၂၀၁၇ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်သည့် အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

Tue, 07/24/2018 - 20:56 -- admin

၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ Myanmar Event Park (MEP)၌ ကျင်းပသည့် ၂၀၁၇ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်သည့် အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

ရုပ်ရှင်အဆင့်အတန်းမြင့်မားခြင်း၊ မမြင့်မားခြင်းသည် အများပြည်သူအတွက် အကျိုး ဖြစ်ထွန်းခြင်း၊မဖြစ်ထွန်းခြင်းနှင့် ဆက်စပ်နေသည်ကို စဉ်းစားကြည့်လျှင်သိမြင်နိုင်ပါကြောင်း။

ဘာကြောင့်လဲဆိုလျှင် ရုပ်ရှင်သည် အဓိကအားဖြင့် ဖျော်ဖြေမှုပေးသော အရာတစ်ခုအဖြစ်  မြင်ကြလေ့ရှိသော်လည်း ရုပ်ရှင်သည်အများကို အင်မတန် ဆွဲဆောင်နိုင် စွမ်းကြီးမားသည့် အတွက်ဖန်တီးသူများသည်  ရုပ်ရှင်မှတစ်ဆင့် သူတစ်ပါးကို  မိမိတို့ပေးချင်သည့် အယူအဆ များ၊ သဘောထားများ၊ ဖြစ်ပေါ်စေချင်သည့်  ခံစားချက်များ၊ စိတ်ထားများ ထည့်သွင်းပေး နိုင်သည့်အတွက်ကြောင့်လည်း ဖြစ်ပါကြောင်း။

ရုပ်ရှင်ဇာတ်ကားကောင်းများသည် လူအများကို အထူးသဖြင့် လူငယ်များကို စိတ်ဓာတ် ကောင်း၊   စရိုက်ကောင်းများ ဖြည့်ဆည်းပေးနိုင်သလို တချို့ဇာတ်ကားများသည် မလိုလားအပ် သည့် အပြုအမူ၊ အကျင့်အကြံများ၊မကောင်းသော စိတ်ထားများ ကိန်းအောင်းသွားစေနိုင်ရန် တွန်းပို့သည်မျိုးလည်း ရှိပါကြောင်း။

ထို့ကြောင့်   ရုပ်ရှင်အဆင့်အတန်း မြင့်မားခြင်းဖြင့်  အများပြည်သူအတွက် ဖျော်ဖြေမှုနှင့် အတူ မှန်ကန်သော အသိပညာဗဟုသုတများလည်း  တိုးပွားသည့်အတွက်  အကျိုးပြုသည်ဟု  ဆိုလိုခြင်း ဖြစ်ပါကြောင်း။

တစ်ဖက်တွင်  ရုပ်ရှင်သည်အများ ပြည်သူကို အကျိုးပြုသလို နိုင်ငံ၏ ပုံရိပ်တိုးတက်ရေး အတွက်လည်း အထောက် အကူပြုသည်ဟု ပြောကြားလိုပါကြောင်း။

ကမ္ဘာ့တိုင်းပြည် အသီးသီးမှ ထုတ်လုပ်ဖြန့်ချိသည့် ရုပ်ရှင်များသည် သက်ဆိုင်ရာ        တိုင်းပြည်များအတွက် နိုင်ငံတကာက စိတ်ဝင်စားအောင်၊ နှစ်သက်အောင်၊ အထင်ကြီးအောင် လည်း ဆွဲဆောင်စည်းရုံးနိုင်စွမ်းရှိပါ ကြောင်း။

မိမိတို့ ပတ်ဝန်းကျင်နိုင်ငံများ အပအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးသည်လည်း နိုင်ငံဖွံ့ ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ကြရာတွင် ရုပ်ရှင်အနုပညာကဏ္ဍမှလည်း  အင်တိုက်အား တိုက်  ကြိုးပမ်းနေကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

ယနေ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်အောင် စီစဉ် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် မြန်မာ့ရုပ်ရှင်လောကသားများ  စည်းလုံး ညီညွတ်စွာ ကြိုးပမ်းအားထုတ်ကြမည်ဆိုလျှင် မြန်မာ့ရုပ်ရှင်နှင့်တကွ မြန်မာ့ယဉ်ကျေးမှု အနု ပညာများသည်ကမ္ဘာကိုပျံ့နှံ့ပြီး ယဉ်ကျေးမှုများနှင့်အတူ မြန်မာနိုင်ငံ၏အမည်နာမ၊ မြန်မာနိုင်ငံ ၏ ဂုဏ်သိက္ခာလည်း  ကမ္ဘာမှာတိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း။

ထိုအခါ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲများသည်လည်း ကမ္ဘာကစောင့်မျှော်ကြည့်ရှု ရသည့် အတိုင်းအတာအထိ ရောက်ရှိလာပြီး  မြန်မာ့ရုပ်ရှင်လောကမှ  ထူးချွန်သောအနုပညာ ရှင်၊ အတတ်ပညာရှင်များသည်လည်း ကမ္ဘာ့အဆင့်အထိ ထင်ရှားကျော်ကြားသူများ ဖြစ်လာ လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ထိုအနေအထား ရောက်ရှိရန်အတွက် မိမိတို့၏  မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အပါအဝင် မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြသည့် ကဏ္ဍ နယ်ပယ်စုံမှ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် အစဉ်တစိုက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု   ကတိပြုပြောကြားလိုပါကြောင်း ပြောကြားသည်။

MRTV feeds