ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့လာလျက်ရှိသည့် စက်စက်ယိုကျေးရွာမှ မြန်မာ့ရိုးရာ ဓလေ့နှင့် ဆံရစ်ဝိုင်းယဉ်ကျေးမှု

Mon, 01/14/2019 - 11:00 -- admin

မြန်မာ့ယဉ်ကျေးမှု ဆင်ယင်ထုံးဖွဲ့မှု ဓလေ့ တွေနဲ့ ပျော်မွေ့နေကြတဲ့ မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် အတွင်းမှာရှိတဲ့ စက်စက်ယိုကျေးရွာလေးကို ကျွန်တော်တို့ သတင်းအဖွဲ့က သတင်းရယူ မေးမြန်းဖို့ ဇန်နဝါရီ ၅ ရက်မှာ မန္တလေး မြို့ကနေ ကားနဲ့ ထွက်ခွာလာခဲ့ပါတယ်။ ဒီကျေးရွာလေးကိုသွားဖို့ ညောင်ဦးမြို့နယ်ထဲ ကို စတင်ဝင်ရောက်လာတာနဲ့ ထန်းပင်၊ ထန်းတောနဲ့ လွမ်းမောစရာကောင်းလှတဲ့ အညာဒေသရဲ့ အငွေ့အသက်ကို စတင် ခံစားမိလိုက်တယ်။ဪ မြန်မာတွေနေတဲ့ အညာမြေဒေသ မှာ ခေတ်တွေ ဘယ်လိုပဲတိုးတက်ပြောင်းလဲ ပါစေ၊ ရိုးရာဓလေ့စရိုက်နဲ့ သျှောင်ပေစူး၊ ဆံရစ်ဝိုင်း ယဉ်ကျေးမှုကိုထိန်းသိမ်းနေတဲ့ ဒီလိုရွာကလေး လည်းကျန်ရှိနေ ဆဲပါလားလို့ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဂုဏ်ယူဝံ့ကြွားစွာ တွေးလိုက်မိ နေသေးတယ်။

ကြည်နူးစွာတွေ့ရှိ

ညောင်ဦးကားလမ်းဘေး အရောက်မှာ လမ်းညွှန်စိုက်ထူထားတဲ့ ဂျမ်းလှီးရွာဘုန်းတော် ကြီးကျောင်း သို့ ဆိုတဲ့ ရွာအဝင် မြေသားလမ်းလေးအတိုင်း ဝင်ရောက်လာပြီး ရွာသုံးရွာအလွန် မှာထန်းသားနဲ့ စိုက်ထူထားတဲ့ စက်စက်ယို ကျေးရွာမှ လှိုက်လှဲစွာ ကြိုဆိုပါသည်ဆိုတဲ့ အပြာရောင်ဆိုင်းဘုတ်ကလေးနဲ့ လမ်းညွှန်ထားတဲ့ ရွာအဝင်လမ်းကလေးအတိုင်း ဆံရစ်ဝိုင်းများကို စုစည်းထိန်းသိမ်းစောင့် ရှောက်ထားတဲ့ ရွာဦးဘုန်းတော်ကြီးကျောင်း ဝင်းထဲကို ဝင်ရောက်တဲ့အခါမှာ ဘုန်းကြီး ကျောင်းသား သဘာဝအလျောက် ပျော်မွေ့စွာ နေ့လယ်စာ စားသောက်နေတဲ့ သျှောင်ပေစူး ကလေးများကို ကြည်နူးစွာစတင်တွေ့ရှိခဲ့ရ တယ်။

ရွာဦးကျောင်းဆရာတော် ဦးနန္ဒမာလာကို မန္တလေးဒေသထွက် မုန့်မျိုးစုံကပ်လှူပြီး ရှေးခေတ် ဆင်ယင် ထုံးဖွဲ့မှု ဓလေ့ကိုမပျောက် ပျက်အောင် ထိန်းသိမ်းထားရှိမှုနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ ပါတယ်။

“ဦးပဉ္စင်းအရင် ဆရာတော်ကြီးနှစ်ပါး လက်ထက်တုန်းကတည်းက ဒီရွာမှာ သျှောင်ဆံ ထုံးလေးတွေ၊ ဆံတောက်ကလေးတွေနဲ့နေဖို့ ဆရာတော်ကြီးတွေကဆုံးမပြီး ထိန်းသိမ်း လာခဲ့တာပါ။ အဲဒီအချိန်တုန်းကလည်း ဦးပဉ္စင်းက ဘုန်းကြီးကျောင်းသားဘ၀ သျှောင်ဆံထုံးနဲ့ နေခဲ့ရတာပါ။ ဒါကြောင့် ဦးပဉ္စင်း လက်ထက်မှာ လည်း ဒီရိုးရာဓလေ့ကို မပျောက်ပျက်အောင် ထိန်းသိမ်းသွားမယ်လို့ ဆုံးဖြတ်ပြီး စောင့်ရှောက် ခဲ့တာပါ။ ဒီခေတ်ကျမှ ပြည်တွင်း ပြည်ပဧည့်သည်တွေ လာရောက်ကြည့်ရှုလေ့လာတဲ့ အတွက် ရွာအတွက်လည်း ဂုဏ်ယူရပါတယ်။ လာကြတဲ့သူတွေက ကလေးတွေကို မုန့်မျိုးစုံနဲ့ ကျောင်းသုံးပစ္စည်းတွေ ပေးကမ်းလှူဒါန်းကြ တာကိုကျေးဇူးတင်ပေမယ့် အချို့လူတွေရဲ့ ငွေကြေးလှူဒါန်း ပေးကမ်းမှုတွေနဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံသမားတွေကြောင့် ကလေးတွေရဲ့ စိတ်ဓာတ်တွေ ပျက်စီးသွားပြီး ဒီဓလေ့တွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်မိပါတယ်” ဟု ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

“ဒါ့အပြင် ဆရာတော်ကြီးကအတန်း ကျောင်းတွေ ဖွင့်လှစ်တဲ့အခါမှာ ကျောင်းကို လွှတ်ထားရပေမယ့် နွေရာသီကျောင်းပိတ်ရက်တွေမှာ ဗုဒ္ဓဘာသာစာပေတွေ သင်ကြားရင်း အားလုံးစုစည်းမိတဲ့အချိန်မှာ သျှောင်ထုံး မထားရင် စာမသင်ရဘူး၊ ကျောင်းမလာရဘူးလို့ စည်းကမ်းသတ်မှတ်ထား တဲ့အတွက် အားလုံးသျှောင်ဆံထုံးတွေ ဖြစ်နေကြတာပါ။ သူတို့အတွက် ပညာရေး၊ စားသောက်ရေးတွေ အားလုံးကို ဦးပဉ္စင်းကထောက်ပံ့ပေးနေပါ တယ်။ ဒီကျောင်းမှာ သုံးနှစ်အရွယ်ကနေ ၁၄ နှစ် အရွယ်အထိ ၅၃ ဦးရှိပါတယ်” ဟု ဆက်လက်မိန့်ကြားခဲ့ပါတယ်။

ခံစားချက်ကိုပြောပြ

ကျွန်တော်တို့ သတင်းအဖွဲ့ဟာ ကလေး တွေရဲ့ သဘာဝပုံစံလေးတွေကို ဓာတ်ပုံမှတ် တမ်းရိုက်ယူပြီး ရိုးရာဓလေ့ဆင်ယင်ထုံးဖွဲ့မှု အပေါ် သူတို့ရဲ့ ခံစားချက်ကလေးတွေကိုလည်း မေးမြန်းစပ်စုခဲ့ကြတယ်။

“ဒီရွာမှာသားတို့အရွယ်တွေက သျှောင်ထုံးပြီး နေကြတဲ့အတွက် သားလည်းဒီဆံပင်ပုံစံ အတိုင်း နေဖြစ်ခဲ့တာပါ။ ဒီရွာရဲ့ ဆံပင်ပုံစံကို လာပြီးလေ့လာကြည့်ရှုသူတွေ ရှိလာတဲ့အတွက် ဂုဏ်ယူမိသလို သားတို့ကို မုန့်တွေလည်းပေးတဲ့အတွက် ပျော်ပါတယ်။ သားကကိုရင် ဝတ်ပြီးရင်လည်း သျှောင်ဆံထုံးကို ဆက်ထား သွားမှာပါ”ဟု စတုတ္ထတန်းကျောင်းသား မောင်လျှံလင်းခန့်က သူ၏ခံစားချက်ကို ပြောပြသည်။

အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသူ ဆံတောက်ပုံစံလေးဖြင့် မြန်မာဆန်ဆန်လှပ နေတဲ့ သမီးလေး ဂျူဇင်မိုးကလည်း “သမီးတို့ ရွာရဲ့ ရိုးရာဓလေ့အတိုင်းထားကြတဲ့ ဒီဆံပင် ပုံစံလေးကို နှစ်သက်ပါတယ်။ တီဗွီ၊ ရုပ်ရှင်တွေနဲ့ မြို့အတော်များများမှာသမီးတို့အရွယ် တွေ ခေတ်နဲ့အညီဆံပင်ပုံ စံတွေ ထားကြတာကို မြင်ဖူးပေမယ့် အားမကျပါဘူး။ ဒီဆံတောက် ပုံစံလေးနဲ့ပဲ သမီးတို့ရဲ့ရွာဓလေ့၊ မြန်မာ့ ယဉ်ကျေးမှုကိုထိန်းသိမ်း သွားပြီး ဒီဆံတောက် ထုံးဖွဲ့မှုနဲ့ပဲ ဘွဲ့တက်ယူဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ဂုဏ်ယူ ဝင့်ကြွားစွာပြောပြခဲ့ပါတယ်။

ဆံပင်ပုံစံကိုလေ့လာကြည့်ကြ

သားသမီးလေးယောက်မိခင် ဒေါ်နီက “ကျွန်မတို့ ငယ်ငယ်တုန်းကတည်းက ဒီဆံပင် ပုံစံနဲ့ပဲနေလာခဲ့တော့ ကိုယ့်သားသမီးတွေ လည်း ဒီပုံစံနဲ့ပဲထားခဲ့တာပါ။ ၂ နှစ်၊ ၃ နှစ် အရွယ်ဆို ကြက်တောင်စည်းလေးစထားပြီး ၅ နှစ်၊ ၆ နှစ်လောက်မှာ ယောက်ျားလေးတွေကို သျှောင်ဆံထုံးထားပေးပြီး မိန်းကလေးတွေကိုတော့ ဆံရစ်ဝိုင်းလေးပေါ့။ ဒါပေမယ့် ယောက်ျားလေးတွေကတော့ ကိုရင်ဝတ်ပြီး သျှောင်ထုံးဖြုတ်လိုက်ရင် ပြန်မထားကြတော့ တာများတယ်။ မိန်းကလေးတွေကတော့ ၁၃ နှစ်အရွယ်၊ ၁၄ နှစ်လောက်အထိ ဆံတောက်လေးနဲ့ နေကြပေမယ့် ၁၅ နှစ်လောက်ဆို ဦးလုံးသိမ်းကြတော့တာပါပဲ။ ကျွန်မတို့ ငယ်ငယ်ကဆို တော်တော်ကြီးတဲ့အရွယ်အထိ သျှောင်ထုံးထားကြတာ တွေ့ရပေမယ့် ဒီခေတ်မှာတော့ ရှားပါးကုန်ကြပြီ။ အခုလိုကျွန်မတို့ရွာရဲ့ ဒီဆံပင်ပုံစံကိုလာကြည့်ကြ တဲ့ အတွက် ဘုန်းကြီးကျောင်းရော ရွာအတွက် ပါ အကျိုးများပါတယ်”ဟု ဝမ်းသာအားရ ပြောပြရှာပါတယ်။

ကျွန်တော်တို့ သတင်းအဖွဲ့တွေရောက်ရှိ စဉ်မှာပဲ ပြည်တွင်း ပြည်ပခရီးသွားတွေ တဖွဲဖွဲဝင်ရောက်လာပြီး ဆရာတော်ကိုဖူးမြော်ကာ ကလေးတွေကို စိတ်ဝင်တစားကြည့်ရှုပြီး ပါလာတဲ့မုန့်တွေ ဝေငှပေးကမ်းနေကြတယ်။

သူတို့လေးတွေရဲ့ ဆံပင်ပုံစံလေး တွေက ရိုးရိုးယဉ်ယဉ်လေးနဲ့ ကြည့်ရတာအလွန်ကို ကြည်နူးစရာပါ။

မြန်မာပီသစွာ နေထိုင်ကြတဲ့အတွက်လည်း ချီးကျူးပါတယ်လို့ လာရောက်လေ့လာကြည့်ရှု ကြတဲ့ မချောစုကျော်ရဲ့အပြောကို ကြားခဲ့ရတဲ့ အပြင် ဂျာမနီနိုင်ငံမှ လာရောက်ကြည့်ရှုကြတဲ့ စုံတွဲကလည်း “မြန်မာနိုင်ငံမှာ တစုတဝေးတည်း တည်ရှိနေကြတဲ့ ဘုရားတွေကို မြင်တွေ့ရတာ ထူးဆန်းမိသလို အခုဒီရွာမှာ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံအရ ဆင်ယင်ထုံးဖွဲ့မှုကို ကြည့်ပြီး သူ့ရဲ့ခံစားမှုကို ထုတ်ဖော်မပြတတ်အောင် ကြည်နူးရပါတယ်” လို့ ပြောကြားခဲ့တာကိုလည်း ကြားမိခဲ့ရတယ်။

စာကြည့်တိုက်လည်းဖွင့်လှစ်ထား

စက်စက်ယိုကျေးရွာလေးကိုလှည့်ပတ် ကြည့်ရှုတဲ့အခါမှာ အညာဒေသရဲ့ ပုံရိပ်တွေအတိုင်း ထန်းပင်၊ မန်ကျည်းတောတွေနဲ့အတူ ရွာဦးစေတီလေးကိုလည်း သပ္ပာယ်စွာဖူးတွေ့ လိုက်ရတယ်။ မြေသားခင်း ထားတဲ့ ရွာလမ်း လေးဟာ သန့်ရှင်းသပ်ရပ်နေတာကို တွေ့ရတဲ့ အပြင် ရွာဦးကျောင်းရဲ့အရှေ့မှာ ကျေးရွာ စာကြည့်တိုက်လည်း ဖွင့်လှစ်ထားတာကို တွေ့ရတယ်။ ဒါ့အပြင် လျှပ်စစ်မီးလည်းရရှိ နေကြလို့ တစ်ရွာလုံး ဝမ်းသာနေကြလေရဲ့။ ကျွန်တော်တို့ အဖွဲ့ဟာ လှူဒါန်းဖို့ အသင့်ပါ လာတဲ့ စာအုပ်စာစောင် တွေနဲ့ နေ့စဉ်ထုတ် သတင်းစာမျိုးစုံကို ကျေးရွာစာကြည့်တိုက် အတွက် လှူဒါန်းဖြစ်ခဲ့တယ်။

“ကျွန်တော်တို့ ရွာကလေးဟာ အိမ်ခြေ ၁၁၇ လုံးနဲ့ လူဦးရေ ၈၅၆ ဦး စည်းစည်းလုံးလုံးနဲ့ အေးချမ်းစွာနေထိုင်ကြတဲ့ ရွာကလေးပါ။ မှုခင်းဖြစ်စဉ်လည်း အလွန်နည်းပါးတဲ့အပြင် ရွာဓလေ့ အတိုင်း ရှာဖွေတူးဖော်ကြတဲ့ မှိုထွက်ချိန်မှာ မှိုတွင်းကိုအရင်ဆုံးတွေ့တဲ့သူက အမှတ်အသားပြုထားရင် နောက်လူ တွေက ဒီမှိုတွင်း ကို သွားရောက်တူးဖော်ခြင်း မလုပ်ကြတဲ့ ရှေးအစဉ်အလာကို ဒီနေ့အထိ ဆက်လက် ထိန်းသိမ်းနေဆဲပါ”လို့ အသက် ၆၇ နှစ်အရွယ် ရပ်မိရပ်ဖဦးထွန်းခင်က ရွာအတွက် ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။

အကျိုးရှိစွာသုံးစွဲ

ဒါ့အပြင် သျှောင်ပေစူးနဲ့ ဆံရစ်ဝိုင်း ယဉ်ကျေးမှုကို လာရောက်ကြည့်ရှုကြတဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေအနေနဲ့ ကလေးတွေကို ချစ်မြတ်နိုးလို့ မုန့်ပဲသရေစာတွေ ပေးကမ်းလှူဒါန်းတာကို ကျေးဇူးတင် ဝမ်းသာရပေမယ့်တချို့တွေရဲ့ ငွေကြေးပေးကမ်း မှုတွေကြောင့် ကလေးတွေရဲ့ အသိစိတ်တွေ မှားယွင်းသွားမှာကိုတော့ စိုးရိမ်မိပြီး အကယ်၍ ငွေကြေးထောက်ပံ့လှူဒါန်းချင်တယ် ဆိုရင် ကလေး တွေရဲ့ ပညာရေးနဲ့ ရိုးရာဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်မှုအတွက် အမှန်တကယ် အကျိုးရှိစွာသုံးစွဲနိုင်ဖို့ ရွာဦး ကျောင်းဆရာတော်နဲ့ ရွာမှာတည်ထောင် ဖွင့်လှစ်ထားတဲ့ ပညာရေးငွေပဒေသာပင်မှာ စနစ်တကျ လှူဒါန်းပေးကြဖို့ကိုလည်း မေတ္တာ ရပ်ခံစကား ပြောကြားခဲ့ပါတယ်။

စက်စက်ယိုကျေးရွာရဲ့ ရိုးရာဓလေ့ ဆင်ယင်ထုံးဖွဲ့မှုကို ရွာဦးကျောင်းဆရာတော် အဆက်ဆက် ထိန်းသိမ်း လာခဲ့ပြီး နိုင်ငံတကာမှ လာရောက်လေ့လာမှုတွေအနေနဲ့လည်း ယခင်ကတည်းက ရှိခဲ့ပေမယ့် ပြည်တွင်းခရီးသွားတွေကတော့ ၂၀၁၆ ခုနှစ်မှာ ကျော်သူပရဟိတအဖွဲ့က ဒီရွာကလေးမှာ ရုပ်ရှင် လာရောက် ရိုက်ကူးမှုကတစ်ဆင့် သိရှိသွားကြပြီး လာရောက်မှု ပိုမိုများပြားလာတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ခရီးစဉ်ဒေသသစ်တစ်ခုအဖြစ် ခရီးသွားကုမ္ပဏီများက ထည့်သွင်းရေးဆွဲ ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ရဲ့ ပြောပြချက်အရ သိရှိခဲ့ရပါတယ်။

“ကျွန်တော်တို့ဒေသဟာ အညာကျေးလက် ရွာလေးဖြစ်တဲ့အတိုင်း သျှောင်ဆံထုံးယဉ်ကျေး မှုနဲ့အတူ ရွာဓလေ့ ရိုးရာလက်မှုလုပ်ငန်းတွေဖြစ်တဲ့ တစ်ပိုင်တစ်နိုင်ပုန်းရည်ကြီး လုပ်ငန်းတွေနဲ့ ဆီဆုံလုပ်ငန်းတွေ ကိုလည်း သဘာဝကျကျလေ့လာ လို့ရပါတယ်။ ဒီရွာလေးကို ပုဂံဘုရားဖူးခရီးစဉ်ကနေ အများဆုံး လာရောက် ကြတာဖြစ်တဲ့အတွက် ပုဂံ-ညောင်ဦး ကားလမ်း ကနေ ကိုးမိုင်ရှည်လျားတဲ့ ရွာအဝင်မြေသား လမ်းလေးကို အဆင့်မြှင့်တင်ေ ပးမယ်ဆိုရင် ဒီဒေသဟာ ပိုပြီးဖွံ့ဖြိုးသွားမယ့်အပြင် ဒီကနေ တစ်ဆင့် ပုပ္ပားကိုလည်း အလွယ်တကူသွားလို့ ရနိုင်မှာဖြစ်ပါတယ်”ဟု ဒေသရဲ့လိုအပ်ချက် များကို ပြောကြားခဲ့ပါတယ်။

“စက်စက်ယိုရွာကလေးကိုလာဖို့အတွက် မန္တလေးကနေ ညောင်ဦးကားလမ်းကနေ လာရောက်တာ ကလွယ်ကူပြီး ရန်ကုန်မှလာမယ်ဆိုရင် ပုပ္ပားမှတစ်ဆင့် ပြန်ဆင်းပြီး ဗျတ္တပန်းဆက်လမ်းမှ ငါးမိုင် လေးဖာလုံဝေးကွာ ပြီးတော့ ကျောက်ပန်းတောင်း-ညောင်ဦးကား လမ်းမှ လာမယ်ဆိုရင် ကိုးမိုင်နဲ့ ငါ့သရောက် မြို့မှ ဝင်လာမယ်ဆိုရင် ခြောက်မိုင်သာဝေးကွာ တယ်”ဟု ဦးအောင်နိုင်က ဖိတ်ခေါ်ပြောကြား ခဲ့ပါတယ်။

ကျွန်တော်တို့အဖွဲ့ဟာ မြန်မာလူမျိုးတွေရဲ့ ရိုးရာဓလေ့စရိုက် အငွေ့အသက်တွေ ပြည့်လျှံနေတဲ့ စက်စက်ယိုရွာကလေးက ပြန်အထွက်မှာ လက်ပြနှုတ်ဆက်ကျန်ခဲ့ကြတဲ့ ကလေးငယ်လေးတွေ ကို ကြည့်ပြီးအဆိုတော်ကြီး အကော်ဒီယံအုန်းကျော်ရဲ့ “တို့...ငယ်ငယ် တုန်းအရွယ်...သျှောင်ပေစူးလေးတွေနဲ့ ကွယ် ...ပုဆိုးကိုစလွယ်သိုင်း...ရွာဝိုင်း ပတ်လည်...ဆိုတဲ့ သီချင်းသံလေးကို ပြန်လည် ကြားယောင်မိရင်း ဘာရယ်လို့မသိ၊ အမည်မရှိ တဲ့ အလွမ်းတွေ ဖြစ်တည်ခံစားရင်း ... ဪ ... အတိတ်က မြန်မာ့ယဉ်ကျေးမှု ပုံရိပ်တွေ အညာမြေမှာဆက်လက်ရှင်သန်နိုင် ပါစေလို့ မျှော်လင့်ခြင်းဆုတောင်းလေးတွေ ခြွေခဲ့မိပါတယ်...။

မင်းထက်အောင်(မန်းကိုယ်ပွား) ဓာတ်ပုံ - အောင်ဖြိုးကျော်