ဒုတိယသမ္မတဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၁၈) ကြိမ်မြောက်ပုံမှန် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြား

Fri, 07/06/2018 - 19:51 -- admin

ရန်ကုန် ဇူလိုင် ၆

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ (၁၈) ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အစည်း အဝေးခန်းမ၌ ကျင်းပရာပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ လုပ်ငန်း ကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ လက်လီ ရောင်းချသူများအသင်း၊ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ လက်မှုအနုပညာအသင်းတို့မှ တာဝန်ရှိသူများတက် ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးမူဘောင်ပါ ကိစ္စရပ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်စေရန်အတွှက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့်အတွက် သက်တမ်း တစ်နှစ်ခွဲ ကျော်ရှိပြီ ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်သာမက ပြည်သူများ၏ လူမှုစီးပွားတိုးတက်ရေး အတွက်ပါ အဓိကကျသည့် အတွက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် အတွက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ အစည်းအဝေးကို (၂)လ တစ်ကြိမ် ကျင်းပပြုလုပ် လျက်ရှိရာ (၇) ကြိမ်မြောက် အထိကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း။

နယ်စပ်မှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် ပြည်တွင်း အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ရပ်တည်ရန်ခက်ခဲခြင်း၊ တရားမဝင်ကုန်ပစ္စည်းများသည် နိုင်ငံတော်သို့ အခွန်ပေးဆောင်ခြင်း မရှိသည့်အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နည်းပညာနှင့် ဈေးကွက်ယှဉ်ပြိုင်မှု အခက်အခဲဖြစ်ပေါ် နေခြင်းတို့ကြောင့် တရားမဝင် ကုန်သွယ်မှုများကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရေပူနှင့် မရမ်းချောင်ကုန်ပစ္စည်း စစ်ဆေးရေးစခန်းများ တွင်သာမက နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် အထူးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း။

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြု နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အစု အဖွဲ့အလိုက်၊ လုပ်ငန်းကဏ္ဍများ အလိုက် အခက်အခဲများကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ဖြေရှင်းပေးလျက်ရှိရာပြီးခဲ့သည့် မေလအထိ တွေ့ဆုံဆွေးနွေးမှုအကြိမ်ပေါင်း (၁၇)ကြိမ် ဆောင်ရွက်ခဲ့ပြီး အကြံပြု တင်ပြချက် စုစုပေါင်း (၂၅၀)ချက် ရှိခဲ့ပါကြောင်း၊ အဆိုပါအချက်များအားလုံးကို သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များ ထံသို့ အကြောင်းပြန်ကြားပေးပြီး ဖြစ်ပါကြောင်း။

အချို့ကိစ္စရပ်များသည် မပြီးပြတ်သေးဘဲ ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများ ဖြစ်နေသည့်အတွက် လုပ်ငန်းကော်မတီ (၅)ရပ်အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံပြီး ဆွေးနွေးပွဲ (Public - Private Dialogue) များကို ပြုလုပ် ၍ ပြီးပြတ်သည်အထိ ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

ပြည်ပကုန်သွယ်မှု အခြေအနေကိုကြည့်လျှင် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၃၃ဒသမ၅၂) ဘီလီယံ အထိ ဆောင်ရွက်နိုင်ခဲ့ပြီး ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အမေရိကန် ဒေါ်လာ(၂၇ဒသမ၂၄) ဘီလီယံ ရှိပြီး ရာခိုင်နှုန်း အားဖြင့် (၈၁ရာခိုင်နှုန်း)အထိ ဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၈ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့အထိ ကိန်းဂဏန်း များအရ ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ (၇ဒသမ၉၈၃)ဘီလီယံအထိ ရရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် အမေရိကန်ဒေါ်လာ (၉၇၇)သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှု အနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ အမေရိကန် ဒေါ်လာ (၆ဒသမ၉၂၄) ဘီလီယံပါဝင်သည့်အတွက် ရာခိုင်နှုန်းအားဖြင့်(၈၇ ရာခိုင်နှုန်း)အထိ ပိုမိုတိုးတက် ဆောင်ရွက်နိုင် သည်ကို တွေ့ရှိရပါ ကြောင်း။

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူမှုရှိမရှိကို ကမ္ဘာ့ဘဏ်က နှစ်စဉ် ထုတ်ပြန်သည့် Ease of Doing Business အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ အဆင့်တိုးတက် လာအောင် ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော Ease of Doing Business Ranking တိုးတက်ရေး လုပ်ငန်း အဖွဲ့အနေဖြင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရှိရသဖြင့် ယခင်ကထက် အမှတ်ကောင်းလာနိုင်မည်ဟု ယုံကြည် ပါကြောင်း၊ မေးမြန်းသည်များကို ဌာနဆိုင်ရာအပိုင်းနှင့် ပုဂ္ဂလိကအပိုင်းတို့အနေဖြင့် စိတ်ရှည် စွာဖြင့် စနစ်တကျဖြေကြားကြရန် လိုအပ်ပါကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့် မိမိတို့အသင်းအဖွဲ့များ၏ တွေ့ကြုံနေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန်လိုပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် အကောင် အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီး အတွင်း စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်မွေး ပညာသင်တန်းကျောင်းများ ဖွင့်လှစ် ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍ အလိုက်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ မကွေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိန်အေးမောင် နှင့် မြန်မာနိုင်ငံ လက်မှုအနုပညာအသင်းဥက္ကဋ္ဌ ဦးသာဓုတို့က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ အလိုက် ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးက B4B Insights Forum မှ အကြံပြုချက်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က အခွန်၊ အကောက်ခွန်နှင့် စံချိန် စံညွှန်းပိုင်းဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်မိုးခိုင်က ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်းမှုအခြေအနေနှင့် စပ်လျဉ်း၍ လည်းကောင်း အကြံပြုတင်ပြကြသည်။

အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိ နှိုင်းဖြေရှင်းပေးသည်။

ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)

 

Featured News: 
1