အစိုးရဌာန အဖွဲ့အစည်းများအတွက်သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းဖွင့်

Tue, 07/24/2018 - 20:57 -- admin
နေပြည်တော် ဧပြီ ၂၃
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးတွင် မီဒီယာတာဝန် ထမ်းဆောင်နေသူ ဝန်ထမ်းများအား သတင်းရေးသားထုတ်ပြန်ခြင်းနှင့် သတင်းရိုက် ကူး၊ တည်းဖြတ်၊ ထုတ်လုပ်ခြင်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန် ပြန်ကြားရေး ဝန်ကြီးဌာနမှ စီစဉ်ဖွင့်လှစ်သော သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနား၌ အဖွင့်အမှာစကားပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူများက အစိုးရကို ရွေးကောက်တင်မြှောက်ပြီး နိုင်ငံအသုံးစရိတ်အတွက် အခွန်အခများ ထည့်ဝင် ရသဖြင့် ပြည်သူ့ရံပုံငွေဖြင့် ရပ်တည်လည်ပတ်နေသည့် ဌာန အဖွဲ့အစည်း များအနေဖြင့် ယင်းတို့ လုပ်ကိုင်ဆောင်ရွက်နေသည်များကို ပြည်သူများသို့ စနစ်တကျ ပွင့်လင်းမြင်သာစွာ ပြန်ကြားအသိပေးရန် တာဝန်ရှိပါကြောင်း။ 
ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ဌာနအဖွဲ့အစည်းများတွင် မသမာမှုများ၊ လာဘ်ပေး လာဘ်ယူမှုများကို ကျဆင်းစေပြီး သန့်ရှင်းကောင်းမွန်သောအစိုးရ ပေါ်ထွန်း ရေးကို အထောက်အကူပြုကာ အစိုးရဌာန အဖွဲ့အစည်းများနှင့် ပြည်သူများ ကြားတွင် သံသယစိတ်နည်းပါးကာ ယုံကြည်မှုမြ့င် မားလာစေမှာ ဖြစ်ကြောင်း။
ဤသို့ သတင်းထုတ်ပြန်ခြင်းကို စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် သတင်းထုတ်ပြန်ရန် တာဝန်ရှိသည့် ဌာုနှင့် အဖွဲ့အစည်းတိုင်းတွင် သတင်းထုတ်ပြန်ရေး အဖွဲ့များကို ဖွဲ့စည်းထားရန် လိုအပ်ကြောင်း။ ယနေ့သင်တန်းတွင်တက်ရောက်သည့် သင်တန်းသားများသည် မိမိတို့၏ ဌာန အဖွဲ့အစည်းများတွင် သတင်းထုတ်ပြန်ရေးတာဝန်ကို ထမ်းဆောင်ရမည့် သူများဖြစ်သဖြင့် သတင်းထုတ်ပြန်ရေး နည်းပညာများကို စနစ်တကျ နားလည် တတ်မြောက်ထားရန်လိုအပ်ပါကြောင်း။  ထို့ကြောင့် ယခုသင်တန်းကို တန်ဖိုးထားပြီး အားထုတ် ကြိုးစားတက်ရောက်ကြစေလိုကြောင်း၊ သတင်းရေးသားထုတ်ပြန်သည့် နည်းပညာများမှာ အမြဲတမ်း တိုးတက်ပြောင်းလဲနေသဖြင့် မျက်ခြေမပြတ် လေ့လာဆည်းပူးနေရန်လည်း လိုအပ်ကြောင်း တိုက်တွန်း မှာကြားသွားသည်။

MRTV feeds