက (၃)ခန်းဖတ်ရင်ကို ဂုဏ်ထူး ထွက်အောင် ဖြေနိုင်တဲ့အထိ အလွတ် ကျက်ပြီး အမှတ်ရနိုင်ပါတယ်။ အဲဒါကို ပြင်မှာ ဖြစ်ပါတယ်။ အဓိက အားဖြင့် ရည်ရွယ်တာက ပြဋ္ဌာန်းစာအုပ်ကို အပြည့်အဝ လေ့လာစေချင်တယ်။ စဉ်းစားဆင်ခြင်တတ်တဲ့ မေးခွန်းမျိုးကို ဖြေတတ်စေချင်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ ပြင်ဆင်တာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ မေးခွန်းပုံစံသစ်ကို စတင် ပြောင်းလဲမှာ ဖြစ်တဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေကို အခက်အခဲ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ ဘယ်လိုစီစဉ် ဆောင်ရွက် နေတယ်ဆိုတာကို သိချင်ပါတယ်။

ဒေါက်တာအောင်မြင့်ဦး။ ။မေးခွန်းပုံစံပြောင်းလဲ တဲ့အခါမှာ ဘာသာရပ် အားလုံးရဲ့ မေးခွန်းပုံစံ ပြောင်းလဲခြင်းရဲ့ ဦးတည် ချက်က သင်ကြားသင်ယူမှု ထိရောက်စေဖို့၊ ကျောင်းသူ ကျောင်းသား တွေ လက်တွေ့ ဘဝမှာ အသုံးချနိုင်ဖို့ ဘာသာရပ်ကို တကယ်နားလည်ပြီး နားလည်ထားတဲ့ အတိုင်း ဖြေဆိုနိုင်ဖို့ဖြစ်ပါတယ်။ အလွတ်ကျက်တာကို လျှော့တယ်ဆို ကတည်းက ဝန်ထုပ်ဝန်ပိုးလျော့စေချင်တာပါ။ တစ်နှစ်ပတ်လုံး သင်လာတဲ့စာတွေအပေါ်မှာ စဉ်းစားတွေး ခေါ် ပြီးတော့ ဖြေဆိုနိုင်ဖို့ အလွတ်ကျက်မှတ်တဲ့ ရာခိုင် နှုန်းကို လျှော့ချရတဲ့ အတွက် ဝန်ထုပ်ဝန်ပိုး လျော့စေချင်တဲ့ ရည်ရွယ်ချက်ပါ။

အဓိကကတော့ ဒီရည်ရွယ်ချက်တွေကို ဦးတည် ထားတာပါ။

မေးခွန်းပုံစံပြောင်းမယ်ဆိုတဲ့ အခုပညာသင် နှစ်(၂ဝ၁၈-၂ဝ၁၉) ပညာသင်နှစ် ကျောင်းစဖွင့် တဲ့အချိန်မှာ သတင်းစာ တွေထဲမှာ မေးခွန်းပုံစံ ပြောင်းလဲတာနဲ့ ပတ်သက်ပြီး ဘာသာရပ်တိုင်း ဆောင်းပါးတွေ ဖော်ပြ ပေးခဲ့ပါတယ်။ အဲဒီလို ဖော်ပြတဲ့အခါမှာ နမူနာမေးခွန်းပုံစံတစ်စုံစီ ဖော်ပြ ထားပါတယ်။ နောက်တစ်ခါ နမူနာမေးခွန်းပုံစံ နှစ်စုံစီ သတင်းစာထဲမှာထပ်ပြီး ဖော်ပြထားပါ တယ်။ စုစုပေါင်းမေးခွန်းပုံစံသစ် နမူနာမေးခွန်း ပုံစံ(၃)စုံစီ ဖော်ပြထားတာဖြစ် ပါတယ်။ အဲဒီ သတင်းစာထဲက ဖော်ပြချက်တွေကို ပညာရေး ဝန်ကြီး ဌာနရဲ့ Website မှာ တင်ထားပါတယ်။ အဲဒီနောက်မှာ မြန်မာ့ရုပ်မြင်သံကြားနဲ့ တွေ့ဆုံ ဆွေးနွေး ခန်းတွေ ဘာသာရပ်အလိုက် ပြုလုပ် ပါတယ်။ ရေဒီယိုမှာလည်း ကျောင်းသင်ခန်းစာ ပို့ချချက်ဆိုပြီးတော့ ဘာသာရပ်အလိုက် မေးခွန်း တစ်ခု၊ မေးခွန်းအမျိုးအစားအလိုက် ပို့ချထုတ်လွှင့် ပါတယ်။ စာမေးပွဲနီး လာတဲ့ အခါမှာလည်း ရုပ်မြင်သံကြားက ကျောင်းသင်ခန်းစာ ပို့ချချက် တွေထပ်ပြီးတော့ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

အဓိကကတော့ သင်ကြားတဲ့ ဆရာ၊ ဆရာမ တွေအနေနဲ့ ထုတ်လွှင့်ထားတဲ့ သတင်းဆောင်း ပါး တွေ ပို့ချ ချက်တွေကို သေသေချာချာ လေ့လာနားထောင်ပြီး ကျောင်းသူ၊ ကျောင်းသားတွေကို တကယ်တတ်အောင်၊ နားလည်သဘောပေါက် အောင် ကြိုးစားပြီး ဆောင်ရွက်မယ်ဆိုရင် ကျောင်းသူ၊ ကျောင်းသား တွေအတွက် ဝန်ထုပ် ဝန်ပိုးလျော့သွားမှာ ဖြစ်ပါတယ်။ ပြောင်းလဲရတဲ့ ရည်ရွယ်ချက်ကလည်း အလွတ် ကျက်တာကို လျော့ဖို့ဖြစ်တဲ့အတွက် ကျောင်းသူ ကျောင်းသား တွေမှာ မြန်မာစာဆိုရင်လည်း စာစီစာကုံး ကို တပင်တပမ်း ကျက်နေရပါတယ်။ အဲဒီလို ကျက်မှတ် မှုမျိုးကို လုံးဝရှောင်လို့ရတဲ့ မေးခွန်းမျိုး ပြောင်းလဲ ထားတဲ့အတွက် ပင်ပင်ပန်းပန်း ကျက်စရာမလို ဘဲ ဘာသာရပ်ပေါ်မှာ စိတ်ဝင်တစားနဲ့ လေ့လာ ထားတဲ့ အတွက် စာမေးပွဲမှာ ဝန်ထုပ်ဝန်ပိုးနည်း ပြီး ရည်မှန်းတဲ့အတိုင်း အောင်အောင်မြင်မြင်နဲ့ ဖြေဆိုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ လိုအပ်တဲ့ အပိုင်းတွေကိုလည်း တတ်နိုင်သလောက် ဖြည့် ဆည်းပြီး ဆောင်ရွက် လျက်ရှိပါတယ်။

အစီအစဉ်မှူး။ ။ မေးခွန်းပုံစံသစ်ကို ပြောင်းလဲ လိုက်တဲ့အတွက် ရရှိလာမယ့် အကျိုးကျေး ဇူးတွေ ကို သိပါရစေ။

ဒေါက်တာဖိုးကောင်း။ ။ မေးခွန်းပုံစံသစ်ကို ပြောင်းလဲ လိုက်တဲ့ အတွက် ရရှိလာမယ့် အကျိုးကျေးဇူး တွေကတော့ ကျောင်းသူ၊ ကျောင်းသားတွေ သင်ခန်းစာတွေ ကို အလွတ်နှုတ်တိုက်ရွတ်ဆို ကျက်မှတ်မှု တွေ လျော့ပါးလာမယ်။ သင်ခန်းစာတွေကို အမှန် တကယ် ဖတ်မှတ်ထားတဲ့ နားလည်နိုင်စွမ်းတွေ ကို စစ်ဆေးအကဲဖြတ်လာနိုင်မယ်။ သင်ခန်းစာ တွေကို လက်တွေ့ဘဝမှာ ပြန်လည်အသုံးချ တတ်လာမယ်။ ကိုယ်ပိုင်အယူအဆ ထင်မြင်ချက် တွေကို ထုတ်ဖော်တင်ပြလာနိုင်မယ်။ စဉ်းစားတွေး ခေါ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း၊ ခွဲခြမ်းစိတ်ဖြာ နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းစတဲ့ ၂၁ရာစု စိန်ခေါ်မှုတွေအတွက် လိုအပ်တဲ့ အရည်အသွေး တွေ တိုးတက်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် တက္ကသိုလ်ဝင်တန်း တက်ရောက်နေတဲ့ ကျောင်းသား လူငယ်တွေအနေနဲ့ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး နောက်တက္ကသိုလ်ပညာကို ဆက်လက်ဆည်းပူး သည်ဖြစ်စေ၊ လုပ်ငန်းခွင် ဝင်သည်ဖြစ်စေ၊ နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး ပညာရေး ရှေ့ဆက် သည်ဖြစ်စေ အခြေခံကောင်းများရရှိစေဖို့ ရည်ရွယ်ပြီး ပြုပြင် ပြောင်းလဲ ထားတာ ဖြစ်ပါတယ်။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ တက္ကသိုလ် ဝင်တန်းမှာ မေးခွန်းပုံစံပြောင်းလဲ လိုက်တဲ့အတွက် သင်ကြားသင်ယူမှုမှာ ပိုမိုထိရောက်မှုရှိလာပြီး ကျောင်းသူ ကျောင်းသားတွေ အတွက် အကျိုးကျေးဇူးပိုမို ဖြစ်ထွန်းလာစေမှာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ အခုလို ၂ဝ၁၉ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲမှာ ပြောင်းလဲ အသုံးပြုမယ့် မေးခွန်းပုံစံ သစ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောကြားပေးကြတဲ့ ဆရာကြီး ဆရာမ ကြီးများအားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ် ရှင်။ ။

သတင်းအဖွဲ့