နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၈ ခုနှစ်၊ ပညာရေးဖွံ့ဖြိုး တိုးတက်မှု အကောင် အထည်ဖော်ရေးနှီးနှော ဖလှယ်ပွဲသို့ တက်ရောက် အမှာစကားပြောကြား

Sun, 08/26/2018 - 23:30 -- admin

နေပြည်တော် ဩဂုတ် ၂၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)(MICC-2) ၌ ကျင်းပ သည့် ၂၀၁၈ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှော ဖလှယ်ပွဲ သို့ တက်ရောက် အမှာစကားပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

“ဒီနေ့ ဆွေးနွေးမယ့်ကိစ္စတွေက ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ အရေးကြီး တယ်ဆိုတာ ထူးထူးထွေထွေပြောဖို့ မလိုဘူး ထင်ပါတယ်။ အဆင့်မြင့်ပညာ ကဏ္ဍ ဆိုပေမယ့် ကျွန်မတို့ အခက်အခဲရှိတာက ဘာလဲဆိုတော့ မူလတန်းကနေ ပညာဆိုတာ စရတာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ မူလတန်းကတည်းက ပညာရေးစနစ် အားနည်းတဲ့ အခါကျတော့ အဆင့်မြင့်ရောက်တော့မှ ကျွန်မတို့ရဲ့လူငယ်တွေကို အဆင့်မြင်အောင် လုပ်ပေးဖို့ဆိုတာ ပိုပြီးတော့ ခက်ခဲပါတယ်။ ဒါကြောင့် အဆင့်မြင့်ကဏ္ဍမှာ ရုန်းကန် ရတဲ့ဆရာဆရာမများ ပညာရေးဝန်ကြီးဌာနအပါအဝင် အခက်အခဲတွေရှိတယ်ဆိုရင် ကျွန်မတို့ရဲ့ ကျောင်းသူကျောင်း သားတွေ အတွက်လည်း အခက်အခဲရှိပါတယ်။ အခြေခံက မကောင်းခဲ့တော့ မကောင်းခဲ့တဲ့အခြေခံကို ကျော်လွှားပြီးတော့ ဘယ်လိုလုပ်ပြီး ကောင်းတဲ့ နိဂုံးကို ရောက်မလဲ ဆိုတာကို စဉ်းစားဖို့ပဲဖြစ်ပါတယ်။ အဆင့်မြင့်ပညာကဏ္ဍမှာပါဝင်နေတဲ့ ပုဂ္ဂိုလ်များအားလုံးရဲ့တာဝန်ဟာ အင်မတန်မှ ကြီးပါတယ်။

“ပညာရေးအောင်မြင်ဖို့ဆိုရင် အောင်မြင်မယ်ဆိုတဲ့ယုံကြည်ချက်က ရှိရမယ်။ ကျွန်မတို့ လူငယ်တွေစိတ်ထဲမှာရှိရမယ်။ လူငယ်တွေထဲမှာ ယုံကြည်ချက်ရှိဖို့ဆိုတာဟာ သွန်သင်ဆုံးမတဲ့ မိဘများနဲ့ ဆရာဆရာမများဟာလည်း ဒီယုံကြည်ချက်ရှိရမယ်။ အောင်နိုင် နိုင်တဲ့လူငယ်တွေဖြစ်လို့ အောင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိဖို့လိုပါတယ်။

“လူ့အသိုင်းအဝိုင်းတစ်ခုတိုးတက်ဖို့အတွက် ဘယ်လိုပညာတွေ လိုသလဲဆိုတာ ကျွန်မတို့ စဉ်းစားဖို့အများကြီးလိုပါတယ်။ ကိုယ့်နိုင်ငံရဲ့အားနည်းချက်တွေကို ပြန်ကြည့် ရ မယ်။ နောက်ပြီး ကိုယ့်နိုင်ငံရဲ့ အားသန်ချက်တွေကိုလည်း ကြည့်ရမယ်။ ပညာရေးနဲ့ ပတ်သက်လို့ ကျွန်မတို့ နိုင်ငံရဲ့ အားသာချက်၊ ကျွန်မတို့ ယဉ်ကျေးမှုရဲ့အားသာချက် ဆိုတာ သမိုင်းအစလောက်ကတည်းက ကျွန်မတို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ ပညာကို အင်မတန်မှ တန်ဖိုးထားခဲ့ပါတယ်။ ပညာရဲရင့် ပွဲလယ်တင့် စသဖြင့် ပညာကို ကျွန်မတို့ အထူး တန်ဖိုးထားတယ်။ ပညာဆိုတာဟာ အတန်းထဲမှာသင်တဲ့ပညာတင်မဟုတ်ပါဘူး ဆိုတာ လည်း ကျွန်မတို့အားလုံးနားလည်ဖို့လိုတယ်။ ကျွန်မတို့ ကလေးတွေနားလည်ဖို့လည်း လိုပါ တယ်။

“ အခုလက်ရှိ ကျွန်မတို့နိုင်ငံရဲ့အခြေအနေက မူလတန်း၊ အလယ်တန်း၊ အထက် တန်း ကျောင်းမှာ ပြည့်ပြည့်၀၀ ပညာကိုအဆင့်မီမီ မသင်ခဲ့ရတဲ့ကလေးတွေကို တက္ကသိုလ် ရောက်တဲ့အခါ ဘယ်လိုအဆင့်မီသွားအောင် လုပ်မလဲဆိုတော့ ဒါဟာ ကျွန်မတို့ နိုင်ငံအတွက် အကြီးမားဆုံးစိန်ခေါ်မှုကြီးပါပဲ။ အခုခေတ်မှာ ခေတ်စားနေတဲ့ စကားလုံး ဖြစ်တဲ့ ကျော်လွှားပြီး သွားနိုင်တဲ့နည်းတွေကို ရှာရမယ်ဆိုပြီး တော့ပြောကြတယ်။ ကျွန်မ တခါတလေစဉ်းစားတယ်၊ အရှေ့မှာရှိတဲ့ ခလုတ်ကန်သင်းကို ခုန်ပြီးတော့ ကျော်လွှား သွားတယ်ဆိုတာက တခြားသူတွေသွားခဲ့တဲ့ လမ်းပုံစံအတိုင်းပဲ သွားနေတယ်ဆိုတဲ့ အထင်တွေအပေါ်မှာများ အခြေခံနေလားဆိုပြီးတော့ စဉ်းစားမိပါတယ်။ ဒါကြောင့် ကျွန်မတို့က ဒီလို ခုန်ပျံကျော်လွှားတာထက် ကိုယ့်လမ်းကို၊ ကိုယ့်ရဲ့ သင့်တော်တဲ့လမ်းကို ရှာပြီး၊ ဒီလမ်းကို ဖောက်ပြီးတော့၊ ပြုပြင်ပြီးတော့ သွားဖို့ မကောင်းဘူးလားဆိုတာ ကျွန်မတို့ စဉ်းစားဖို့ ကိစ္စဖြစ်ပါတယ်။ အဲဒီလို လုပ်တဲ့အခါ တခြား နိုင်ငံတွေရဲ့ အတွေ့အကြုံတွေ၊ အောင်မြင်မှုတွေနဲ့ ရှုံးနိမ့်မှုတွေကို ကြည့်ပြီး သင်ခန်းစာယူနိုင်ပါတယ်။ သင်ခန်းစာယူတာနဲ့ အတုခိုးတာ မတူပါဘူး။ သင်ခန်းစာယူ တယ် ဆိုတာ သူများတွေရဲ့ အဖြစ်အပျက်တွေကို ကြည့်ပြီးတော့ ဒီအဖြစ်အပျက်တွေအပေါ်မှာ အခြေခံပြီး ကိုယ့်အခြေအနေကို အကောင်းဆုံးဘယ်လို ဖြစ်အောင်လုပ်မလဲဆိုတာ ဒါသင်ခန်းစာ ယူတာပါ။

အတုခိုးတယ်ဆိုတာ တစ်ခါတစ်လေ ကိုယ်ရဲ့အခြေအနေနဲ့ သင့်တော်သလား၊ မသင့်တော်သလား မစဉ်းစားဘဲနဲ့ သူတို့ဒီလိုလုပ်လို့ သူတို့နိုင်ငံချမ်းသာတာ၊ တို့လည်း ဒီလိုလုပ်မယ်ဆိုတာ အဲဒါမဖြစ်နိုင်ပါဘူး။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အခြေအနေ မတူပါဘူး။ တစ်နိုင်ငံတိုးတက်တဲ့ အချိန်ကာလနဲ့ နောက်တစ်နိုင်ငံတိုးတက်တဲ့အချိန်ကာလဟာ မတူပါဘူး။ ကျွန်မတို့ နိုင်ငံတိုးတက်ဖို့ စိုင်းပြင်းနေတဲ့အချိန်ကာလဟာ ကျွန်မတို့ ဒေသအတွင်းက ၁၉၈၀ ကျော်နှစ်တွေမှာ တိုးတက်ခဲ့တဲ့ ၊အောင်မြင်ခဲ့တဲ့နိုင်ငံတွေ ရင်ဆိုင်ရတဲ့ ပြဿနာတွေနဲ့ မတူပါဘူး။ ဒါကြောင့် ကျွန်မတို့ဟာ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတဲ့ ပညာ ရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဖို့ဟာ အင်မတန်မှ အရေးကြီး ပါတယ်။

“အခုဆိုရင် ကျွန်မတို့တွေ့ရတာက ကျောင်းမှာရှိတဲ့ ကလေးတွေ၊ မူလတန်းကျောင်း ကလေးတွေနဲ့ အလယ်တန်းကျောင်း ကလေးတွေရဲ့ စိတ်ထားအင်မတန်မှ အားတက်စရာ ရှိပါတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတယ်။ သူတို့ သင်ချင်တဲ့စိတ်ရှိတယ်။ သွက်လက် တယ်၊ ဖြတ်လတ်တယ်၊ ထက်မြက်တယ်။ အထက်တန်းကျတော့ ဘယ်လိုရှိသလဲဆိုတာ ဆရာ၊ ဆရာမတွေ ပိုပြီးတော့ သိမှာပါ။ တက္ကသိုလ်ရောက်တဲ့အခါ ဘယ်လိုရှိသလဲ။ သင်ယူချင်တဲ့ စိတ်တွေရှိရဲ့လားဆိုတာ အရေးကြီးဆုံးပါပဲ။ လူတွေက ကောင်းတယ် ဆိုးတယ် ထက်တယ်၊ တုံးတယ် ကျွန်မခွဲခြားပြီးမမြင်ပါဘူး။ သင်လို့ရတဲ့ ပုဂ္ဂိုလ်နဲ့ သင်လို့မရတဲ့ ပုဂ္ဂိုလ်တွေဆိုတာ အသက်အရွယ်နဲ့လည်းမဆိုင်ပါဘူး။ အချို့တွေ က အသက် ၉၀ ကျော်ပေမယ့် သင်လို့ရပါသေးတယ်။ အချို့တွေက ငယ်ငယ်လေးနဲ့ သင်လို့မရပါဘူး။ သင်လို့ရတဲ့ စိတ်နဲ့ သင်လို့မရတဲ့ စိတ်ကြားမှာ ဘာကွာခြားသလဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုက အင်မတန်မှ အရေးပါတယ်။ ငယ်ငယ်ကတည်းက သင်ချင်တဲ့စိတ်ကို ပြုစုပျိုးထောင်ခြင်းခံရတဲ့ကလေးတွေဟာ အသစ်လည်း သင်ချင်တဲ့ စိတ်တွေရှိလာတယ်။ ငယ်ငယ်ကတည်းက သင်ချင်တဲ့စိတ်ကို အားပေးတာမဟုတ်ဘဲနဲ့ စူးစမ်းချင်တာ၊ မေးမြန်းချင်တာ သိချင်တာတွေကို စပ်စုရကောင်းလား အပိုတွေမေးရ ကောင်းလားဆိုပြီးတော့ အဲဒီလို တုန်ပြန်မှုတွေနဲ့ ကြုံခဲ့ရတဲ့ ကလေးတွေဟာ ခပ်မြန်မြန် သိချင်တတ်ချင် ထိုးဖောက်ချင်တဲ့ စိတ်တွေ တုံးသွားတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ အဆင့် မြင့်ပညာရေး တိုးတက်ဖို့ဆိုရင် သင်ချင်တဲ့စိတ်တွေကို အားပေးစေချင်ပါတယ်။

“နောက်ပြီး ရှုံးနိမ့်ဖို့ကို မကြောက်ပါနဲ့။ ရှုံးနိမ့်တယ်ဆိုတာ ကျွန်မတို့နိုင်ငံမှာ ဘယ်လို ဖြစ်နေလဲဆိုတော့ အထူးသဖြင့် စာမေးပွဲ စနစ်ကြောင့်မို့ ရှုံးနိမ့်တယ်ဆိုတာ သူများနဲ့ ယှဉ်ပြီး ကိုယ့်ကိုမြင်ကြတဲ့ ဟာမျိုး၊ သူထက် အမှတ်နည်းလို့ရှိရင် ကိုယ်ကရှုံးတယ်၊ သူကနိုင်တယ်ပေါ့။ ဒီလိုမဟုတ်ဘဲနဲ့ ကိုယ့် ရဲ့အရည်အချင်းနဲ့ပဲ ကိုယ်ပြန်ပြိုင်ပါဆိုတာ ကျွန်မ ခဏခဏပြောပါတယ်။ ကိုယ့်မှာရှိတဲ့ အရည်အချင်း၊ ကိုယ်ထုတ်နိုင်တဲ့စွမ်းရည် အဲဒါတွေနဲ့ပဲ ကိုယ်ပြန်ပြိုင်ပါ။ ကိုယ့်မှာရှိသလောက်အရည်အချင်းတွေကို အပြည့်အဝ သုံးကြပါ။ ကိုယ့်ကိုယ်ကိုယ်အတော်ဆုံးဖြစ် အောင်လုပ်ကြပါ။ ကိုယ်နဲ့ပဲကိုယ်ပြိုင်တာဟာ အကောင်းဆုံးပါပဲ။ ဘေးကလူတွေနဲ့ပြိုင်နေ တာဟာ ကိုယ်ရဲ့အရည်အချင်းတွေ ကိုလည်း မေ့တတ်တယ်။ ဘေးကလူတွေကိုပဲကြည့်ပြီး သူဘယ်လိုဖြစ်လို့ရှိရင် တို့လည်းဒီလိုဖြစ် ရမယ်။ သူဒီလောက်ရရင် တို့လည်းဒီလိုရရမယ်။ အဲ့ဒီလို စိတ်တွေကို အားမပေးပါနဲ့။ အဲဒီလိုဟာက တစ်ယောက်နဲ့တစ်ယောက်မနာလိုတဲ့ စိတ်တွေကို အားပေးရာရောက်ပါ တယ်။ ဒါဟာ လူအသိုင်းအဝိုင်းတစ်ခုအတွက် အားနည်း ချက်တစ်ခုပါပဲ။ တစ်ဦးနဲ့တစ်ဦး မနာလိုတဲ့စိတ်တွေ ရှိနေရင် တစ်ယောက်ရဲ့ အောင်မြင် မှုတွေကို မုဒိတာမပွားနိုင်ရင် လူ့အသိုင်းအဝိုင်းအပေါ်မှာ သက်ရောက်မှုတွေအများကြီး ရှိပါတယ်။

“ အဆင့်မြင့်ပညာနဲ့ပတ်သက်ပြီး ပညာရေးနဲ့ပတ်သက်ပြီး လူကြီးလူငယ် မခွဲခြားဘဲ မြင်စေချင်ပါတယ်။ တက္ကသိုလ်ကျောင်း တက်နေမှလည်း မဟုတ်ဘူး။ အဆင့်မြင့်ပညာ ဆိုတာ ဆည်းပူးလို့ ကုန်နိုင်တဲ့ပညာမျိုး မဟုတ်ဘူးဆိုတာ သတိပေးချင်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ဘယ်ဘက်မှာ စွမ်းအားတွေ လိုနေသလဲဆိုတော့ အဓိကလိုနေတဲ့ နေရာတစ်ခု ကတော့ အမှန်ပြောရရင်နိုင်ငံ့ဝန်ထမ်း တွေပါပဲ။ နိုင်ငံ့ဝန်ထမ်းတွေဆိုတာ နှစ်ပေါင်းများစွာ အရင်တုန်းက ပညာရေးစနစ်ကနေ ဖြတ်ကျော်ခဲ့ပြီးတော့ အခု နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်နေတဲ့အဆင့်ကိုရောက်လာပြီ။ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်နေတဲ့အဆင့် ကို ရောက်တဲ့အခါ ပြီးပြည့်စုံမှုရှိရဲ့လား ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးသုံးသပ်တဲ့ဝန်ထမ်း တွေလည်း ရှိလာလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ အဲဒီလို သုံးသပ်ဖို့ ဟာလည်း အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီလို သုံးသပ်မှလည်း ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ပြုပြင်နိုင်မှာပါ။ အဆင့်မြင့်ပညာရေး စနစ်ဆိုတာဟာ ကျောင်းမှာနေတဲ့ ကျောင်းသားတွေ သာမဟုတ် တက္ကသိုလ်တွေမှရှိနေတဲ့ ကျောင်းသူ ကျောင်းသားတွေသာမဟုတ်၊ နိုင်ငံမှာ ရှိနေတဲ့ ပြည်သူအားလုံးကို ဦးတည်ပြီးတော့ စဉ်းစားပြီးတော့ အကောင်အထည်ဖော် ပေးစေချင်ပါတယ်။

“ အခု ပညာရေးစနစ်နဲ့ပတ်သက်ပြီး ပိုပြီးတော့ သုံးစွဲလာတာတွေ ရှိပါတယ်။ ပိုပြီးသုံးစွဲ လာတာထက် မှန်မှန်ကန်ကန်သုံးစွဲတာက ပိုပြီးအရေးကြီးပါတယ်။ ရှိတဲ့ ပိုက်ဆံကို ကျွန်မတို့ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုသုံးစွဲရမလဲ ဆိုတာ စဉ်းစားဖို့ ဟာ အင်မတန်အရေးကြီးပါတယ်။ အခြေခံကောင်းမှ၊ အစကောင်းမှ အနှောင်း သေချာမယ်ဆိုတာ အခြေခံကောင်းဖို့လို့ပါတယ်။ ကျွန်မတို့ရဲ့ ပညာရေးစနစ်အရ ကျွန်မ တို့ရဲ့ စံနှုန်းစံထားတွေအရ ဆိုရင် တက္ကသိုလ်ဆရာ၊ဆရာမတွေကို မူလတန်းဆရာ ဆရာမ တွေထက် အများကြီးအထင်ကြီးကြတယ်။ ဒီဟာလည်း မှန်တယ်လို့ မယူဆပါဘူး။ မူလတန်းကျောင်းမှာ တော်တဲ့ဆရာဆရာမတွေဟာ ကလေးတွေရဲ့ အနာဂတ်ကို ကောင်း ကောင်းခိုင်ခိုင်မာမာ အုတ်မြစ်ချပေးလိုက်တဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။ ဒီ အုတ်မြစ်အပေါ် မှာ ဆက်ပြီးတော့ မူလတန်းကျောင်း၊ အထက်တန်းကျောင်း တက္ကသိုလ်ကနေပြီးတော့ အဆောက်အအုံမျိုးတွေကို ဆောက်ပေးရတာပါ။ အဆင့်မြင့်ပညာကဏ္ဍမှာပါဝင်နေတဲ့ ပညာရေးဝန်ထမ်း များ၊ ပညာရေးနဲ့ ပတ်သက်လို့ စိတ်ဝင်စားကြတဲ့ပြည်သူပြည်သားတွေ ဟာ မူလတန်းနဲ့ အဆင့်မြင့်ကို ခွဲခြားပြီးမမြင်စေချင်ပါဘူး။ တစ်ဆက်တည်းအဖြစ် မြင်စေ ချင်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားတဲ့ ဖြစ်စဉ်တစ်ခုအနေနဲ့ မြင်စေချင်ပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဆရာ၊ ဆရာမတွေ ကိုယ်တိုင်ကိုယ်က အားနည်းတဲ့ ပညာရေးစနစ်ကနေ ပေါက်ဖွားလာခဲ့ကြတာ များပါတယ်။ ဒါပေမယ့် နောက်မကျသေးပါ ဘူး။ ကိုယ်အရည် အချင်းတွေကို မြှင့်တင်နိုင်ခွင့်ဆိုတာ တစ်ချိန်လုံး ရှိနေပါတယ်။ အဲဒီတော့ လေ့လာကြပါ၊ မြှင့်တင်ဖို့ကြိုးစားကြပါ။ ကိုယ့်အရည် အချင်းကို မြှင့်တင်ခြင်းအားဖြင့် ကိုယ့် နိုင်ငံရဲ့အရည်အချင်းကို မြှင့်တင်ပေးတယ်ဆိုတဲ့စိတ်နဲ့ ဂုဏ်ယူကြပါ။ ဒါကို အင်မတန် အားပေးချင်ပါတယ်။ နောက်ဆုံးကျတော့ စိတ်ဓာတ်ပါပဲ။ ကျွန်မတို့ ဆရာဆရာမတွေရဲ့ စိတ်ဓာတ်၊ ကျောင်းသူကျောင်းသားတွေရဲ့ စိတ်ဓာတ်က မှန်ကန်တယ်ဆိုရင် အောင်မြင်မှာ သေချာပါတယ်။ အောင်မြင်တယ်ဆိုတဲ့ ယုံကြည်ချက် လည်းရှိစေချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ညှိနှိုင်းတိုင်ပင်ပြီး သင်ယူသွားမယ်ဆိုရင် မလွဲမသွေ အောင်မြင် မှာပါ။ ကူညီမယ့် မိတ်ဆွေတွေ ကမ္ဘာတစ်ဝန်းမှာရှိပါတယ်။ နောက်ဆုံးတော့ မိမိ ကိုယ်သာ ကိုးကွယ်ရာဖြစ်ပါတယ်။ က်ိုယ့်ကိုယ်က်ိုယ် ကူညီတာလောက် ပြင်ပက ကူညီတာဟာ ဘာမှမထိရောက်နိုင်ပါဘူး။ အဲဒါကြောင့် တစ်ကမ္ဘာလုံးနဲ့လက်တွဲပြီးလုပ်တဲ့အခါ မိတ်ဆွေ သဖွယ်၊ လုပ်ဖော်ကိုင်ဖက် တွေသဖွယ် ညီညီညာညာ ခင်ခင်မင်မင်နဲ့ လုပ်သွားတယ်ဆိုရင် နောက်ဆုံးကြတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာဖြစ်ပါတယ်။

“အဆင့်မြင့်ပညာမှာ အရေးကြီးတာက သုတေသနပါပဲ။ သုတေသနလုပ်တယ် ဆိုတာဟာ သုတေသနလုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ အသစ်အဆန်း လမ်းတွေ ဖွင့်ပေးဖို့ ပဲဖြစ်ပါတယ်။ သုတေသနဆိုတာ အဆုံးမဟုတ်ပါဘူး။ အသစ်အဆန်းတွေ အတွက် အစပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံမှာ သုတေသနကို အားပေးဖို့ဆိုပြီး ပညာရေးမူဝါဒ ထဲမှာထည့်ထားပါတယ်။ နှစ်ပေါင်းများစွာ သုတေသနကို လစ်လျှူရှုခဲ့တဲ့ အခါ ပြည်သူပြည် သားတွေရဲ့ မွေးရာပါ ထွင်ဥာဏ်တွေက တုံးသွားပါတယ်။ ဒါကြောင့် သုတေသနကို ဦးစားပေးချင်တယ်။ အဲဒီလိုဦးစားပေးတဲ့အခါ ကျွန်မတို့နိုင်ငံနဲ့ ကိုက်ညီတဲ့ ဘာသာရပ်တွေနဲ့ ကိုက်ညီတဲ့ ကိစ္စရပ်တွေကို အထူးအလေးပေးပြီး သုတေသနလုပ်ပေး စေချင်ပါတယ်။ ဒါမှလည်း ကျွန်မတို့ လက်တွေ့ကျကျတိုးတက်မယ်။ ကိုယ့်နိုင်ငံရဲ့ အခြေအနေကို တိုးတက်အောင်လုပ်ပေးနိုင်မယ်။ ကမ္ဘာနဲ့ ရင်ပေါင်တန်းပြီး ကျွန်မတို့ ပညာရေးလောကကြီးမှာ ထွန်းပေါက်နိုင်မှာဖြစ်ပါတယ်။ သုတေသနလုပ်တယ်ဆိုတာ သုတေသနလုပ်ဖို့အတွက် အထောက် အကူပစ္စည်းတွေအများကြီး လိုတယ်ဆိုတာ ထူးထူး ထွေထွေပြောဖို့မလိုပါဘူး။ ဒီအချိန်မှာ ဒီကိစ္စမှာ ပုဂ္ဂလိကစီးပွားရေးပိုင်းကလည်း ပါဝင် ပတ်သက်နိုင်တယ် ဆိုတာ သတိပေးချင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာဆိုရင် သုတေသနနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ပံ့ပိုးတာတွေ အများကြီး ရှိပါတယ်။ ဒီလိုပဲပံ့ပိုးမှုတွေ ရအောင် လုပ်ရမယ်။ ကျွန်မတို့ နိုင်ငံအနာဂတ်အတွက် ရုန်းကန်တဲ့ အလေ့အကျင့်ကို အုတ်မြစ်ချပေးရမယ်။ ဒါလည်း အဆင့်မြင့်ပညာ အတွက် အရေးကြီးတဲ့ကိစ္စရပ်တစ်ခုဖြစ်တယ်။ သုတေသန နဲ့ပတ်သက်ပြီးပြောရရင် စာကြည့်တိုက် တွေအကြောင်း ပြောရမှာဖြစ်တယ်။

“ကျွန်မတို့နိုင်ငံမှာ စာကြည့်တိုက်တွေ ခေါင်းပါးနေတဲ့ ခေတ်ကြီးကနေ အခုမှစပြီး ထွက်လာတာပါ။ စာကြည့်တိုက်တွေ ခေါင်းပါးတယ်။ စာအုပ်ဆိုင်တွေ ခေါင်းပါးတယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေဟာ ထုံးတမ်းအစဉ်အလာအရ ကျွန်မတို့ ယဉ်ကျေးမှုအရ စာပေအင်မတန်မြတ်နိုးပါတယ်။ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုထဲမှာကို လမ်းဘေးစာအုပ်ဆိုင် တွေသွားပြီး လေ့လာတာ ဟာ အင်မတန်မှ အရေးကြီးတဲ့ စိတ်အပန်းဖြေစရာ အလုပ် တစ်ခုလိုဖြစ်နေပါတယ်။ အခုနောက်ပိုင်း ဒါတွေဟာ တစ်ဖြည်းဖြည်း တိမ်ကောသွားတယ်။ စာအုပ်ဆိုင်တွေ ရှိသင့်သလောက်မရှိဘူး။ နိုင်ငံခြားခရီးထွက်ရင် နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကို ကျွန်မသိထား တဲ့ အချက်အလက်တွေနဲ့ ယှဉ်ပြီးတော့ သိပ်မကြည့်ဘူး။ အဲဒီနိုင်ငံမှာ စာအုပ်ဆိုင်တွေ ဘယ်လောက်များ သလဲ၊ ဘယ်လောက် လွယ်လွယ်နဲ့ ကိုယ်လိုချင်တဲ့စာအုပ်တွေ ဝယ်လို့ရသလဲဆိုတာကို အမြဲကြည့်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဆင်းရဲတာနဲ့ ချမ်းသာတာ မတူပါဘူး။ ဆင်းရဲတယ်လို့ထင်ရတဲ့ နိုင်ငံတွေမှာ စာအုပ် ဝယ်တဲ့နေရာမှာ အင်မတန်လွယ်ပါ တယ်။ ဘယ်နေရာမှာမဆို စာအုပ်ဆိုင်တွေရှိတယ်။ ဘယ်နေရာမှာမဆို မထင်မှတ်ဘဲ စာအုပ်တွေရောင်းနေတာ တွေ့ရတယ်။ အဲဒါဆိုရင် ဒီနိုင်ငံတွေဟာ တကယ်ပဲ ဖွံ့ဖြိုးတိုး တက်တဲ့ နိုင်ငံတွေပဲ၊ ဒီနိုင်ငံတွေရဲ့အလား အလာဟာ အင်မတန်မှကောင်းနေတယ်လို့ ကျွန်မသတ်မှတ်တယ်။

“အဆင့်မြင့် ပညာသင်တဲ့အခါ စာဖတ်ချင်ဖို့ စာဖတ်တတ်ဖို့၊ အားပေးပါဆိုတာကို အမြဲတိုက်တွန်း တာဖြစ်ပါတယ်။ အဆင့်မြင့်ပညာရေးနဲ့ဆိုင်တဲ့ ဌာနတွေဟာ ပိုပြီးတော့ ကိုယ်ဟာကို လွတ်လွတ်လပ်လပ် ကိုယ်ရဲ့သဘောအရ၊ ကိုယ်ရဲ့ယုံကြည်ချက် အရ ဆက်လက်ပြီး ဆောင်ရွက်သွားနိုင်ဖို့ စဉ်းစားထားတာရှိပါတယ်။ အဲဒီလို စဉ်းစားတဲ့နေရာ မှာ တက္ကသိုလ်များနဲ့တန်းတူ အဆင့်မြင့်ပညာရေးစနစ်မှာ အသက်မွေးဝမ်းကျောင်း ပညာ ကျောင်းတွေကို တန်ဖိုးထားစေချင်ပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာကျောင်းတွေဟာ ကျွန်မတို့ နိုင်ငံ အတွက် အင်မတန်မှ လိုအပ်တယ်။ အင်မတန်တန်ဖိုးရှိပါတယ်။ ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံအချို့ဟာ အသက်မွေးဝမ်းကျောင်းပညာကို အင်မတန်အလေးထား ပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ အားသာချက်က ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ အသက်မွေး ဝမ်းကျောင်းပညာ ဘက်ကို ကျွန်မတို့ ပြည်သူပြည်သားများ၊ ကျောင်းသူကျောင်းသားတွေ တင်မက ကျောင်းသူကျောင်းသားမိဘတွေဟာ အဲဒီဘက်ကို လှည့်လာပြီး အသက်မွေး ဝမ်းကျောင်းပညာရဲ့တန်ဖိုးကို သိလာတာဟာ ကျွန်မတို့နိုင်ငံအတွက် အင်အားကြီး တစ်ခုပါပဲ။ ဒီအပေါ်မှာ ကျွန်မတို့ ဆောက်တည်ဖို့လိုပါတယ်။

“အာရှတိုက် နိုင်ငံတော်တော်များများမှာ အသက်မွေးဝမ်းကျောင်း ပညာကို တက္ကသိုလ်ပညာနဲ့စာရင် အဆင်နိမ့်တယ်၊ ဒုတိယတန်း ဆိုပြီးမြင်တာတွေ ရှိတာကြောင့် တကယ်တော့ မိမိနိုင်ငံရဲ့ လိုအပ်ချက်နဲ့ ပညာရေးစနစ် က မွေးထုတ်လိုက်တဲ့ ကျောင်းသူကျောင်းသားတွေဟာ မကိုက်ညီမှု ဖြစ်နေပါတယ်။ ကျွန်မတို့ န်ိုင်ငံမှာ ဒီလို စိတ်ဓာတ်တွေ အင်မတန်နည်းပါတယ်။ အသက်မွေး ဝမ်းကျောင်းပညာကို ပိုပြီးတော့ တန်ဖိုးထားတာ၊ အလေးထားတာ တွေ့ရပါတယ်။ အင်မတန် အားတက်ပါတယ်။ ဒါကို ဆက်ပြီးတော့ ပညာရေးဝန်ကြီးဌာနက အားပေးရုံတင်မက ပုဂ္ဂလိကဘက်ကလည်း ကူညီစေချင်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာ ကျောင်းတွေကို ပုဂ္ဂလိကဘက်က ပိုပြီးတော့ စိတ်ဝင်စားစွာနဲ့ အားပေးတာ တည်ထောင် တာကို ကျွန်မအနေနဲ့ တိုက်တွန်း ချင်ပါတယ်။

“အဝေးသင်ပညာရေးစနစ်နဲ့ပတ်သက်လို့ ရှင်းလင်းစရာ တစ်ခုဖြစ်လာပါတယ်။ နှစ်ပေါင်းများစွာ ကျွန်မတို့နိုင်ငံရဲ့ အဝေးသင်ပညာရေးစနစ်ဆိုတာ အလွယ်တကူဘွဲ့ရ ရေးစနစ်ဖြစ်ခဲ့ပါတယ်။ အလွယ်တကူရတဲ့ဘွဲ့ဆိုတာ ခက်ခက်ခဲခဲ ကြိုးစားပြီးရယူတဲ့ ဘွဲ့နဲ့တော့ မတူဘူးပေါ့။ တော်တော်များများက အဝေးသင်ပညာရေးစနစ်က ဘွဲ့ယူတာ ၊ အဲဒါကို အပြစ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေ ပညာကိုတန်ဖိုးထား တာကို ပြတဲ့ဟာပါပဲ။ ဘွဲ့တစ်ခုရတယ်ဆိုရင် ကိုယ့်ဘဝမှာ အဆင့်တစ်ခုကျော်လွှားသွား နိုင်ပြီ၊ တကယ်ပဲ ပညာပြည့်စုံသွားပြီ ဆိုတဲ့အမြင်ဟာ ဆိုးဝါးတဲ့အမြင်မဟုတ်ပါဘူး။ ဒါဟာ ပညာကို တန်ဖိုးထားတာပဲ။ သို့သော် အဝေးသင်ပညာရေးစနစ်ဟာ တကယ်ပဲ ထိထိ ရောက်ရောက် ပညာပေးနိုင်တဲ့စနစ်မဖြစ်ခဲ့ပါဘူး။ အခုအဝေးသင်ပညာရေးစနစ်ဟာ လည်း သာမန်တက္ကသိုလ်တွေမှာ လိုပဲ ထိထိရောက်ရောက် ပညာပေးနိုင်တဲ့စနစ်တစ်ခုဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ အဲဒီလို ကြိုးစားဆောင်ရွက် တဲ့နေရာမှာ အားလုံးပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။

“ဆရာ၊ဆရာမတွေကိုလည်း ပြန်ပြီးအရည်အချင်းမြှင့်ပေးရတဲ့ လုပ်ငန်းကြီးဟာ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ ကျောင်းသူကျောင်း သားတွေရဲ့ ပညာအရည်အချင်းမြှင့်ဖို့ဆိုရင် ဆရာဆရာမတွေရဲ့ အရည်အချင်းကို မြှင့်ပေးဖို့လိုပါတယ်။ အဲဒီမှာလည်းကျွန်မတို့ အင်မတန်ရုန်းကန်နေရပါတယ်။ ဆရာ၊ဆရာမတွေဟာ အများအားဖြင့် ကိုယ့်မိသားစု တာဝန်တွေနဲ့ ဖြစ်နေပြီဆိုတော့ ကျောင်းသူကျောင်းသားတွေလို အချိန်ပြည့် ပညာရေးကို အာရုံမစိုက်နိုင်ပါဘူး။ ဒါပေမယ့် နိုင်ငံရဲ့လိုအပ်ချက်အရ တတ်နိုင်သလောက် ကိုယ့်ရဲ့ အရည်အချင်းမြှင့်တင်ရေးအတွက် ဆရာ၊ဆရာမတွေကိုကြိုးစားစေချင်ပါတယ်။ ဒီလိုကြိုး စားချင်း အားဖြင့် က်ိုယ်လည်းကျေနပ်မှု ရမယ်၊ ကိုယ်မွေးထုတ်လိုက်တဲ့ ကျောင်းသူ ကျောင်းသားတွေဟာလည်း ကျွန်မတို့နိုင်ငံရဲ့ အကျိုးကို တစ်သက်ဆောင်ယူ နိုင်ရုံသာမက ကမ္ဘာလူသားများရဲ့ အကျိုးကိုဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာနိုင်တယ်ဆို တာကို နှလုံးသွင်းပြီး ကြိုးစားစေချင်ပါတယ်။

“တစ်နေ့နဲ့ တစ်နေ့ ကျွန်မတို့နိုင်ငံရဲ့ အခြေအနေကို ကြည့်လိုက်တဲ့ အခါ ကျွန်မအားအရဆုံးကိစ္စတွေထဲမှာ ပညာရေးတိုးတက်မှု ပဲဖြစ်ပါတယ်။ တချို့က ဒါကို သတိထားမိချင်မှ သတိထားမိကြ ပါမယ်။ ကျွန်မသတိထားမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ ကျောင်းရဲ့ကလေးတွေဟာ စိတ်အားထက် သန်မှုမှာ ပိုပြီးတော့ မိမိ ကိုယ်ကို ယုံကြည်မှု အဲဒါတွေကို ကျွန်မတွေ့ရတယ်။ ဒါတွေကို ကျွန်မတို့ ပြုစု ပျိုးထောင်ရမယ်။ ကလေးတွေ အောင်မြင်စေချင်လို့ ရှိရင် ငါတို့ဟာ အောင်မြင်နိုင်တဲ့ သူတွေဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ငယ်ငယ်ကတည်းကနေ ကလေးတွေရဲ့ နှလုံးသားမှာ စွဲသွားအောင် လုပ်ပေးဖို့ဖြစ်ပါတယ်။ အစကတည်းက လုပ်နည်းကိုင်နည်းမမှန်ရင် နောင် ပြုပြင်ဖို့ အင်မတန်ခက်ပါတယ်။

“အခုအဆင့်မြင့်ပညာအဆင့်မှာရောက်နေတဲ့ လူငယ်တော်တော် များများဟာ အားနည်းတဲ့ ပညာရေးစနစ်ရဲ့ သားကောင်တွေပဲလို့ တစ်နည်း အားဖြင့် ပြောလို့ရပါတယ်။ ဒီလူငယ်တွေကို အရင်တုန်းက ရထားတဲ့အလေ့အကျင့်တွေကို ပြုပြင်ရမယ်၊ အခုခေတ်နဲ့ ကိုက်ညီတဲ့ မှန်ကန်တဲ့ ပညာရှာနည်းတွေကို သင်ပေးရမယ် ဆိုတာဟာ အဆင့်မြင့် ပညာမှာ တာဝန်ယူနေတဲ့ဆရာဆရာတွေ အတွက် အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါ တယ်။ ဒီစိန်ခေါ်မှုကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်မယ်ဆိုရင် ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်အတွက်အားလုံးစိတ်အေးရမှာပါ။ အခုမှ မူလတန်းကျောင်းမှာ စပြီး ပြုစုပျိုး ထောင်နေတဲ့ ကလေးတွေ ကြီးလာတဲ့အထိ စောင့်နေလို့မရပါဘူး။ အခုချက်ချင်း ဒီနေ့ ဒီအချိန်ကနေစပြီး ကျွန်မတို့နိုင်ငံတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီ ပံ့ပိုးနိုင်တဲ့ လူငယ်တွေ ပညာတတ်လူငယ်တွေ မွေးထုတ်ဖို့ဆိုတာ အခုအဆင့်မြင့်ပညာ ရေးစနစ်ရဲ့ အကြီးဆုံး စိန်ခေါ်မှုကြီးဖြစ်လို့ ဒီစိန်ခေါ်မှုကို အောင်အောင်မြင်မြင်ကျော်လွှား ဖို့ဆိုတာ ကျွန်မတို့ အားလုံးမှာ တာဝန်ရှိပါတယ်။ အစိုးရဝန်ထမ်းဖြစ်တဲ့ ဆရာ၊ဆရာမ တွေမှာ လည်းတာဝန်ရှိပါတယ်။

ကျောင်းသူကျောင်းသားတွေမှာလည်း တာဝန်ရှိပါတယ်။ ပုဂ္ဂလိက ဆိုင်ရာ စီးပွားရေးအသိုင်းအဝိုင်းမှာတောင် တာဝန်ရှိပါတယ်။ အရေးကြီးဆုံးက မိဘတွေမှာ တာဝန်ရှိပါတယ်။ မိဘတွေက သားသမီးတွေကို မှန်ကန်တဲ့စိတ်နှလုံးသားတွေ၊ မှန်ကန်တဲ့ တန်ဖိုးထားမှုတွေရှိဖို့ကို ကူညီဆောင်ရွက်ပေးမှ အဆင့်မြင့်ပညာရေး စနစ်မှာ ရုန်းကန် နေရတဲ့ ဆရာ၊ဆရာမတွေအတွက်လည်း အကူအညီရမှာပါ။ အားလုံး ပူးပေါင်း ဆောင်ရွက်မှအောင်မြင်နိုင် မှာပါ။ အောင်မြင်မယ်ဆိုတာလည်း ကျွန်မယုံကြည် ပါတယ်။ အောင်မြင်မယ်ဆိုတာ ယုံကြည်လို့ အောင်မြင်မယ်လို့လည်း ကျွန်မပြောနိုင်ပါ တယ်။ အထက်တန်းပညာ၊ အဆင့်မြင့်ပညာမှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်အသီးသီးကလည်း အောင်မြင် မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆက်ပြီးတော့ ကြိုးစားသွားကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ် ခံရင်း နိဂုံးချုပ်ပါတယ်။''

Ref : Myanmar State Counsellor Office

Featured News: 
0