နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Tue, 07/03/2018 - 17:00 -- admin

နေပြည်တော် ဇူလိုင် ၃

၂၀၁၈ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ရဲ့ တစ်ကမ္ဘာလုံးမှာ အမျိုးသမီး နေ့တွေ ကျင်းပတယ်ဆိုတာ အများသိပြီးသား ဖြစ်ပါတယ်။ ဒီလိုအမျိုးသမီးနေ့ အခမ်းအနား တစ်ခု ရောက်တယ်ဆိုရင် ဘာကြောင့် အမျိုးသမီးနေ့တွေ ကျင်းပသလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်းမှာဆိုရင် အမျိုးသမီးတွေရှိတယ်၊ အမျိုးသားတွေရှိတယ်။ ကလေးတွေရှိတယ်။ သို့သော်ငြားလည်း ကလေးသူငယ်များနေ့၊ အမျိုးသမီးများနေ့ဆိုတာကို တစ်ကမ္ဘာလုံးက နိုင်ငံအရပ်ရပ်မှာကျင်းပကြပါတယ်။ အမျိုးသား များနေ့ရယ်လို့ သပ်သပ်ကျင်းပတာမရှိပါဘူး။ အမျိုးသားနေ့ဆိုတာ ကတော့ အားလုံး၊ တစ်နိုင်ငံလုံးရဲ့ အမျိုးသားအောင်ပွဲနေ့ စသဖြင့် ဒါမျိုးသာရှိတာပါ။ အဲဒီတော့ ကျွန်မတို့ စဉ်းစားဖို့ လိုပါတယ်။ ဘာဖြစ်လို့ ကမ္ဘာတစ်လွှားမှာ အမျိုးသမီးနေ့၊ ကလေးသူငယ်များ နေ့ဆိုပြီးတော့ ဒီလို သတ်သတ်မှတ်မှတ် ကျင်းပရသလဲဆိုတော့ အဖြေကတော့ ရိုးရိုးလေးလို့ ထင်ပါတယ်။ ကျွန်မတို့ သမိုင်းအစဉ်အလာအရ၊ လူ့အသိုင်းအဝိုင်းရဲ့ သဘောသဘာ၀ ဖြစ်စဉ်တွေအရ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေဟာ အားနည်းတဲ့အုပ်စုတွေအဖြစ် အရင်တုန်းက သတ်မှတ်ခဲ့ကြပါတယ်။ အမျိုးသားတွေဟာ အရင်တုန်းကတည်းက၊ ရှေးကမ္ဘာဦး ခေတ်ကတည်းက အင်အားကြီးပြီးတော့ အထက်စီးကနေ နေတဲ့ အသိုင်းအဝိုင်းလို့ ပြောရင် မမှားပါဘူး။

“ဒီလိုဖြစ်ရတဲ့အကြောင်းကလည်း အရင်တုန်းကဆိုရင် ကျွန်မတို့ရဲ့ လူသားများဟာ၊ လူရိုင်းခေတ်ကနေပြီးတော့ စပြီးပြောမယ်ဆိုရင် ကာယဗလဟာ အဓိကဖြစ်ခဲ့လို့ပါပဲ။ ဘာကြောင့်အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ကာယဗလ ပိုပြီးတော့ ကြီးမားသလဲဆိုတာကတော့ သိပ္ပံပညာရှင်တွေက ရှင်းပြထားတာရှိတော့ ကျွန်မအနေနဲ့ မရှင်းပြတော့ပါဘူး။ ဒါပေမယ့် အခုခေတ်က ကာယဗလခေတ် မဟုတ်တော့ပါဘူး။ အခုခေတ်က နည်းပညာခေတ်ပါ။ နည်းပညာခေတ်ဆိုတာ ခလုတ်ကလေး နှိပ်တတ်ရင်ရတယ်။ အမျိုးသားတွေနည်းတူ အမျိုးသမီးတွေဟာလည်း ခလုတ်နှိပ်တတ်ပါတယ်။ အခုအချိန်မှာ ကျွန်မတို့ နိုင်ငံရဲ့ ပညာရေးအခြေအနေကို ကြည့်လိုက်ရင် အမျိုးသမီးတွေဟာ ပညာအရ၊ ကာယဗလအရ မဟုတ်ပေမယ့်လည်း ဉာဏဗလအရ အမျိုးသားတွေနဲ့ ယှဉ်ပြိုင်ရုံတင်မကဘူး ရှေ့ကတောင်မှ ပြေးနေပြီဆိုတာကို ကျွန်မတို့တွေ့ရမှာ ဖြစ်ပါတယ်။

“ဒါ ကျွန်မတို့ နိုင်ငံမှာတင် မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ မြင်ရမှာပါ။ ကမ္ဘာတစ်ဝှမ်းမှာ ပညာရေးကဏ္ဍမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူတင်မကဘူး အခွင့်အရေးရရင်၊ အခွင့်အရေးပေးတဲ့ နိုင်ငံတွေမှာဆိုရင် ရှေ့ကတောင်မှ ပြေးပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း အခု ဒီတက္ကသိုလ်ဝင်စာမေးပွဲ အောင်နှုန်းကိုကြည့်လိုက်ရင် တက္ကသိုလ် မှာရောက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားများရဲ့ ရာခိုင်နှုန်း အနေအထားကိုကြည့်လိုက်ရင် အမျိုးသမီးများဟာ ပညာရေးဘက်မှာ အမျိုးသားတွေထက် ရှေ့ကပြေးလာပြီဆိုတာကို ကျွန်မ တို့ မြင်ရမှာဖြစ်ပါတယ်။ ဒီဟာနဲ့တင် လုံလောက်သလားဆိုတာ ကျွန်မတို့ စဉ်းစားဖို့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုခေတ်မှာ ကာယဗလကို အားမကိုး ဘူးဆိုပေမယ့်လည်း ဓနဗလကို အင်မတန်မှ အားကိုးလာတာကို ကျွန်မတို့ တွေ့ရပါတယ်။ ကာယဗလ အားကိုးတဲ့ ခေတ်လို့ မပြောနိုင်ပေမယ့်လည်း ဓနဗလ လွှမ်းမိုးတဲ့ ခေတ်ကြီးဖြစ်လာပြီ။ ဓနဗလလွှမ်းမိုးတဲ့ ခေတ်ကြီးမှာ အဓိကအရေးကြီးတာကတော့ စိတ်ဓာတ်အင်အားပဲလို့ ကျွန်မဒီလိုပဲ ယူဆပါ တယ်။

“ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မှာရှိတဲ့ ဓနအင်အားတွေကို အလွဲသုံးစားမလုပ်ဖို့ဆိုတာ စိတ်ဓာတ်ရေးရာအပေါ်မှာ အများကြီးမူတည်ပါတယ်။ ကျွန်မတို့ အမျိုးသမီးများဟာ တကယ်ပဲ နိုင်ငံ့အတွက်တင်မကဘူး ကမ္ဘာ့လူ့အသိုင်းအဝိုင်း အတွက် အင်အားတစ်ခုဖြစ်စေချင်တယ်။ တန်ဖိုးရှိတဲ့ အင်အားစုတစ်ခု ဖြစ်စေချင်တယ်ဆိုရင် စိတ်ဓာတ်အင်အားကို အဓိကထားပြီးတော့ မွေးမြူဖို့၊ စိတ်ဓာတ်အင်အားကို ပြုစုပျိုးထောင်ဖို့ အင်မတန်မှအရေး ကြီးပါတယ်။ အခုသုတေသန လုပ်ချက်အရ လူသားများဟာ အမုန်းစိတ်ကို ဆွလိုက်ရင် အင်မတန် ပါတတ် တယ်။ အမုန်းစိတ်ဆွတဲ့ဘက်ကို ပါတတ်တယ်။ မေတ္တာဘက် စိတ်ဆွတဲ့ ဘက်ကိုပါဖို့ဟာ ပိုပြီးခက်တယ်ဆိုတာကို သုတေသနအရ တွေ့ရှိတာရှိပါတယ်။ ဒီလိုသုတေသနပြုစုတဲ့ နိုင်ငံတွေက ကိုယ့်လူမှုအသိုင်းအဝိုင်းကိုဘဲ ကြည့်ပြီးတော့ လုပ်တာလား၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားအားလုံးကိုပဲ သေသေချာချာလေ့လာ ဆန်းစစ်ပြီးတော့ လုပ်တာလားဆိုတာကိုလည်း ကျွန်မတို့ မေးခွန်းထုတ်လို့ ရပါတယ်။ သို့သော်ငြားလည်း သုတေသနပြုတဲ့ လူတွေရဲ့ အပြောအရ ဒါလူသားတွေရဲ့၊ ပုထုဇဉ်တွေရဲ့ စိတ်ဓာတ်အရ ပြောရမယ်ဆိုရင်တော့ လောဘ၊ ဒေါသ၊ မောဟတွေက ပိုပြီးတော့ ဆွလို့လွယ်တယ် ဆိုတာပါ။ ကျွန်မတို့ မြန်မာနိုင်ငံ အတွက် ကတော့ ဒီလောဘ၊ ဒေါသ၊ မောဟဆိုတာက ပုထုဇဉ်လူသားတွေရဲ့ အဓိက အားနည်းချက်တွေ ဖြစ်တယ်ဆိုတာ ထူးထူးထွေထွေ ပြောနေဖို့ မလိုပါဘူး။ ဒါပေမယ့် ဒီလိုပဲပြောနေပေမယ့် ဒီဟာတွေကို ပြုပြင်ပြောင်းလဲဖို့ ကျွန်မတို့ လုပ်ရဲ့လားဆိုတာကို စဉ်းစားဖို့က အရေးကြီးပါ တယ်။

“အခုခေတ်ကြီးမှာ ကျွန်မတို့ ခဏခဏ အစိုးရအသိုင်းအဝိုင်းအတွင်းမှာ ဆွေးနွေးပြီးတော့ နိုင်ငံ့အတွက် ရေရှည်စဉ်းစား ရတဲ့အခါမှာ အခု ဒီအိုင်တီခေတ်ကြီးမှာ၊ နည်းပညာခေတ်ကြီးမှာ ကလေးတိုင်း၊ ကလေးတိုင်းဆိုတာက ငယ်ငယ်လေးတွေ မဟုတ်ပေမယ့် ကျောင်းနေတဲ့ အချိန်လောက်ကနေစပြီးတော့ ကလေးတိုင်း ကလေးတိုင်းဟာ လက်ကိုင်ဖုန်း လေးတွေနဲ့၊ သူတို့ဆဲလ်ဖုန်းလေးတွေနဲ့ အဲဒီကနေပြီးတော့ ကြည့်ချင်တာ ကြည့်ပြီးတော့၊ သင်ချင်တာသင်ယူ နိုင်တဲ့ခေတ်ကြီးမှာ ဘယ်လိုလုပ် ကျွန်မတို့ရဲ့လူငယ်တွေကို မှန်ကန်တဲ့စိတ်ဓာတ်ရှိအောင် သင်ပေးနိုင်မလဲ၊ ဘယ်လိုလုပ် မိဘတွေ၊ ဆရာတွေက ဒီလူငယ်တွေကို မှန်ကန်တဲ့ လမ်းကြောင်း ပေါ်မှာ သွားဖို့ဟာကို ပြုစုပျိုးထောင်ပေးနိုင်မလဲဆိုတာကို အင်မတန်မှ စဉ်းစားရပါတယ်။ အခုခေတ်ကြီးမှာဆိုရင် လူငယ်တွေက ပြန်တောင်မှ မေးဦးမှာ။ ဒီလမ်းကြောင်းက မှန်တယ်ဆိုတာ မိဘများက ဆုံးဖြတ်ပိုင်ခွင့်ရှိလို့လား၊ ဘယ်လမ်းကြောင်းက မှန်တယ်ဆိုတာ ဆရာ၊ ဆရာမတွေက ဆုံးဖြတ်ပိုင်ခွင့်ရှိလို့ လားဆိုပြီးတော့ မေးတဲ့ခေတ်ကြီးဖြစ်လာပါပြီ။ ဘယ်ဖြစ်လို့လဲဆိုတော့ မိဘတွေ၊ ဆရာတွေ မသင်တဲ့ ကိစ္စတွေကို ကိုယ့်ဘာသာကိုယ် သင်ယူနိုင်တဲ့ ခေတ်ဖြစ်နေပါပြီ။

“အဲဒါကြောင့် ကျွန်မတို့ အမျိုးသမီးများဟာ အရင်တုန်းက အဆိုအတိုင်း။ ပုခက်လွှဲတဲ့ လက်က ကမ္ဘာကို လွှမ်းမိုးတယ်၊ ကမ္ဘာကို စိုးမိုးတယ်ဆိုတာ တကယ်တော့ လွှမ်မိုးဖို့၊ စိုးမိုးဖို့ မဟုတ်ပါဘူး။ မတည်ပေးဖို့ပါ။ အဲဒီလွှမ်းမိုးချင်တဲ့၊ စိုးမိုးချင်တဲ့ စိတ်က အဓိက မဟုတ်ပါဘူး။ အဲဒီစိတ်ကိုက ကျွန်မတို့ရဲ့ လူအသိုင်းအဝိုင်း၊ ကျွန်မတို့ရဲ့ ကမ္ဘာကြီးကို ပြဿနာ ဖြစ်စေတာပါ။ ဘာဖြစ်လို့ လွှမ်းမိုးချင်ရမှာလဲ၊ ဘာဖြစ်လို့ စိုးမိုးချင်ရမှာလဲ၊ ဖေးမပေးဖို့ လက်တွဲပြီးတော့ ခေါ်ပေးဖို့က အဓိကဖြစ်ပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ သားသမီးတွေ၊ ကိုယ်ပြုစုပျိုးထောင်ရတဲ့ ကလေးတွေ၊ ဆရာ၊ ဆရာမတွေဆိုရင် တကယ်တော့ ကျွန်မတို့ နိုင်ငံမှာ ဆရာ၊ ဆရာမ လို့ပြောတဲ့ဟာက ယဉ်ကျေးမှုအရလည်း ဆရာ၊ ဆရာမဆိုပြီးတော့ အမျိုးသားတွေကို မထားခဲ့ချင်လို့၊ အမျိုးသားတွေထည့်ပြီး ပြောတာလည်းပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ မျှော်လင့်ချက်အရပေါ့။ ဒီပညာရေးကဏ္ဍမှာ အမျိုးသားတွေပိုပြီးတော့ ပါဝင်လာစေချင်လို့လည်း ပါပါတယ်။ သို့သော်ငြား လည်း တကယ်တော့ ကျွန်မတို့နိုင်ငံမှာ ပညာရေးကဏ္ဍမှာ ကလေးတွေကို သွန်သင်ဆုံးမတဲ့ ဆရာ၊ ဆရာမတွေသာ ဆိုတယ် ၁၀၀ ရာခိုင်နှုန်းနီးပါးက ဆရာမတွေဖြစ်နေပါတယ်။  အမျိုးသမီးတွေပဲ ဖြစ်နေပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အနေနဲ့ ကလေးတွေရဲ့ စိတ်ဓာတ်ပြုစုပျိုးထောင်ရေးကို အဓိကထားပြီးတော့ စဉ်းစားစေချင်ပါ တယ်။ တချို့က ဒါ အမျိုးသမီးများကသာ ကလေးတွေ၊ သားသမီးတွေကို စောင့်ရှောက် ထိန်းသိမ်းရမယ့် ခေတ်မဟုတ်ဘူး။ အမျိုးသားတွေ လည်းပါရမယ်။ ဖခင်တွေလည်းပါရမယ်။ ဒါမှန်ပါတယ်။ စောစောက ကျွန်မပြောခဲ့တဲ့ အထဲမှာ အမျိုးသားနေ့ရယ်လို့မရှိဘူး၊ အမျိုးသမီးများနေ့၊ ကလေးသူငယ်များနေ့ရယ်လို့ရှိတယ်၊ သို့သော်ငြားလည်း ဖခင်များနေ့တော့ ရှိတယ်။ မိခင်များနေ့ နည်းတူ ဖခင်များနေ့တော့ ရှိပါတယ်။ ဒါကြောင့်မို့ ဖခင်များရဲ့ ကဏ္ဍကို လည်း လျစ်လျူရှုထားတာ မဟုတ်ပါဘူး။

“လက်တွေ့ကျကျ ကြည့်မယ်ဆိုရင်တော့ အမျိုးသမီးများဟာ အခုလက်ရှိ အခြေအနေမှာဆိုရင် ကျွန်မတို့ရဲ့ ပညာရေး ကဏ္ဍ အခြေအနေအရ အမျိုးသမီးတွေဟာ အဓိက ကလေးသူငယ်တွေကို သွန်သင်ဆုံးမသူတွေဖြစ်ပါတယ်။ ဒီတော့ စိတ်ဓာတ်ရေးရာအရ ဘယ်လိုပြုစုပျိုးထောင်ပေးမလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ အိမ်မှာ တောင်မှ မှန်ကန်တဲ့စိတ်ထားတွေကို သင်ပေးရဲ့လား။ ကိုယ်သား၊ ကိုယ့်သမီးတွေကို မှန်ကန်တဲ့စိတ်ဓာတ်တွေ ပြုစုပျိုးထောင်ပေးရဲ့ လားဆိုတာကို စဉ်းစားစေချင်ပါတယ်။¬ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်းမှာ ကျွန်မကိုယ်တိုင်လည်း မကြာခဏ ကြားရပါ တယ်။ အားလုံး လည်းသိမှာပဲ။ မိဘတွေကကို ယှဉ်ပြိုင်ချင်တဲ့စိတ်ရှိတယ်။ ဟိုဘက်အိမ်က ကလေးထက် သာရမယ်၊ အတန်းထဲက ဘယ်သူ့ထက်သာရမယ်။ အဲဒီဟာတွေကို ခဏခဏသင်ပေးတဲ့ အခါကျတော့ ကျွန်မတို့ရဲ့ လူငယ်တွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်ချင်တဲ့စိတ်၊ မုဒိတာပွား ချင်တဲ့စိတ်။ မုဒိတာပွားခြင်းဟာ နည်းသွားတာပေါ့။ သူက တော်လိုက်တာဆိုပြီးတော့ ချီးမွမ်းတာဟာ ရိုးရိုးချီးမွမ်းတာမဟုတ်ဘဲနဲ့ ကိုယ့်သားကိုယ့်သမီးကို သူကတော်လိုက်တာ မင်းကတော့ဘာလို့ ဒီလောက်မတော်လဲဆိုတဲ့ပုံစံနဲ့ ချီးမွမ်းတဲ့အခါမှာတော့ ကလေးတွေရဲ့ စိတ်ထဲမှာ ငယ်ငယ်ကတည်းက သူတို့ရဲ့တန်ဖိုးဟာ တစ်ခြားသူထက် သာနိုင်မှ မြင့်တယ်လို့ ထင်သွားကြပါတယ်။ တကယ်တော့ တခြားသူထက် သာတယ်ဆိုတာ ဘယ်သူကမှ တစ်ခြားသူ တစ်ယောက်ထက် နေရာတကာမှာ မသာနိုင်ပါဘူး။ ကိုယ့်ရဲ့အား နည်းချက် ရှိတယ်။ ကိုယ့်ရဲ့အားသာချက်ရှိတယ်။ သူ့ရဲ့အားနည်းချက်ရှိတယ်။ သူ့ရဲ့အားသာချက် ရှိတယ်။

“ကျွန်မတို့အမျိုးသမီးများဟာ နောင်တစ်ချိန်တစ်ခါမှာ ကမ္ဘာကြီးမှာ အမျိုးသမီးများနေ့၊ အမျိုးသားများနေ့ရယ်လို့ ခွဲခြားပြီးတော့မထားဘဲနဲ့ ပုထုဇဉ်လူသားများရဲ့နေ့လို့ ဖြစ်သွားအောင် လို့  ဦးတည်သင့်ပါတယ်။ အဲဒီတော့ ကျွန်မတို့ဟာ အမျိုးသမီးရော၊ အမျိုးသားရော၊ ကလေး တွေရော နိုင်ငံတစ်နိုင်ငံမှာ လူ့အသိုင်းအဝိုင်းတစ်ခုမှာ အားလုံးပူးပေါင်းပြီးတော့ ညီညီ ညွတ်ညွတ်ရှိမှ ဒီအသိုင်းအဝိုင်းမှာ တိုးတက်နိုင်မှာပါ။ ကျွန်မတို့ နိုင်ငံရဲ့အားနည်းချက်တွေကို အားလုံးသိပါတယ်။ ကျွန်မတို့က ဓနအင်အားမှာလည်း အင်မတန်မှ အားနည်းပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်းတစ်လျှောက် စိတ်ဓာတ်ရေးရာဘက်မှာလည်း အားရှိသင့် သလောက် မရှိသေးပါဘူး။ ဒါကြောင့် ကြိုးစားရမယ့် နေရာတွေက အများကြီးပါ။ ဒီလိုကြိုးစားခွင့်ရတာကို ဂုဏ်ယူပါ၊ ကြိုးစားခွင့်ရတာကို ဝမ်းသာပါလို့ ထပ်ခါတလဲလဲ သတိပေးအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခါတလေ ကျွန်မတို့ ပြည်သူပြည်သားတွေက ငါတို့ ဒီလိုဆင်းရဲတဲ့နေရာမှာ ကြီးလာရလေခြင်း၊ မွေးလာရလေခြင်း၊ ဒီလိုခက်ခဲတဲ့ အချိန်အခါမှာ ကြီးပြင်းလာရလေခြင်းဆိုတဲ့ အဲဒီလိုငြီးငြူတာတွေလည်း ကျွန်မတို့ ကြားရ ပါတယ်။ ဒါပေမယ့်လည်း အခက်အခဲတွေနဲ့ရင်ဆိုင်ရမှ ကိုယ့်ရဲ့အစွမ်းအစတွေကို ထုတ်သုံးပြီး တော့ အများအကျိုး အတွက်လုပ်ပေးနိုင်တဲ့ အခွင့်အရေးရမှာပါ။ ဒါကြောင့်ကျွန်မတို့ ဒီအခွင့်အရေးတွေကို အကောင်းဆုံးဖြစ်အောင် လုပ်စေချင် တယ်။

“အမျိုးသမီးတွေအနေနဲ့ အမျိုးသမီးနေ့ကို အသိအမှတ်ပြုတဲ့အခါ အမျိုးသမီး အခွင့်အရေး၊ အမျိုးသမီးရပိုင်ခွင့်၊ အမျိုးသမီးလုပ်ပိုင်ခွင့် ဒီဟာတွေတင်မကဘဲနဲ့ ဒီအခွင့်အရေးတွေကို အများအတွက် ဘယ်လိုသုံးမလဲဆိုတာကို အဓိက ထားပြီးတော့ စဉ်းစားစေချင်ပါတယ်။ အမျိုးသမီးများ ပိုပြီးတော့ အခွင့်အရေးရလာရင် အမျိုးသမီးများအတွက် အခွင့်အလမ်းတွေ ပိုပြီးတော့ပွင့်လာရင် အားလုံးအတွက် ဘယ်လိုကောင်းအောင် ပိုပြီးတော့ လုပ်နိုင်မယ့် အခွင့်အလမ်းတွေ ကျွန်မတို့ရနိုင်မလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများနေ့ဆိုတော့ အမျိုးသမီးများ အကြောင်းပဲ ပြောနေတယ်ဆိုရင် အမျိုးသမီးများရဲ့ အစဉ်အလာအရ ကဏ္ဍတစ်ခုဖြစ်တဲ့ သားသမီးများ ပြုစုပျိုးထောင်ရေး ကိုလည်း ဘယ်တော့မှ မမေ့စေချင်ပါဘူး။ ပြုစုပျိုးထောင်ခြင်းဆိုတာ စာမေးပွဲအောင်ဖိုနဲ့ ဂုဏ်ထူးတွေအများကြီးရဖို့ ဒါအဓိက မဟုတ်ပါဘူး။ မှန်ကန်တဲ့စိတ်ထားတွေနဲ့ ဒီကလေးတွေဟာ ကြီးပြင်းလာဖို့၊ ရှုံးနိမ့်မှုကိုရော၊ အောင်နိုင်မှုကိုရော တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ဖို့၊ လူသားတိုင်း လူသားတိုင်းဟာ ရှုံးနိမ့်မှုနဲ့ အောင်မြင်မှုကြောင့် အဆမတန် တုန်လှုပ်ခြင်း မရှိဘူးဆိုရင် ကျွန်မတို့ရဲ့ လူ့လောကကြီးဟာ အင်မတန်မှ ပိုပြီးတော့ အေးချမ်းမှာပါ။ ရှုံးနိမ့်မှုကို ကြောက်ကြ တယ်။ ရှုံးနိမ့်မှုဖြစ်ရင် ဝမ်းနည်းပက်လက် ဖြစ်ကြတယ်။ အောင်နိုင်မှုကို လိုလားကြတယ်။ အောင်နိုင်မှုရှိတဲ့ သူတွေက မော်ကြွားကြ တယ်။ နောက်ပြီးတော့ အောင်နိုင်မှုရတဲ့လူတွေက ရှုံးနိမ့်တဲ့သူတွေကို အထင်သေးကြတယ်။ ဒါတွေဟာ ကျွန်မတို့အတွက် လောဘ၊ ဒေါသတွေ ပွားစေတဲ့ စိတ်ဓာတ်တွေဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများဟာ ကျောင်းဆရာမတွေဆိုရင် မိမိတို့ အတန်းအတွင်းက ကလေးတွေ၊ မိခင်တွေဆိုရင် မိမိတို့ရဲ့ သားသမီးတွေ၊ ကျွန်မတို့ထဲက တော်တော်များများကတော့ သားသမီးကို ပြုစုပျိုးထောင်တဲ့ အရွယ်ကလွန်ပြီးတော့ မြေးတွေနဲ့ ကစားတဲ့အရွယ်ကို ရောက်သွားပြီ။ ကျွန်မကို အဖိုး၊ အဖွား တချို့ကပြောပါတယ်။ မြေးတွေက အဖိုး၊ အဖွား တွေကို စိတ်မဝင်စားဘူးတဲ့ သူတို့ရဲ့ ဆဲလ်ဖုန်းကိုပဲ စိတ်ဝင်စား တယ်တဲ့၊ အဲ့ဒါလည်း တကယ်တော့ ဝမ်းနည်းစရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချင်းချင်း ဆက်ဆံတတ်ဖို့က အဓိက ကျွန်မတို့နိုင်ငံရဲ့ တိုးတက်ရေးအတွက် လိုအပ်ချက်ဖြစ်ပါတယ်။

“ဒါ့ကြောင့် ဒါကို အမျိုးသမီးများက သင်ပေးရမယ်ဆိုတာ ကိုယ့်ရဲ့သားသမီးတွေ၊ ကိုယ့်ရဲ့ မြေးတွေဟာ လူသားတွေ အချင်းချင်း ဆက်ဆံမှုပိုပြီးတော့ ကြီးထွားအောင်၊ ပိုပြီးတော့ ကောင်းမွန်အောင်၊ လုပ်ချင်တဲ့စိတ်တွေဖြစ်လာအောင်၊ အချင်းချင်းပူးပေါင်းမယ့်အစား ထိုင်ပြီးတော့ ကိုယ့်ရဲ့ကွန်ပျူတာလေးနဲ့၊ ကိုယ့်ရဲ့ ဖုန်းလေးနဲ့ပဲ ဆက်သွယ်နေမယ်ဆိုရင် ဒါလူ့အသိုင်းအဝိုင်းအတွက် အများကြီးတော့ အကျိုးပြုမှာမဟုတ်ပါဘူး။ သူတို့ နည်းပညာတွေ အများကြီးတတ်မယ်၊ ဗဟုသုတတွေအများကြီးရမယ်၊ သို့သော်လည်း ကောင်းတဲ့ဗဟုသုတ လား၊ ဆိုးတဲ့ဗဟုသုတလားဆိုတာ ခွဲလို့မရတော့ဘူး။ အားလုံးဝင်လာတာပဲ။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် အကောင်းအဆိုး၊ အကြောင်းအကျိုး ခွဲခြားတတ်တဲ့ စိတ်ဓာတ်၊ ခွဲခြားချင်တဲ့ဆန္ဒရှိအောင် အားလုံးကို သင်ပေးစေချင်ပါတယ်။ ဒါကြောင့်  ကျွန်မတို့ အမျိုးသမီးများနေ့ကို တစ်နှစ်တစ်ခါ ကျင်းပပါတယ်။

တစ်နှစ်တစ်ခါ ကျင်းပတဲ့အခါ အရင်နှစ်က ကိုယ်ဟာအမျိုးသမီး တစ်ယောက်အနေနဲ့ ဘာလုပ်ခဲ့သလဲ၊ အမျိုးသမီး တစ်ယောက်အနေနဲ့ဆိုတာဟာ စဉ်းစားလိုက်ရင် မိခင်တစ်ယောက် အနေနဲ့လည်း ဖြစ်နိုင်တယ်။ မိတ်ဆွေတစ်ယောက် အနေနဲ့လည်း ဖြစ်နိုင်တယ်။ ကိုယ့်ရဲ့အလုပ်ခွင်က လုပ်ဖော်ကိုင်ဖက် တစ်ယောက်အနေနဲ့လည်းဖြစ်နိုင်တယ်။ နောက်ပြီး တော့ ဇနီးသည်တစ်ယောက်အနေနဲ့လည်း ဖြစ်နိုင်တယ်။ အဖွားတစ်ယောက် အနေနဲ့၊ အဒေါ်တစ်ယောက်အနေနဲ့လည်း ဖြစ်နိုင်တယ်။ လူတိုင်းလူတိုင်းရဲ့ဏ္ဍဟာ အများကြီးကျယ်ဝန်း ပါတယ်။ လူတစ်ယောက်ဟာ ထီးတည်းကြီး နေတာ မဟုတ်ပါဘူး။ ကျွန်မတို့ အမျိုးသမီးတိုင်း အမျိုးသမီးတိုင်းဟာ တစ်နှစ်ကာလအတွင်း အရင်အမျိုးသမီးနေ့နဲ့ ဒီအမျိုးသမီး နေ့မှာ တစ်နှစ်ကာလအတွင်းမှာ ဘယ်လောက်ကိုယ်ဟာ အများအကျိုးအတွက် ဆောင်ရွက်ခဲ့သလဲ။ ကိုယ့်အကျိုး အတွက်ရော ဘယ်လောက်ဆောင်ရွက်ခဲ့သလဲ။ ဒါလည်းအရေးကြီးပါတယ်။ ပရဟိတ၊ အတ္တဟိတ နှစ်ခုစလုံးပြည့်စုံမှ ကျွန်မတို့ဟာ ပြည့်စုံတဲ့ လူသားတွေဖြစ်မှာပါ။ ကိုယ့်အတွက်ဆိုတာဟာ ကိုယ်ကပိုပြီးတော့ ပြည့်စုံတဲ့ လူသား တစ်ယောက်ဖြစ်လာဖို့ ကိုယ်ဘာလုပ်ခဲ့သလဲဆိုတာ အဲဒါကိုဆိုလိုတာ။ တခြားသူတွေအတွက်ဆိုတာလည်း ဒီလိုပါပဲ။ အများအတွက် အများဟာလည်း ပိုပြီးတော့ ပြည့်စုံတဲ့ လူသားတွေဖြစ်နိုင်ဖို့အတွက် ဘယ်လို ကူညီမလဲ။ ဒါဟာ ရုပ်ပိုင်း ဆိုင်ရာလည်းဖြစ်နိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ လည်းဖြစ်နိုင်တယ်။ ပညာပိုင်းဆိုင်ရာလည်းဖြစ်နိုင်တယ်။ အဲဒီတော့ ဒါတွေကို ကျွန်မတို့က စဉ်းစားစေချင်ပါတယ်။

“အရေးကြီးတယ်ဆိုတာက ဖွံ့ဖြိုးတိုးတက်မှုဆိုတာ တစ်နှစ်နဲ့တစ်နှစ် မှန်မှန်တိုးတက်လာဖို့က အရေးကြီးပါတယ်။ ဒီတစ်နှစ်မှာ အရင်နှစ်က ပြန်စဉ်းစားလိုက်ရင် အရင်နှစ်က သိပ်ပြီးတော့ မဖြစ်မြောက်ဘူးဆိုရင် ဒီနှစ်ပိုပြီးတော့ကြိုးစားပါ။ ကျွန်မတို့ဟာ အသက်ရှင်နေသရွေ့ အခွင့်အလမ်းတွေကတော့ အမြဲရှိနေမှာပဲ။ အသက်ရှင်နေသရွေ့ ကျွန်မတို့ဟာ တိုးတက်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေပါမယ်” ဟု ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၀၁၈ ခုနှစ် မြန်မာအမျိုးသမီး များနေ့ အထိမ်းအမှတ် ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာအမျိုးသမီး ကော်မတီ၏ ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ဘ၀ မြှင့်တင်ရေး ဆောင်ရွက်ချက်များ၊ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း၏ ဆောင်ရွက်ချက်များ၊ အမျိုးသမီး သက်မွေးပညာ သင်တန်းကျောင်းနှင့် အိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းကျောင်းများမှ ထုတ်လုပ်သည့် ထွက်ကုန်များကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

(သတင်းစဉ်)

 

Featured News: 
1