နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၁၈)အစည်းအဝေးသို့ ပြောကြားသည့် အဖွင့်အမှာစကား

Sat, 08/04/2018 - 00:24 -- admin

နေပြည်တော် ဩဂုတ် ၃

ကမ္ဘာ့လှည့်ခရီးသည်လုပ်ငန်းဟာ နိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံး အတွက် အခုအချိန်အခါမှာ အရေးကြီးတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်လာပါတယ်။ ရှေးပဝေသဏီ ကတည်းက စပြီးတော့ ခရီးထွက်တယ်ဆိုတာရှိခဲ့ပါတယ်။ ဟိုရှေးရှေးတုန်းက ခရီးထွက် တယ်ဆိုတာ ကုန်သည်တွေ ထွက်ကြတာပါ။ အများအားဖြင့် စီးပွားရေးနဲ့ ပတ်သက်ပြီး ထွက်ကြတာရှိပါတယ်။ မိမိတို့ဆန္ဒအရ စီးပွားရှာဖို့မဟုတ်ဘဲ သက်သက်ထွက်တယ် ဆိုတာ ပထမဦးဆုံးကတော့ ပညာဗဟုသုတ ရှာတဲ့ပုဂ္ဂိုလ်ကြီးတွေ ရှိခဲ့ပါတယ်။ စွန့်စား မှုတွေကို ရှာတဲ့ပုဂ္ဂိုလ်တွေလည်းရှိခဲ့ပါတယ်။

အခု ဖွံ့ဖြိုးတိုးတက်တဲ့ ကမ္ဘာကြီးမှာကျတော့ ဒီဟာတွေက ပြောင်းလဲပြီးတော့ အပန်းဖြေဖို့အတွက် ကိုယ့်နိုင်ငံမှာမရှိတဲ့အရာတွေကိုတွေ့နိုင်၊ မြင်နိုင်ဖို့အတွက် ပိုပြီး တော့ ဗဟုသုတကြွယ်ဝဖို့အတွက်ဆိုပြီး ထွက်ကြတဲ့ခရီးသည်တွေက များလာပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေကို ကျွန်မတို့ နိုင်ငံအတွက် ဆွဲဆောင်ချင်ရင် ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ်အိမ်ရှင်အနေနဲ့ စဉ်းစားရပါမယ်။ သက်သက်စီးပွားရေးလုပ်ဖို့ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်ဖို့ဆိုရင်တော့ အောင်မြင်ချင်သလို အောင်မြင်မယ် မဟုတ်ဘူးလို့ ကျွန်မကတော့ ထင်ပါတယ်။ အိမ်ရှင်ဆိုတာဟာ ပထမဦးဆုံး ဧည့်သည်တွေရဲ့ လိုအပ်ချက်ကို စဉ်းစားရပါမယ်။

ကျွန်မတို့နိုင်ငံကို ခရီးသွားတွေလာတဲ့အခါ ဘာကိုမျှော်မှန်းပြီး လာကြသလဲ။ တ ချို့ကတော့ မမြင်ဖူးတဲ့နေရာကို ရောက်ဖူးချင်လို့၊ တချို့ကတော့ တခြားလူတွေ မရောက်ဖူးတဲ့နေရာမျိုးကို ရောက်ချင်လို့၊ တချို့ကတော့ အပန်းဖြေချင်လို့၊ တချို့က တော့ သူတို့နိုင်ငံမှာ မရရှိနိုင်တဲ့ စိတ်ငြိမ်မှုကို လိုချင်လို့ စသည်ဖြင့် အကြောင်းအမျိုး မျိုးကြောင့် ကျွန်မတို့နိုင်ငံကို ရောက်လာကြတာဖြစ်ပါတယ်။

အဲဒီတော့ တကယ်ပဲ ကမ္ဘာလှည့်ခရီးသည်တွေကို ကျွန်မတို့နိုင်ငံကို လာစေချင် တယ်ဆိုရင် ဒီခရီးသည်များဟာ ကိုယ့်အတွက် ပိုက်ဆံ ရှာနိုင်တဲ့ အခွင့်အရေးတစ်ခု လို့ပဲ စဉ်းစားလို့မဖြစ်ပါဘူး။ ကျွန်မတို့လိုပဲ လူသားတွေ၊ ကျွန်မတို့လိုပဲ ပျော်ရွှင်ချင် တယ်၊ ချမ်းမြေ့ချင်တယ်။ ခဏတာ အလည်အပတ်လာတဲ့အခါကျရင် စိတ်အေးလက် အေးနဲ့ မြင်ချင်တွေ့ချင်တာတွေကို မြင်တွေ့ဖို့ အခွင့်အရေးလေးတွေ ရချင်တယ်ဆိုတဲ့ စိတ်တွေနဲ့ လာကြတာပါ။ အဲဒီတော့ အဲဒီဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်ဆိုရင် နောင် ကမ္ဘာလှည့် ခရီးသည်တွေကလည်း ပိုမိုပြီးတော့ လာကြမှာ ဖြစ်ပါတယ်။

အဆင်ပြေဖို့ဆိုတာကတော့ ပထမဦးဆုံး ဝင်လာမှုအဆင်ပြေဖို့ ကျွန်မတို့လုပ် ပေးရမှာပါ။ ဒါကြောင့်မို့ ကျွန်မတို့ မကြာခင်က Free Visa တို့၊ Visa on Arrival တို့ စသည်ဖြင့် လာဖို့ပိုပြီးတော့ လွယ်ကူအောင်လို့ လုပ်ပေးတာ တွေရှိပါတယ်။ နောက် ကျွန်မတို့နိုင်ငံမှာ လိုအပ်ချက်တစ်ခုကတော့ နိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေအရ၊ လုံခြုံရေးအခြေအနေအရ လုပ်ရမယ့်ကိစ္စကတော့ လာနိုင်မယ့် လေယာဉ်ကွင်းများ အနေအထား၊ ဒါတွေကိုလည်း ကျွန်မတို့ ကြည့်ရမှာ ဖြစ်ပါတယ်။

နောက် ကျွန်မတို့နိုင်ငံထဲ ရောက်လာတဲ့အခါမှာ အများအားဖြင့် ကမ္ဘာလှည့် ခရီးသည်များက လေယာဉ်ခရီးနဲ့ပဲ သွားရပါတယ်။ ဥပမာအားဖြင့် ရန်ကုန်ကိုလာမယ်၊ ရန်ကုန်ကနေပြီးတော့ ပုဂံကို လေယာဉ်နဲ့သွားမယ်၊ အင်းလေးသွားချင်တယ်ဆိုရင် လည်း ဟဲဟိုးကို လေယာဉ်နဲ့သွားမယ်။ နောက်မှ ကားနဲ့သွားမယ် စသည်ဖြင့်ပေါ့။ ကျွန်မတို့ဟာ လမ်းပန်းဆက်သွယ်ရေး ပိုမိုပြီးတိုးတက်ပြီးတော့ ပိုမိုခေတ်မီပြီး ပိုမိုစုံစုံလင်လင် လုပ်ပေးနိုင်ရင်တော့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် အများကြီး ပိုပြီးတော့ ဆွဲဆောင်မှုရှိနိုင်မယ်လို့ ထင်ပါတယ်။

ဥပမာဆိုရင် တချို့နိုင်ငံတွေမှာဆိုရင် မီးရထားခရီးနဲ့ သွားရတာ အင်မတန်မှ အဆင်ပြေပါတယ်။ အင်မတန်မှ သာယာပါတယ်။ ကျွန်မတို့နိုင်ငံကတော့ မီးရထားတွေ အခြေအနေက အဲဒီအဆင့် မရောက်သေးပါဘူး။ မီးရထားနဲ့သွားရတာဟာ လေယာဉ် ပျံနဲ့ သွားရတာနဲ့ မတူပါဘူး။ လေယာဉ်ပျံနဲ့သွားရတာဆိုတာ ဟိုရောက်မှပဲ ကြည့်ရ တယ်။ လမ်းမှာဆိုရင်တော့ တိမ်တွေကလွဲလို့ သိပ်မတွေ့ရပါဘူး။ ဒါပေမယ့် မီးရထားနဲ့ သွားမယ်ဆိုရင် သွားရင်းနဲ့ အေးအေးဆေးဆေး၊ သက်သက်သာသာနဲ့ ရှုခင်းကိုလည်း ကြည့်သွားလို့ရတယ်။ တစ်မြို့ပြီးတစ်မြို့ ဖြတ်သွားတယ်။

နောက်ပြီးတော့ မြို့လေးတွေမှာ ရပ်တဲ့အခါကျရင် ဒီနိုင်ငံရဲ့ ယဉ်ကျေးမှု၊ သဘောသဘာ၀တွေကို အတိုင်းအတာတစ်ခုအထိ နားလည်နိုင်တယ်။ ဥပမာဆိုရင် ဘူတာရုံတွေမှာ လာပြီးတော့ ရောင်းတဲ့ အစားအစာတွေ၊ ဒေသ ထွက်အစား အစာတွေကို ရောင်းမယ်ဆိုရင် စိတ်ဝင်စားကြမယ်။ ဒီဒေသထွက်ပစ္စည်းလေးတွေ၊ အမှတ်တရပစ္စည်းလေးတွေ ရောင်းနိုင်မယ်ဆိုရင် စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်။
ကျွန်မကတော့ မီးရထား အင်မတန် နှစ်သက်တဲ့သူဆိုတော့ ပြောရမယ်ဆိုရင် နံပါတ်တစ်ကတော့ လေယာဉ်ပျံမူးတာလည်း မရှိဘူး၊ နံပါတ်နှစ်က ကားမူးတာလည်း မရှိဘူး၊ နံပါတ်သုံးက မီးရထားထဲမှာဆိုရင် နည်းနည်းညောင်းရင် ထပြီးတော့ လမ်းတွေ ဘာတွေ လျှောက်လို့ရတယ်။ ကားထဲမှာ လှုပ်လို့မရဘူး၊ လေယာဉ်ထဲမှာ လှုပ်လို့မရ ဘူး။ ဒါကြောင့်မို့လို့ ကျွန်မပြောတာပါ။ ကျွန်မတို့ ကမ္ဘာ့လှည့်ခရီးသည်တွေကို ဆွဲဆောင်ချင်ရင် အတွေးသစ်၊ အမြင်သစ်တွေ ရှိရမယ်။ ကျွန်မတို့နိုင်ငံမှာ ဘာတွေလို အပ်နေသလဲ၊ ကျွန်မတို့နိုင်ငံရဲ့ မီးရထားကဏ္ဍကို ပိုမိုပြီးတော့ ချဲ့ထွင်နိုင်ရင် ပိုပြီး ဆွဲဆောင်မှု မရှိဘူးလားဆိုတာ စဉ်းစားစေချင်ပါတယ်။

နောက်တစ်ခုက ရေလမ်းခရီး၊ ကျွန်မကတော့ ရေလမ်းခရီးဆိုရင် သင်္ဘောလည်း မူးတတ်တော့ သိပ်ပြီးတော့ စိတ်ပါတာမဟုတ်ဘူး။ ဒါပေမယ့် ခရီးသွားတော်တော် များများဟာ ရေလမ်းခရီးကို သဘောကျကြတယ်။ ရှုခင်းကိုကြည့်လို့ရတယ်။ လေကောင်းလေသန့်ကို ရှုလို့ရတယ်။ လမ်းလျှောက်လို့ ရတယ်။ မိတ်ဆွေတွေ ဖွဲ့လို့ ရတယ်။ အေးအေးဆေးဆေး စကားစမြည်ပြောလို့ရတယ်။ လမ်းမှာ၊ မြို့လေးတွေမှာ ရပ်ပြီးတော့ မြို့လေးတွေကို လေ့လာလို့ရတယ်။ အဲဒီလို အခွင့်အရေးတွေ အမျိုးမျိုး ရှိတဲ့အခါကျတော့ အခုလက်ရှိ ကျွန်မတို့ နိုင်ငံမှာ ကမ္ဘာလှည့် ခရီးသည်တွေ အဓိက အားကိုးနေရတဲ့ လေကြောင်းခရီးအပြင် ကုန်းကြောင်းခရီး၊ မီးရထားခရီး၊ ရေကြောင်းခရီး အဲဒါတွေကို စဉ်းစားပေးဖို့လိုပါတယ်။

နောက်ပြီးတော့ အပန်းဖြေလာတဲ့ ခရီးသည်တွေဟာ ရှုခင်းကို ကြည့်ချင်ပြီး တော့ အေးအေးဆေးဆေးနဲ့ သူတို့ရောက်လာတဲ့နိုင်ငံရဲ့ ယဉ်ကျေးမှုကို ပေါ့ပေါ့ပါးပါး လေ့လာချင်တဲ့ ခရီးသည်တွေများတယ်။ ဒါပေမယ့် ကျွန်မတို့က ခရီးသည်အမျိုးမျိုးထဲ မှာ တခြားအမျိုးအစားတွေကိုလည်း စဉ်းစားရမယ်။ တချို့ ဆိုရင် ပိုပြီးတော့ ထဲထဲ ဝင်ဝင် နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုအကြောင်း သိချင်တယ်။ ဒီလိုပဲ ရှုခင်းလေး ကြည့်ရုံနဲ့ အမှတ်တရပစ္စည်းလေးတွေ ဝယ်ရုံနဲ့ ဒါမျိုး မဟုတ်ဘူး။ နည်းနည်းလေ့လာ ချင်တဲ့စိတ်နဲ့ ဗဟုသုတရှာချင်တဲ့စိတ်နဲ့ လာတဲ့ ခရီးသည်တွေလည်းရှိတယ်။ အဲဒီလို ခရီးသည်တွေအတွက်လည်း ကျွန်မတို့ အခွင့်အရေးတွေ ဖန်တီးပေးရမယ်။ ဥပမာ ဆိုရင် ရှေးဟောင်းသုတေသနကို စိတ်ဝင်စားတဲ့ ခရီးသည်တွေဆိုရင် ဘယ်နေ ရာတွေကို သွားသင့်တယ်။ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ ခရီးသည်တွေ ဆိုရင် ဘယ်နေရာသွားသင့်တယ်။ ဒါနဲ့ ကြုံလို့ပြောရမယ်ဆိုရင် ကျွန်မတို့ အရှေ့ တောင် အာရှက ခရီးသွားတွေဆိုရင်တော့ ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက် ဘုရားဖူး သွားချင်တဲ့ ခရီးသည်မျိုးလည်းရှိပါတယ်။ ဒါကတော့ ကျွန်မတို့နိုင်ငံ အနေနဲ့ ခက်ခက် ခဲခဲမရှိပါဘူး။ ဒီလိုခရီးသည်တွေကို လိုက်ပြဖို့အတွက်၊ ဒါပေမယ့် တခြားအသစ်ပုံစံနဲ့ သွားချင်လာချင်တဲ့ ခရီးသည်တွေအတွက် ကျွန်မတို့ စဉ်းစားရမှာပါ။

ထဲထဲဝင်ဝင်နဲ့ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုကို လေ့လာတာတွေ၊ ဘာသာရေးကို လေ့လာတာဆိုရင် အဲဒီလို ခရီးသည်တွေအတွက် ကျွန်မတို့ ဘယ်လိုအစီအစဉ်တွေ လုပ်ပေးမလဲဆိုတာကိုလည်း ကျွန်မတို့ စဉ်းစားသင့်ပါတယ်။ ပေါ့ပေါ့ပါးပါး မဟုတ်ဘဲနဲ့ တချို့က သူတို့ အလုပ်တွေကနေ အားတဲ့အချိန်လေးမှာ သူတို့ရဲ့ ဝါသနာတွေကို ပိုပြီးတော့ လေ့လာနိုင်ဖို့ အခွင့်အရေး ရှာပြီးတော့ လာကြတာတွေလည်း ရှိပါတယ်။

ဒီလို နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ထဲထဲဝင်ဝင် လေ့လာချင်တယ် ဆိုတော့ ကျွန်မတို့ သမိုင်းဘက်ကရှိတယ်၊ ဘာသာရေးဘက်ကရှိတယ်၊ နောက်ပြီး လူမှုရေး ဘက် ကရှိတယ်။ ကျွန်မတို့ရဲ့ နိစ္စဓူ၀ နေထိုင်ရေးပါ။ အဲဒီဟာနဲ့ ပတ်သက်ရင် Community Tourism ကို အားပေးတယ်ဆိုတာလည်း ဒါနဲ့ဆိုင်ပါတယ်။ ကျွန်မတို့ရဲ့ ရပ်ရွာတွေ တိုးတက်ဖွံ့ဖြိုးဖို့တင်မကဘူး။ ကျွန်မတို့ရဲ့ နိုင်ငံရဲ့ ရှေးအစဉ် အလာတွေ၊ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုတွေကို ပိုပြီးတော့ အပေါ်ယံကြောထက် ပိုပြီးတော့ သိချင်တဲ့ ခရီးသည်တွေအတွက်လည်း အများကြီး အထောက်အကူဖြစ်ပါတယ်။ ဒီဟာကိုသာ ပညာပါပါနဲ့ သေသေချာချာ စဉ်းစဉ်းစားစား လေ့လာပြီးတော့ လုပ်မယ်ဆိုရင် ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတို့ရဲ့ရပ်ရွာ၊ ရွာပိုင်းဆိုင်ရာမှာ တောနေပြည်သူလူထု တွေအတွက်လည်း တိုးတက်မှုရအောင် လုပ်ပေးနိုင်မယ်။ နောက်ပြီးတော့ လာတဲ့ခရီး သည်တွေအတွက်လည်း သူတို့စိတ်ကျေနပ်မှု ရှိအောင် လုပ်ပေးနိုင်မယ်။

နောက်တချို့ခရီးသည်တွေက နည်းနည်းစွန့်စားမှုလေး လိုချင်တယ်။ စွန့်စား မှုတွေ လိုချင်တယ်ဆိုတော့ တောင်တက်ချင်တယ်။ Trekking သွားချင်တယ်။ နည်းနည်းခဲခဲယဉ်းယဉ်းနေရာတွေမှ သွားချင်တယ်၊ ပေါ့ပေါ့ပါးပါးမဟုတ်ဘူး။ သူတို့ ကိုယ်သူတို့လည်း စမ်းသပ်တဲ့အနေနဲ့ စိန်ခေါ်မှုလေးတွေနဲ့ နည်းနည်းပါးပါး ကြုံတွေ့ ချင်တယ်။ ဒီလိုခရီးသည်တွေအတွက်လည်း ကျွန်မတို့စဉ်းစားပေးရမယ်။ ဘယ်မှာ တောင်တက်လို့ ရမလဲ၊ သူတို့လမ်းလျှောက်တဲ့အခါကျရင် လမ်းဖြူးဖြူးဖြောင့်ဖြောင့်ကြီး လျှောက်တာလည်းမဟုတ်ဘူး။ အတက်အဆင်းလေး နည်းနည်းပါးပါးရှိတာ။ နောက်ပြီး တော့ ရှုခင်းသာယာရင်လည်း ပိုကောင်းတာပေါ့။

နောက်တချို့ကျတော့ ညအိပ်တဲ့အခါကျရင် ရွက်ထည်တဲနဲ့ ထိုးပြီးတော့ အိပ်ချင် တယ်။ ဒီလိုဟာမျိုး စွန့်စားမှုဆန်ဆန် ခရီးသွား အစီအစဉ်လေးကိုလည်း နှစ်သက် တာတွေ ရှိပါတယ်။ အဲဒီတော့ အဲဒီဟာတွေလည်း အမျိုးမျိုး စဉ်းစားပေးဖို့ လိုပါတယ်။

အများအားဖြင့် ခရီးသည်တွေက ရောက်ရောက်ချင်းမှာတော့ ရန်ကုန်၊ အဓိက ရန်ကုန်ကလာတယ်ဆိုရင် တည်းခိုစရာနေရာတွေကလည်း အင်မတန်အရေးကြီးပါ တယ်။ တည်းခိုစရာနေရာဟာ အဆင့်အမျိုးမျိုးရှိဖို့လိုပါတယ်။ ကျွန်မ အမြင်မှာတော့ တည်းခိုခန်းတွေနဲ့ပတ်သက်လို့ ဟိုတယ်ကြီးပဲဖြစ်ဖြစ်၊ တည်းခိုခန်းသေးသေးလေးပဲ ဖြစ်ဖြစ် အရေးအကြီးဆုံးကိစ္စကတော့ သန့်ရှင်းမှုပဲ၊ သန့်သန့်ရှင်းရှင်းနဲ့ တည်းနေတဲ့ဧည့် သည်တွေက သူတို့ရဲ့ကျန်းမာရေးအတွက် စိတ်လုံခြုံမှုရှိရမယ်။ ပတ်ဝန်းကျင်က မသန့် မရှင်းဆိုရင်လည်း သူတို့စိတ်အေးလက်အေး ရှိမှာမဟုတ်ဘူး။ နံပါတ်တစ် အရေးကြီး ဆုံးက သန့်သန့်ရှင်းရှင်းနဲ့ ခရီးသည်တွေဟာ စိတ်ချလက်ချနဲ့ နေနိုင်မယ့်နေရာတွေ အရေးကြီးပါတယ်။ ကြီးကြီးကျယ်ကျယ်ဆိုတာကတော့ ကိုယ်တတ်နိုင်ရင် တတ်နိုင် သလို အဆင့်ဆင့်မြင့်သွားပါတယ်။ ကျွန်မတို့က အထူးသဖြင့် အသေးစားစီးပွားရေး လုပ်ငန်းတွေကို အားပေးချင်တယ်ဆိုရင် သန့်သန့်ရှင်းရှင်းနဲ့ ဈေးကြီးကြီးမဟုတ် ပေမယ့်လည်း နေချင်စဖွယ်ကောင်းတဲ့ တည်းခိုခန်းတွေ၊ ဟိုတယ်လေးတွေ အဲဒါတွေ ကို အားပေးဖို့လိုတယ်လို့ ထင်ပါတယ်။

စားသောက်ဆိုင်တွေဆိုရင် ထိုနည်းလည်းကောင်းပဲလို့ ကျွန်မထင်ပါတယ်။ အခု ခေတ်မှာ ဆိုရင် အများစုသော နိုင်ငံခြားကလာတဲ့ ခရီးသည်တွေက ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေမှာ စားရတာထက် လမ်းဘေးဆိုင်လေးတွေမှာ စားရတာကို သူတို့စိတ်ဝင်စားကြတယ်။ ကျွန်မတို့ ဗမာတွေဆိုရင်လည်း အများအားဖြင့် ဘန် ကောက်သွားရင် လမ်းဘေးဆိုင်က အစားစာက ပိုပြီးတော့ စားကောင်းတယ်လို့ အမြဲပဲ ပြောကြတယ်။ ဟိုတယ်ကြီးတွေက အစားအစာနဲ့ဆိုရင် သူတို့ရဲ့ ရိုးရာအစားစာတွေက စားလည်းကောင်းတယ်။

စိတ်ဝင်စားစရာလည်းကောင်းတယ်။ နဲနဲလည်းပိုပြီးတော့ ဈေး သက်သာတယ်။ အဲဒီတော့ ဒါမျိုးကျရင်လည်း အမြဲပဲသန့်ရှင်းမှုကို သူတို့စဉ်းစားတယ်။ သူတို့ကျန်းမာရေး သူတို့စဉ်းစားတယ်။
ကျန်းမာရေးဆိုတာဟာ ရေရှည်ကျန်းမာရေးတင်မကဘူး။ ဒီနိုင်ငံမှာ တစ်ပတ် နေတဲ့အချိန်မှာ အစားအသောက်မှားလို့ အိပ်ယာထဲမှာနေရတာ ၅ ရက်ဆိုရင် မတန်ဘူးပေါ့။ ဒါကြောင့် သန့်သန့်ရှင်းရှင်းနဲ့ ဒေသခံအစားအစာတွေကို ဈေးချိုချိုနဲ့ ဝယ်နိုင်တဲ့ ပုံစံလေးတွေကို ကျွန်မတို့ စဉ်းစားရမယ်။ ဘန်ကောက်မှာဆိုရင် အားလုံး သိတဲ့အတိုင်း ဒီလိုလမ်းဘေးဆိုင်တွေက အင်မတန်မှ သန့်တယ်။ စိတ်ချရတယ်။ သူတို့က စည်းကမ်းလည်းရှိတယ်။ ကိုယ့်အမှိုက်ကိုယ်ရှင်းသွားတယ်။ ဥပမာအားဖြင့် အဲဒီလိုဟာမျိုးကို ဦးတည်ရင် ဧည့်သည်တွေကလည်း စိတ်ချမ်းသာမယ်။ နိုင်ငံအတွက် လည်း အကျိုးအမြတ်ရှိမယ်လို့ ထင်ပါတယ်။

နောက်တစ်ခုက ဘေးထွက်အကျိုးတစ်ခုက ဒီလိုလုပ်ခြင်းအားဖြင့် ရိုးရာ အစားအစာတွေကို ထိန်းသိမ်းထားနိုင်တယ်။ နိုင်ငံခြားသားတွေက စိတ်ဝင်စား လို့၊ ကြိုက်သွားရင် ဒါတွေကို ထိန်းသိမ်းပြီးတော့ ဆက်ပြီး ထုတ်လုပ်လို့ရမယ်။ နိုင်ငံခြား ကဝင်လာတဲ့ ခပ်ပေါပေါနဲ့ အာဟာရမဖြစ်တဲ့ အစားအစာ တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အနေအထားကို ရောက်သွားနိုင်ပါတယ်။ ကျွန်မတို့ရဲ့ မချမ်းသာ တဲ့ ပြည်သူပြည်သား တွေအတွက် လုပ်ငန်းလေးတွေလည်းဖြစ်နိုင်တယ်။ Small Enterprises ပေါ့။ ဆိုင်လေးတွေ၊ တွန်းလှည်းဆိုင်လေးတွေပဲဖြစ်ဖြစ်၊ စားသောက်ဆိုင် သေးသေးလေးပဲ ဖြစ်ဖြစ် အဲဒါကိုလည်းစဉ်းစားစေချင်ပါတယ်။

ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး မကြာခဏကြားရပါတယ်။ တခါတလေ ကမ္ဘာ့လှည့် ခရီးသည်တွေကမေးတယ်တဲ့၊ ဘုရားတွေကြည့်ပြီးရင် ဘာရှိသေးလဲ။ ကျွန်မ တို့နိုင်ငံက စေတီပုထိုးတွေ အင်မတန်မှ ကြွယ်ဝပါတယ်။ ဒါကိုလည်း ခရီးသည်တွေက စိတ်ဝင် စားပါတယ်။ နည်းနည်းများလာတဲ့အခါကျတော့လည်း သူတို့က အခြားဟာကို တွေ့ချင် မြင်ချင်ကြတယ်။ ပြန်ပြီးလေ့လာကြည့်တဲ့အခါကျတော့ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး အစီအစဉ်တွေက နည်းတယ်။ လွယ်လွယ်ကူကူနဲ့သွားပြီး ဗမာ့ယဉ်ကျေးမှုနဲ့ ပတ်သက် လို့ လေ့လာဖို့ နေရာတွေလည်းမရှိဘူး။ ဥပမာဆိုရင် ဗမာ့ရုပ်သေးရုပ်ကြည့် ချင်တယ် ဆိုရင် ဘယ်သွားကြည့်ရမလဲ။ လွယ်လွယ်နဲ့မရှိဘူး။ တော်တော်မေးယူရတယ်။ ရှာယူရတယ်။

နောက်ပြီး ရိုးရာအက တွေကိုလေ့လာချင်တယ်ဆိုရင် ဘယ်မှာသွားလေ့လာ ရမလဲ၊ ဘယ်မှာသွားကြည့်ရမလဲ၊ အဲဒါမျိုးတွေဘက်မှာတော့ နည်းသေးတယ်လို့ ကျွန်မအနေနဲ့ ယူဆပါတယ်။ ဒါကြောင့် အဲဒီဘက်မှာလည်း ဖြည့်ဆည်း ပေးချင်ပါ တယ်။ ဇာတ်ရုံကြီးတွေ ဆောက်ဖို့၊ ခန်းမကြီးတွေမှာ ပွဲတွေပြဖို့ ဒါကို ပြောတာ မဟုတ်ပါဘူး။ ဒါတွေကလည်းရှိရမယ်။ ဒါတွေကိုလည်း ဦးတည်ရမှာပါ။ ဒါပေမယ့် ရုပ်သေးပွဲဆိုတာ နေရာသိပ်ယူတာမှ မဟုတ်ဘဲ၊ အဲဒီလိုဟာမျိုးလေးတွေ မရန်ိုင်ဘူး လား။ တစ်ပင်တိုင် အကလေးတွေ၊ တစ်ယောက်နှစ်ယောက်ပေါ့၊ မင်းသမီးနဲ့ မင်းသားပွဲ လေးတွေ လုပ်လို့ မရဘူးလား၊ ဒါကို ကျွန်မတို့ရဲ့ အစိုးရကနေ မပံ့ပိုးပေးနိုင်ဘူးလား။ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ခရီးသွားဝန်ကြီးဌာနတို့ ညှိပြီးတော့ အမျိုးမျိုး အတွေးအခေါ် အသစ်တွေနဲ့ လုပ်ပေးစေချင်ပါတယ်။

စွန့်စားခန်းနဲ့ပတ်သက်ရင် ရေကြောင်းကိုလည်း သုံးဖို့ စဉ်းစားရပါလိမ့်မယ်။ ကျွန်မတို့နိုင်ငံရဲ့ မြစ်တွေက နီပေါက မြစ်တွေလိုတော့မဟုတ်ဘူး။ ကျွန်မ ငယ်ငယ်က ဆိုရင် နီပေါကမြစ်တွေပေါ်မှာ ဖောင်စီးတဲ့ခရီးတွေ ကျွန်မထွက်ခဲ့ဖူးတယ်။ အင်မတန် လည်းပျော်စရာကောင်းတယ်။ အင်မတန်လည်း စိတ်ဝင်စားစရာကောင်းတယ်။ ဒီလိုဟာမျိုး ကျွန်မတို့ အမျိုးမျိုးစဉ်းစားစေချင်တယ်။ သမရိုးကျ အတွေးတွေနဲ့ ဆိုရင် ကျွန်မတို့နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်ရမှာပါ။ ကမ္ဘာလှည့်ခရီးသွားတွေကို တစ်ချိန် လုံးဆွဲဆောင်နေတာ၊ နိုင်ငံတိုင်း နိုင်ငံတိုင်းက ဆွဲဆောင်နေတာ၊ ဘာဖြစ်လို့လဲဆို တော့ အခုခေတ်မှာဆိုရင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ နိုင်ငံတစ်နိုင်ငံအတွက် ဝင်ငွေ အင်မတန်မှ ကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အားလုံးက ဆွဲဆောင်နေတာ၊ ကျွန်မတို့က ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် တခြားသူတွေပေးနိုင်တာထက် ပိုပြီးတော့ စိတ်ဝင်စားမှုအရ၊ ယဉ်ကျေးမှုအရ၊ စိတ်ချမ်းသာမှုအရ ပေးနိုင်မှ ဆွဲဆောင် နိုင်မယ်လို့ ထင်ပါတယ်။

ကျွန်မတို့နိုင်ငံမှာဆိုရင် လူသူသိပ်မပေါက်ရောက်တဲ့ နေရာတွေရှိတယ်။ တချို့ ကျတော့ ခရီးသွားတွေက တို့ရောက်ဖူးတယ်ဆိုတဲ့စိတ်ဓာတ်နဲ့ လာတာတွေလည်းရှိ တယ်။ ဓာတ်ပုံရိုက်ပြီးတော့ ငါတို့အဲဒီရောက်ဖူးတယ်။ အခြားသူတွေ ဘယ်သူ ရောက်ဖူးသလဲဆိုတဲ့ ပုံစံ၊ ဒါလည်း လူ့သဘာဝဆိုတော့ ကျွန်မတို့ ဒီသဘာဝအပေါ်မှာ အခြေခံပြီးတော့ ခရီးသွားလုပ်ငန်း ကျယ်ပြန့်အောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် ဂရုစိုက်ရမယ်။ လူသူအသွားနည်းတဲ့နေရာတွေကို ကမ္ဘာလှည့်ခရီးသည်တွေ သွားနိုင် အောင်လို့ စီစဉ်တဲ့ အခါမှာ အဲဒီနေရာတွေ မပျက်စီးသွားဖို့က အင်မတန်အရေးကြီး တယ်။ အားလုံးကြားဖူးမှာပါ။ တခါတုန်းကဆိုရင် ဧဝရတ်တောင်ပေါ်မှာ အမှိုက်ပုံကြီး ကျနေတာပဲ။ အဲဒီအထိတောင် ဆိုးဝါးခဲ့ပါတယ်။ ဧဝရတ်တောင်ပေါ်တက်ချင်ပါ တယ်ဆိုပြီး သွားကြတယ်။ သွားပြီးရင် အမှိုက်တွေက ပစ်ခဲ့လိုက်တာ ဧဝရတ်တောင်နဲ့ တောင် အမှိုက်ပုံကြီးက ယှဉ်တယ်ဆိုပြီး လူတွေက ပြောစမှတ်ဖြစ်လာပါတယ်။ အဲဒါတွေ မဖြစ်အောင် ကျွန်မတို့က ကြိုတင်ပြီးတော့ ကာကွယ်ထားရမယ်။ တစ်နည်း အားဖြင့်ပြောရရင် ဖွံ့ဖြိုးမှုနောက်ကျခြင်းဟာလည်း သင်ခန်းစာယူခွင့်ပေးလို့ အပေါင်း လက္ခဏာဆောင်တဲ့ ကိစ္စရပ်တစ်ခုပဲလို့ မြင်ပြီးတော့ အတတ်နိုင်ဆုံး ဒီအပေါ်မှာ အခြေခံပြီး အခွင့်အရေးယူပြီး အကောင်းဆုံး ဖြစ်အောင်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ခရီးသွားလုပ်ငန်းတွေကို စီစဉ်တဲ့အခါမှာ ကမ္ဘာ့ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်ဖို့ စီစဉ်တဲ့အခါမှာ တစ်နိုင်ငံလုံးရဲ့ လိုအပ်ချက်ကို ကြည့်ပြီးတော့ လုပ်ရမှာဖြစ်တယ်။ တစ်နေရာတည်းကို ကြည့်လို့မရဘူး။ နှစ်နေရာသုံးနေရာ လည်းကြည့်လို့ မရဘူး။

ဥပမာ ပုဂံဆိုရင်တော့ လူတိုင်းသွားချင်ကြပါတယ်။ လူတွေမသိတဲ့နေရာတွေရှိ တယ်။ အဲဒီနေရာတွေကို ဆွဲဆောင်နိုင်ဖို့လိုပါတယ်။ အင်းလေးဆိုရင်လည်း လူတိုင်း သွားချင်ကြတယ်။ ကျွန်မတို့နိုင်ငံမှာ ပုဂံနဲ့ အင်းလေးသာမက အခြားအင်မတန်မှ ကမ္ဘာ လှည့်ခရီးသည်တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေရှိပါတယ်။ သမိုင်း အရ၊ ရှုခင်း၊ သဘာဝအလှအရရော၊ သမိုင်းအရဆိုတော့ သမိုင်းနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်တဲ့ကိစ္စတွေဟာ တကယ့်အဖြစ်အပျက်ပေါ်မှာ အခြေခံစေချင်ပါတယ်။ စိတ်ကူးယဉ်ပြီးတော့ လုပ်ထားတာမျိုးမဖြစ်စေချင်ပါဘူး။ ကျွန်မပွင့်ပွင့်လင်းလင်းပြော ရမယ်ဆိုရင် ရှေးတုန်းက နန်းတော်ကြီးတွေပါ ဆိုပြီး လုပ်ထားတဲ့ဟာတွေက တကယ်ပဲ သမိုင်းအချက်အလက်တွေနဲ့ ကိုက်ညီရဲ့လား၊ အဲဒီတုန်းက ပုံစံတွေ ဒီလိုပဲ ရှိခဲ့ရဲ့လား၊ ဒါတွေကို စဉ်းစားစေချင်ပါတယ်။

အရင်တုန်းက ရှေးဘုရင်တွေရဲ့ ရုပ်ထုကြီးတွေ။ တကယ်ပဲ အဲဒီရှင်ဘုရင် အား လုံးက ဒီလိုပုံစံရှိရဲ့လား၊ အဲဒီခေတ်တုန်းက ဒီလိုပဲ ဝတ်ဆင်ခဲ့ရဲ့လား။ ကျွန်မကတော့ ဒီလိုပဲစဉ်းစားတာပဲ၊ အခြားသူတွေတော့ မသိဘူး၊ နိုင်ငံခြားကလာပြီးတော့ သမိုင်းကို စိတ်ဝင်စားတဲ့ ကမ္ဘာလှည့်ခရီးသည်တွေဆိုရင် နှိုက်နှိုက်ချွတ်ချွတ်မေးတယ်။ တကယ်ပဲ သူတို့က အချက်အလက်နဲ့ ကိုက်ညီရဲ့လားဆိုတာ သူတို့လေ့လာတယ်။ ကျွန်မတို့ သမိုင်းမှာ မသိတာရှိရင်လည်း မသိတဲ့အတိုင်းပေါ့။ သိချင်ယောင်ဆောင်ပြီးတော့ ခန့်မှန်းခြေနဲ့ဆိုရင်တော့ လူတွေရဲ့ယုံကြည်မှု ကျဆင်းတယ်လို့ ထင်ပါတယ်။ အဲဒါ ကြောင့် မသေချာတာဆိုရင် မသေချာဘူး။ သို့သော်လည်း ဒီလိုဖြစ်ခြေရှိတယ်ဆိုပြီး သူတို့စိတ်ဝင်စားအောင် အမျိုးမျိုးလုပ်လို့ရတာပေါ့။ ဥပမာအားဖြင့် အရင်တုန်းက ရှေးဘုရင်တစ်ပါးရုပ်တုကို စိတ်ကူးပြီးထွင်းထားတာ ဖြစ်ပါတယ်ဆိုတာကို မှန်မှန် ကန်ကန် စာတန်းထိုးထားရင် ဘယ်သူမှ ဘာမှပြောစရာမရှိဘူး။ အဲဒီဘုရင်က ဘယ်လို ပုံစံရှိတယ်ဆိုတာကတော့ အထောက်အထား မရှိပါဘူး။ မှတ်တမ်းလည်းမရှိပါဘူး။ ဒါပေမယ့်လည်း ဘာကို အခြေခံပြီး ဒီလိုပုံစံဖြစ်မယ်လို့ ခန့်မှန်းပြီးတော့ ထုရပါ တယ်ဆိုတာမျိုးပါ။

အဲဒီလိုအမှန်တရားနဲ့လည်း ကိုက်ညီတယ်။ ကျေနပ်လောက်တဲ့ အချက်အလက် လေးတွေပါတဲ့ဟာမျိုးကို လုပ်ပေးမယ်ဆိုရင် ကျွန်မတို့ သမိုင်းဘက်ကိုအများကြီး စိတ်ဝင်စားမှုရှိတဲ့ ခရီးသည်တွေအတွက် အထောက်အကူပြုမယ်လို့ ကျွန်မထင်ပါ တယ်။ နောက်တစ်ခုက ကျွန်မတို့ နိုင်ငံနဲ့ပတ်သက်ပြီးတော့ တချို့စိတ်ဝင်စားလာကြ တာကတော့ တိရိစ္ဆာန်တွေ၊ အထူးသဖြင့် ဆင်တွေ၊ ကျွန်မနားလည်သလောက်က တော့ ကိုယ်နိုင်ငံမို့ကိုယ် အမွှမ်းတင်ပြီးတော့ ပြောတယ်လို့ တချို့ကထင်မယ်။ နိုင်ငံခြား က လေ့လာသူတွေက ရေးသားထားတာကို ခဏခဏ ဖတ်ဖူးပါတယ်။ မြန်မာဆင်တွေ လောက် သစ်လုပ်ငန်းမှာ ကျွမ်းကျင်တဲ့ ဆင် ကမ္ဘာမှာ မရှိဘူးလို့ပြောတယ်။ တချို့ အိမ်နီးချင်းန်ိုင်ငံတွေက သဘောတူချင်မှ တူမှာပါ။

သစ်လုပ်ငန်းမှာသုံးတဲ့ဆင် တွေရှိပေ မယ့်၊ တော်တော်များများ လေ့လာထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ရေးသားချက်တွေကို ဖတ်ဖူးပါ တယ်။ မြန်မာဆင်တွေက ဘာကြောင့်ရယ်လို့ မသိဘူး။ သစ်လုပ်ငန်းမှာ ထူးထူးခြားခြား ကျွမ်းကျွင်တယ်။

အထူးသဖြင့် ဆင်တွေကို သစ်လုပ်ငန်းတွေမှာ သိပ်မသုံးနိုင်တာကြောင့် ကမ္ဘာ လှည့် ခရီးသွားလုပ်ငန်းအတွက် တန်းဖိုးရှိအောင်လုပ်ပြီးတော့ ဆင်တွေ အတွက် လည်း ပိုပြီးတော့ ဘ၀ကောင်းအောင်လို့ လုပ်ပေးလို့ရမလား ဆိုပြီးတော့ စဉ်းစားစေချင် ပါတယ်။ ဒီလိုလုပ်တဲ့အခါကျရင် ဧည့်သည်တွေအနေနဲ့ န်ိုင်ငံအတွက်မဟုတ်ဘဲနဲ့ တိရိစ္ဆာန်တွေအတွက်ပါ ပိုပြီးတော့ ကောင်းတဲ့ နည်းတွေရော စဉ်းစားစေချင်ပါတယ်။ တီထွင်ဥာဏ်အမျိုးမျိုးနဲ့ စဉ်းစားရမှာပဲ၊ ဆန်းသစ်တဲ့ အတွေးအခေါ်တွေဆိုတာဟာ စဉ်းစားလို့ရှိရင် ပေါ်လာမှာပါ။ ဥပမာဆိုရင် ကျွန်မတို့ ဆင်တွေကို ပိုပြီးတော့ စိတ်ဝင် စားလာအောင် နာမည်ပေးထားတာမျိုး၊ သူတို့ကြိုက်တဲ့ဆင်ကို အထူးလေ့လာခွင့်ပေး တာမျိုး ဒါမျိုးတွေလုပ်န်ိုင်ဖို့၊ ဆင်မွေးစားတဲ့အထိတော့ ကျွန်မ မလုပ်ချင်ပါဘူး။ ဒါပေမယ့် အဝေးက မွေးစားပြီး ပိုက်ဆံပို့ပေးမယ်ဆိုရင်တော့ မဆိုးပါဘူး။ ပုံမှန်ပေါ့။ ဒီဆင်လေးကို foster လုပ်တယ်ပေါ့။ အရင်တုန်းက ကလေးတွေလုပ်သလိုပေါ့၊ ဖွံ့ဖြိုးတဲ့နိုင်ငံတွေက မဖွံ့ဖြိုးတဲ့န်ိုင်ငံ ကလေးတွေကို ပံ့ပိုးတာပေါ့။ သူတို့ရဲ့ တူလေး၊ တူမလေးလို မှန်မှန်ပံ့ပိုးသလို ကျွန်မတို့ ဆင်တွေကို ပံ့ပိုးမှုများလုပ်လို့ရမလားဆိုတာ စိတ်ဝင်စားအောင်ပေါ့။ အထူးသဖြင့် ခရီးသည်တွေထဲမှာ ကလေးတွေ ပါရင်စိတ်ဝင် စားပါတယ်။ ကလေးတွေက ဆင်လေး တစ်ကောင်များ တာဝန်ယူချင်လား၊ သူတို့ မုန့်ဖိုးထဲက တစ်လဘယ်လောက်ပို့လိုက်မယ်ဆိုရင် စိတ်ဝင်စားမှုကြောင့် ပိုက်ဆံတွေ အများကြီးရမယ်လို့ မဟုတ်ပါဘူး။ စိတ်ဝင်စားမှုရှိလာအောင်လို့ ပြန်လည်း လာချင်အောင်လို့၊ သူတို့ ဆင်တွေကိုလည်းကြည့်ဖို့ စသဖြင့်ပါ။

နောက်ရှားပါးသတ္တဝါတွေ၊ ဧရာဝတီလင်းပိုင်လိုဟာမျိုး ကြည့်န်ိုင်ဖို့၊ လေ့လာန်ိုင် ဖို့ ဒါမျိုးအခွင့်အခါသင့်အောင်လည်း ဖန်တီးပေးစေချင်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်လည်း ဝင်ငွေလည်းရအောင်၊ အထောက်အကူလည်းဖြစ်အောင် နည်းအမျိုးမျိုးနဲ့ စဉ်းစားစေချင်ပါတယ်။ ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်တဲ့အခါမှာ ကျွန်မတို့ရဲ့ဒေသမှာ တခြားန်ိုင်ငံတွေ ဘာလုပ်နေလဲဆိုတာ ကြည့်ဖို့လို အပ်ပါတယ်။ စောစောကပြောသလို ကျွန်မတို့က ပြိုင်ရမှာဖြစ်ပါတယ်။ အရှေ့တောင် အာရှကို သွားရင် မြန်မာကို သွားရင် ကောင်းမလား၊ ထိုင်းကိုသွားရင်ကောင်းမလား၊ လာအိုသွားရင် ကောင်းမလား၊ ကမ္ဘောဒီးယားသွားရင်ကောင်းမလား စဉ်းစားကြလိမ့် မယ်။ ဒီန်ိုင်ငံတွေက ယဉ်ကျေးမှုအရ၊ သဘာ၀ရေမြေအနေအထားအရ ဆင်တူရိုးမှား ဆိုတော့ ဘယ်နေရာသွားရင် ကောင်းမလဲဆိုပြီး စဉ်းစားတာရှိတယ်။ တချို့ကလည်း အဲဒီနေရာတွေ အားလုံးကို Package Tour အနေနဲ့သွားတယ်။ ဒါတွေလည်း ကျွန်မတို့ ထည့်ပြီးတော့ တွက်ဖို့ လိုပါတယ်။ ကျွန်မတို့ရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက် အောင် လုပ်ဖို့ဆိုတာ နောက်ဆုံးကျတော့ အဓိကလိုအပ်ချက်က အတွေးသစ်တွေနဲ့ လုပ်ဖို့လိုပါတယ်။ ဒီအတွေးကို အကောင်အထည်ဖော်နိုင်ရမယ်။ ပထမ အတွေးသစ် တွေ ရအောင်စဉ်းစားကြပါ။ ဒီအတွေးသစ်တွေကို အကောင်းဆုံးနည်းနဲ့ အကောင် အထည်ဖော် တဲ့အခါမှာ န်ိုင်ငံရဲ့ရေရှည်အကျိုးကိုကြည့်ပြီးတော့ လုပ်ဆောင်ကြပါ။

ကျွန်မ အခွင့်အရေးရှိတိုင်းရှိတိုင်း အားလုံးကို သတိပေးတယ်။ ကျွန်မတို့ နိုင်ငံဟာ ပြည်ထောင်စုပါ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်း ထားတဲ့ န်ိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်ထောင်စုကြီးအကျိုးအတွက် ဘယ်တော့မှမမေ့ဘဲနဲ့ ဘာလုပ်ငန်းလုပ်လုပ် လုပ်စေချင်ပါတယ်။ ခရီးသွားလုပ်ငန်း လည်း ဒီအတိုင်းပါပဲ။ ကျွန်မတို့ ပြည်ထောင်စုသူ၊ ပြည်ထောင်စုသား အားလုံးအတွက် အကျိုးရှိအောင် စဉ်းစားပြီး လုပ်စေချင်ပါတယ်။ ပြီးတော့ ပြည်ထောင်စုသူ၊ ပြည်ထောင် စုသားအားလုံး ပိုမိုပြီးတော့ နီးစပ်လာအောင်၊ ညီညွှတ်လာအောင်၊ ပိုမိုပြီးတော့ စည်းလုံးလာအောင် လုပ်ပေးမယ့်ပုံစံမျိုးလည်းဖြစ်စေချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြိုင်အဆိုင်လုပ်ပြီးတော့ စိတ်ဝမ်းကွဲတာမျိုးမဟုတ်ဘဲနဲ့ တစ်ယောက် နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်ပြီး ညီညွတ်လာတဲ့ပုံစံမျိုးဖြစ်အောင် လုပ်ပေးစေချင် ပါတယ်။

ကျွန်မတို့န်ိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်ဆိုတာ ထူးထူးထွေထွေ ပြောနေဖို့ မလိုပါဘူး။ ဖွံ့ဖြိုးတိုးတက်ပုံ၊ ဖွံ့ဖြိုးတိုးတက်နည်းက အကောင်းဆုံးနည်းဖြစ်ရဲ့ လားဆို တာ စဉ်းစားဖို့လိုပါတယ်။

ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်တာနဲ့အမျှ နိုင်ငံသားတွေ အားလုံးရဲ့ ဘ၀၊ အများ စုပေါ့၊ တစ်ရာ ရာခိုင်နှုန်းဆိုတာတော့ ဒီလောကကြီးထဲမှာ မဖြစ်နိုင်ပါဘူး။ အများစုကြီး ရဲ့ ဘဝတိုးတက်ရေးအတွက် ဟုတ်ရဲ့လား၊ လူတစ်စုတည်းလားဆိုတာကို ကျွန်မတို့ အမြဲပဲသတိထားဖို့ လိုအပ်ပါတယ်။ ကျွန်မတို့နိုင်ငံသူ၊ န်ိုင်ငံသားအများစုကြီးအတွက် အကျိုးဖြစ်စေမယ့် ခရီးသွားလုပ်ငန်းတွေကို အမြန်ဆုံးဖော်ထုတ်န်ိုင်ပါစေ၊ န်ိုင်ငံတော် အတွက် ပိုက်ဆံတွေအများရမယ့်လုပ်ငန်း တွေဖြစ်ပါစေလို့ ကျွန်မအနေနဲ့ဆန္ဒပြုပါ တယ်။

ကျေးဇူးတင်ပါတယ်။

Featured News: 
1

MRTV feeds