ပျော်ရွှင်စွာသက်ဝင်လှုပ်ရှားရင်း စာဖတ်ခြင်းအလေ့အထများ ရရှိစေမည့် စစ်ကိုင်းမြို့က ကလေးစာပေပွဲတော်

Mon, 01/14/2019 - 10:45 -- admin

စစ်ကိုင်း ဇန်နဝါရီ ၁၃

ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း၌ ယနေ့စတင်ကျင်းပရာလာရောက် ဆင်နွှဲသူများ၏ အမှတ်တရစကား သံများကို ထုတ်နုတ်တင်ပြလိုက်ပါသည်။

ဒေါ်နီလာထွန်း( မူလတန်းပြ၊ စကျင်ရွာ)

ကလေးတွေအတွက် ဗဟုသုတ၊ အသိပညာတွေ အများကြီးရရှိစေတဲပွဲတော်တစ်ခုပါ။ အခုရောက် ကတည်းက ကလေးတွေ ပြပွဲပြိုင်ပွဲတွေ ဝင်ကြည့်၊ ဝင်ပြိုင်နေကြတယ်။ အကြိုက်ဆုံး အားကစားကတော့ ခါးလှည့်ကွင်း ကစားနည်းနဲ့ ပြိုင်ပွဲအနေနဲ့ ဆေးရောင်ခြယ် ပြိုင်ပွဲတွေကို စိတ်ဝင်တစားရှိကြတယ်။ ကျွန်မနဲ့အတူ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော် လာရောက်ကြပါတယ်။ လူတွေ ကြိတ်ကြိတ်တိုး စည်ကား နေတာ တွေ့ရတာ အားရပျော်ရွှင်စရာ ကောင်းပါတယ်။ ကျွန်မတို့ စာသင်ရတဲ့ရွာက ဒီလိုပွဲတော်အကြောင်း သိပ်မသိကြ ဘူး။ ဒါကြောင့် မကြာခဏ ကျင်းပပေးဖို့ တောင်းဆိုပါတယ်။

မောင်အောင်သီဟကျော်(အဋ္ဌမတန်း၊ အထက-၁၊ စစ်ကိုင်းမြို့)

စစ်ကိုင်းမှာ ဒီပွဲတော်ကျင်းပမယ် ဆိုတာ ကြားကတည်းက စာပေဝါသနာပါတဲ့ ကျွန်တော့် အနေနဲ့ ပျော်နေတာပါ။ စာပေဆိုင်ရာပြခန်းတွေနဲ့ နည်းပညာ ပြခန်းတွေအားလုံးကို လေ့လာပြီးပါပြီ။ နည်းပညာပြခန်းက ဓာတ်လှေကားတည် ဆောက်ပုံနဲ့ ကားတည်ဆောက်ပုံ၊ ကွန်ပျူ တာနဲ့ ပုံဆွဲပြသတာကို စိတ်ဝင်စားပါတယ်။ ကျွန်တော်တို့အတွက် လိုအပ်တာတွေ၊ သိချင်တာတွေအားလုံးကို ဒီလိုပြပွဲတွေ လုပ်ပေးခြင်းဖြင့် ရရှိနိုင်မှာပါ။ စာအုပ်ဆိုင်တွေမှာ ကျွန်တော်နှစ်သက်တဲ့ သုတရသစာအုပ်တွေကို ရွေးပြီး ဝယ်ဖြစ်ပါတယ်။ ဒီစာပေပွဲတော်က သူငယ်ချင်းတွေ ဆုံစည်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စာပေဖတ်ရှု လိုစိတ်တွေ ဖြစ်ပေါ် စေနိုင်တဲ့ အတွက်လာရောက် လေ့လာစေ ချင်ပါတယ်။

ဒေါ်သက်သက်စိုး (ပြခန်းတာဝန်ခံ၊ နယ်စပ်ရေးရာဝန်ကြီးဌာန)

ကျွန်မတို့ပြခန်းမှာ တိုင်းရင်းသား လူမျိုးတွေရဲ့ နေထိုင်မှုပုံစံတွေ၊ နေအိမ်တွေ၊ တက္ကသိုလ်မှာ တက်ရောက်နေတဲ့ တိုင်းရင်းသားလူမျိုးတွေကို သင်ကြား ပြသတဲ့စာပေ ၊ ပန်းချီ၊ အိမ်တွင်း စက်မှု လက်မှု ရိုးရာဓလေ့တွေကို ဒီပြပွဲမှာ ပြသပေးထားပါတယ်။ ဒီပွဲတော်မှာ ပါဝင်ပြတဲ့ ရည်ရွယ်ချက်က နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသား ကလေးတွေကို လက်မှုပညာ၊ စက်မှုပညာနဲ့ အခြားအသိပညာ တွေ သင်ကြားပေးနေတယ် ဆိုတာသိစေ ချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။

ဒီတက္ကသိုလ်ရှိထားတဲ့အတွက် တိုင်းရင်းသားလူမျိုးတွေ တစ်နေရာတည်းမှာ စုစည်းပြီး အသိပညာရပ်တွေကို သင်ယူနိုင်တယ်ဆိုတဲ့ အကြောင်းကို သိစေချင်လို့ပါ။ အခု ကျွန်မတို့ ပြခန်းကို မူလတန်းနှင့် အလယ်တန်းအဆင့်တွေ ပိုပြီးစိတ်ဝင်စားကြတာကို တွေ့ရတယ်။ တိုင်းရင်းသားလူမျိုး အလိုက် ဒီမှာလာပြီး ပြသတဲ့အတွက် လာရောက်တဲ့ ကလေးတွေက သူတို့နဲ့တွဲပြီး စိတ်ဝင်တစား ဓာတ်ပုံရိုက်ကြတယ်။ ဒီလိုပွဲတော်လုပ်ပေး ခြင်းအားဖြင့် အမြင်ကျယ်ပြီး အသိပညာ တိုးပွားလာစေတဲ့ အကျိုးတွေရရှိနိုင် စေပါတယ်။ ဒါကြောင့် ဒီလိုပွဲတော်တွေ စဉ်ဆက်မပြတ် လုပ်ပေးသင့်ပါတယ်။

ကိုညီသုတ (သုခဘုံစာပေ- ရန်ကုန်)

ကျွန်တော်က စာဖတ်ရှိန်မြှင့်တင်ရေး အသင်းက အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ အတွက် မြို့တိုင်းမှာလိုက်ပြီး စာဖတ်ရှိန် မြင့်မားဖို့ ဆောင်ရွက်ပေးနေပါတယ်။ ကလေးစာပေပွဲတော်မှာ ကလေးသင် ထောက်ကူပစ္စည်းတွေ ပိုပြီးရောင်းချရပါတယ်။ လူကြီးလူငယ် အရွယ်စုံဖတ်လို့ ရအောင် သုတရသ စာအုပ်အစုံအလင် ရောင်းချပေးနေပါတယ်။ ကလေးစာပေ ပွဲတော်ကျင်းပတဲ့ မြို့တိုင်းကို ကျွန်တော် က လိုက်လံရောင်းချပါတယ်။ ဒီလိုပွဲတော် လုပ်ပေးခြင်းအားဖြင့် ကလေးတိုင်းလည်း စာဖတ်ပြီး မြို့တိုင်းမှာလည်း စာဖတ်အား ကောင်းလာတဲ့အတွက် ကျွန်တော်တို့ စာအုပ်ဆိုင်တွေလည်း ရောင်းအား ကောင်းလာ ပါတယ်။

ဒေါ်သဲသဲဝါ (ကျောင်းသားမိခင်၊ တောင်ဘော်ဂါရပ်၊ စစ်ကိုင်းမြို့)

ကျွန်မတို့ စစ်ကိုင်းမြို့မှာကျင်းပတဲ့ ကလေးစာပေပွဲတော်ကို ကျွန်မကလေးတွေ ပါဝင်ဆင်နွှဲနိုင်ဖို့ လာရောက်တာပါ။ ပြသထားတဲ့ ပြခန်းတွေနဲ့ အားကစားပွဲ တွေမှာ ကလေးတွေ စိတ်ဝင်တစားနဲ့ ဝင်ရောက်ယှဉ်ပြိုင် ဆော့ကစားနေကြတာ တွေ့ရတဲ့အတွက် မိခင်တစ်ယောက် အနေနဲ့တော့ ဝမ်းသာကြည် နူးမိပါတယ်။ ကျောင်းပေါင်းစုံက ကျောင်းသား ၊ကျောင်းသူတွေ အများကြီး ပါဝင်ဆင်နွှဲ ရတဲ့အတွက် ကိုယ့်အတန်း၊ ကိုယ့်ကျောင်း ဆိုတာထက် ပိုပြီးတော့ အမြင်ကျယ်လာ ပါတယ်။ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်း အားဖြင့်လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိလာမယ်လို့ ထင်ပါတယ်။ ပွဲတော်ကို မရောက်သေးတဲ့ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးကို သူများတွေလို ပျော်ရွှင်နိုင်ဖို့ ဒီပွဲတော်ကြီး လာရောက်ဆင်နွှဲကြဖို့ ဖိတ်ခေါ်တိုက်တွန်းချင်ပါတယ်။

မင်းထက်အောင်(မန်းကိုယ်ပွား)၊ အေးမြ(မန္တလေး)
ဓာတ်ပုံ - အောင်ဖြိုးကျော်