ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၅၁)နှစ်မြောက် အာဆီယံနေ့တွင် ပေးပို့သည့် သဝဏ်လွှာ (၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်)

Wed, 08/08/2018 - 22:41 -- admin

လေးစားအပ်ပါသောပြည်သူအပေါင်းတို့ခင်ဗျား-

ဒီကနေ့ဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အသင်းကြီး ထူထောင်တာ ၅၁ နှစ်ပြည့်မြောက်တဲ့ အခါသမယဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသရှိ နိုင်ငံပေါင်း ၁၀ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံအသင်းကြီးဟာ ဒေသတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူသန်းပေါင်း ၆၀၀ ကျော်အတွက် ပိုမိုကောင်းမွန်တဲ့ မျှော်လင့်ချက်၊ရည်မှန်းချက်နှင့် ယုံကြည်မှုတွေကို ဖော်ဆောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ ခရီးဆက်လျက်ရှိပါတယ်။ ယနေ့ကျရောက်တဲ့အထိမ်းအမှတ်အခါသမယမှာ မြန်မာနိုင်ငံအတွင်းနဲ့ အာဆီယံဒေသတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက် ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများဟာ ယဉ်ကျေးမှုနဲ့ သမိုင်းအစဉ်အလာများအရ ရှေးနှစ်ပေါင်းများစွာကတည်းက ဆက်စပ်ဆက်နွယ်မှုများ ရှိခဲ့ကြပါတယ်။ ဒီဆက်စပ်ဆက်နွယ်မှုများဟာ မတူကွဲပြားခြားနားတဲ့ကြားက လက်ရှိစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာမှာ မိမိတို့ကို ပိုမိုစည်းလုံးစေပြီး ကွဲပြားခြားနားမှုများကို လျော့နည်းစေကာ အာဆီယံကို ပိုမိုစည်းလုံးညီညွတ်စေခဲ့ပါတယ်။

၁၉၆၇ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့ အာဆီယံအဖွဲ့အစည်း စတင်ထူထောင်ခဲ့တဲ့ အချိန်ကာလဟာ ဒေသတွင်း မတူကွဲပြားမှုနဲ့ စိန်ခေါ်မှုများစွာကိုရင်ဆိုင်နေရတဲ့ အချိန်ဖြစ်တဲ့အတွက် အသင်းကြီးရဲ့ ရေရှည်တည်ရှိမှုအပေါ် သံသယတွေရှိခဲ့ပါတယ်။ ဒါပေမယ့် တူညီတဲ့ရည်မှန်းချက်နဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တို့က အာဆီယံကို ပိုမိုစည်းလုံးညီညွတ်ပြီး ပိုမိုခိုင်မာတောင့်တင်းစေခဲ့ပါတယ်။

၁၉၆၇ ခုနှစ်ကစပြီး စတင်အကောင်အထည်ဖော်လာခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများဟာ တူညီဆန္ဒကို အခြေခံတဲ့ ချဉ်းကပ်မှုနည်းလမ်းများရဲ့ အခြေခံအုတ်မြစ်ဖြစ်ခဲ့ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို အထောက်အကူဖြစ်စေခဲ့ပါတယ်။
ယနေ့ကျရောက်တဲ့ (၅၁)နှစ်မြောက် အထိမ်းအမှတ်နေ့ကို ကျင်းပနေချိန်မှာ မိမိတို့အနေနဲ့ အလားအလာရှိတဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းအဖြစ် ရပ်တည်စေတဲ့ ဗန်ကောက်ကြေညာစာတမ်းကို လက်မှတ်ရေးထိုးပြီး အာဆီယံအသင်းကြီးကို စတင်တည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ အမြော်အမြင်ကို မေ့လျော့မထားဖို့ တိုက်တွန်းလိုပါတယ်။ မိမိတို့အနေနဲ့ အာဆီယံကို စတင်ထူထောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ဉာဏ်အမြော်အမြင်၊ မျှော်မှန်းချက်နဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ချီးကျူးဂုဏ်ပြုပြီး အာဆီယံရဲ့ ရှေ့အနာဂတ်ခရီးလမ်းမှာ အခြေခံအုတ်မြစ်များအဖြစ် လက်ဆင့်ကမ်း အသုံးပြုသွားကြရမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသောပြည်သူအပေါင်းတို့ခင်ဗျား-

အာဆီယံအနေနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုတိုးမြှင့်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲပြီး အခိုင်အမာ ပေါင်းစည်းတဲ့ စီးပွားရေးကို တည်ဆောက်ရေးနဲ့အာဆီယံပြည်သူများရဲ့ လူနေမှုဘ၀ တိုးတက်မြင့်မားစေရေး တို့အတွက် တူညီတဲ့ မျှော်မှန်းချက်နဲ့ ခိုင်မာတဲ့ကတိကဝတ် ရှိပါတယ်။

(၅၁)နှစ်တာဖြတ်သန်းခဲ့ကြပြီးတဲ့နောက် ယနေ့အချိန်မှာ အာဆီယံအသင်းကြီးဟာ လျော့ရဲတဲ့ အဖွဲ့အစည်းတစ်ခု အဖြစ်ကနေ ကိုယ်ပိုင်ပဋိညာဉ်၊ ဥပဒေကြောင်းအရ တည်ရှိမှုနဲ့ ဥပဒေကိုအခြေခံတဲ့ အဖွဲ့အစည်းကြီးအဖြစ် ပြောင်းလဲရပ်တည်လျက် ရှိပါတယ်။ အာဆီယံအနေနဲ့ နိုင်ငံရေးအရညီညွတ်ပြီး စီးပွားရေးအရ ပေါင်းစည်းကာ လူမှုရေးအရ တာဝန်ယူမှုရှိတဲ့ ပြည်သူကိုဦးတည်၊ ပြည်သူကိုဗဟိုပြုပြီး ဥပဒေကိုအခြေခံတဲ့ အာဆီယံအသိုက်အဝန်းအဖြစ် ရှေ့ဆက်လျှောက်လှမ်းလျက် ရှိပါတယ်။

အာဆီယံဟာ ယခုအချိန်မှာ စီးပွားရေးအရ မှန်မှန်တိုးတက်လျက်ရှိပြီး ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး ဈေးကွက်တစ်ခုဖြစ်လာခဲ့ပါတယ်။ ယခုအခါ အာဆီယံဟာ ကမ္ဘာမှာ ဆဋ္ဌမမြောက်အကြီးဆုံး စီးပွားရေးအသိုက် အဝန်းကြီးတစ်ခုအဖြစ် ရပ်တည်ပြီး ၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာ့စတုတ္ထမြောက် အကြီးဆုံး တစ်ခုတည်းသော ဈေးကွက်အဖြစ် ဖော်ဆောင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒါ့အပြင် အာဆီယံဒေသဟာ ကမ္ဘာပေါ်မှာ တတိယမြောက် လုပ်သားအင်အား အများဆုံးဖြစ်ပြီး ကြီးမားတဲ့ လုပ်သားဈေးကွက် ရှိနေခြင်းဟာလည်း ဒေသအတွက် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာဖို့ အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။

အာဆီယံအဖွဲ့အစည်းဟာ တန်းတူညီမျှရှိခြင်း၊ အပြန်အလှန်လေးစား ခြင်း၊ တူညီတဲ့ ကတိကဝတ်နဲ့ စုပေါင်းတာဝန်ယူခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းနဲ့ တူညီဆန္ဒ၊ ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းခြင်း စတဲ့ အာဆီယံလမ်းစဉ်အပေါ် အခြေခံပြီး အာဆီယံအသိုက်အဝန်းကို အကောင်အထည်ဖော်လျက်ရှိပါတယ်။ အလားတူပဲ အာဆီယံအဖွဲ့အစည်းဟာ အာဆီယံပြည်သူများရဲ့ လူနေမှုအဆင့်အတန်း တိုးတက်မြှင့်တင်ဖို့အတွက် ၂၀၁၅ ခုနှစ်မှာ အာဆီယံခေါင်းဆောင်များသဘောတူချမှတ်ခဲ့တဲ့ “၂၀၂၅ ခုနှစ် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်” နဲ့ ကုလသမဂ္ဂအဖွဲ့က ချမှတ်ခဲ့တဲ့ “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (၂၀၃၀)”တို့ရဲ့ အပြန်အလှန် သဟဇာတဖြစ်မှုရဲ့ အရေးပါမှုကိုလည်း အလေးထား ဆောင်ရွက်လျက် ရှိပါတယ်။

အာဆီယံအသိုက်အဝန်းအနေနဲ့ ကြိုးပမ်းအားထုတ်မှုများကြောင့် သိသာထင်ရှားတဲ့ အောင်မြင်မှုများစွာ ရရှိခဲ့ပေမယ့်လည်း အာဆီယံဟာ ယနေ့အချိန်အခါမှာ သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ နိုင်ငံဖြတ်ကျော်မှုခင်း၊ အကြမ်းဖက်တိုက်ခိုက်မှု၊ ဆိုက်ဘာလုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု၊ အစားအစာနဲ့ စွမ်းအင်ဖူလုံရေးစတဲ့ အားလုံးနဲ့သက်ဆိုင်တဲ့ စိန်ခေါ်မှုတွေဖြစ်ပြီး ၎င်းတို့ကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ အာဆီယံအသင်းကြီးဟာ အခြေခံအုတ်မြစ်ဖြစ်တဲ့ စုပေါင်းအင်အားကို ထုတ်ဖော်ပြသနိုင်တဲ့အပြင် စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံနိုင်မှုရှိလာပြီး ပိုမိုစည်းလုံးညီညွတ်လာခဲ့ပါတယ်။ ဒါကြောင့်၂၀၁၈ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက အနာဂတ်စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြေရှင်းနိုင်ပြီး မိမိတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကို ပိုမိုခိုင်မြဲစေဖို့ရည်ရွယ်ပြီး “ကြံ့ခိုင်၍ ထီထွင်ဆန်းသစ်မှုရှိသည့် အာဆီယံ”ဆိုတဲ့ ဦးတည်ချက်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ လျော်ကန်သင့်မြတ်မှုရှိပြီး အချိန်ကိုက်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

လေးစားအပ်ပါသောပြည်သူအပေါင်းတို့ခင်ဗျား-

အားလုံးပါဝင်ပြီး စည်းလုံးညီညွတ်ကာ ထီထွင်ဆန်းသစ်မှုရှိတဲ့ အာဆီယံအသိုက်အဝန်းကို အကောင်အထည်ဖော်တဲ့နေရာမှာ အာဆီယံဟာ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ သဘာဝအရင်းအမြစ် ရေရှည်တည်တံ့ခိုင်မြဲရေး ဆိုင်ရာတို့မှာ ပူးပေါင်းဆောင်ရွက်မှုများ မှတစ်ဆင့် ပြည်သူများရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် တူညီတဲ့ သွင်ပြင်လက္ခဏာကို ဖော်ဆောင်ဖို့ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုနဲ့ပြည်သူများအကြား ထိတွေ့ဆက်ဆံမှုကို အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံဟာ တာဝန်သိတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ အာဆီယံအသိုက်အဝန်း လမ်းပြမြေပုံ အကောင်အထည်ဖော်ခြင်း၊ ဒေသတွင်း ပေါင်းစည်းညီညွတ်ခြင်းနဲ့ အာဆီယံအသိုက်အဝန်း တည်ထောင်ခြင်းတို့မှာ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ဒါကြောင့် ယနေ့အချိန်အခါသမယမှာ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ သာယာ၀ပြောမှုကို အထောက်အကူဖြစ်စေမယ့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အာဆီယံအသိုက်အဝန်း ထူထောင်မှု လုပ်ငန်းစဉ်တို့မှာ ဆတက်ထမ်းပိုး ကြိုးပမ်းအားထုတ်ပြီး တက်ကြွစွာ ပူးပေါင်းပါဝင်ဖို့ ပြည်သူတစ်ရပ်လုံးကို အားပေးတိုက်တွန်းလိုက်ရပါတယ်။ ။
 

Featured News: 
0

MRTV feeds