ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ e-ID စနစ်လုပ်ငန်း အထောက်အကူပြု Digital Government အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

နေပြည်တော် ဩဂုတ် ၉

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် e-ID စနစ်လုပ်ငန်း အထောက်အကူပြု Digital Government အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ e-ID စနစ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် လက်ရှိနိုင်ငံတော်အစိုးရ စတင်တာဝန် ယူချိန်မှစ၍ နိုင်ငံသား စိစစ်ရေး ကတ်ပြားကို နိုင်ငံတကာအဆင့်မီ Smart Card ဖြင့် ပြောင်းလဲထုတ်ပေးနိုင်ရန် ကမ္ဘာ့ဘဏ် အပါအဝင် ကုမ္ပဏီ/အဖွဲ့အစည်းများ၊ အိမ်နီးချင်း နိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ၏ အတွေ့အကြုံ ရှင်းလင်းဆွေးနွေးမှုများကို လေ့လာဆန်းစစ်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းကို နည်းပညာအသုံးပြု၍ Digital စနစ်ဖြင့်ပြောင်းလဲ ထုတ်ပေးမည့် စနစ်ကိုသာ လုပ်ဆောင်မည်ဆိုပါက နိုင်ငံအတွင်း နေထိုင်သူအားလုံး၏ အချက်အလက်များကို ရရှိရန်ခက်ခဲနိုင်ခြင်း၊ နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက် များကိုသာ ထိန်းသိမ်းနိုင်ပြီး လုံခြုံရေး အရ အခြားအစိုးရအဖွဲ့အစည်းများအား မျှဝေသုံးစွဲမှုမပြုနိုင်ခြင်း၊ နိုင်ငံတော်မှ အကောင်အထည် ဖော်နေသည့် e-Government စနစ်နှင့် Single Platform တစ်ခုတည်းအဖြစ် မဆောင်ရွက်နိုင်ခြင်း စသည့် အားနည်းချက်များကို တွေ့ရှိရပါကြောင်း။

ထို့ကြောင့် နိုင်ငံတကာ၌ ဆောင်ရွက်နေသကဲ့သို့ နည်းပညာအသုံးပြု၍ နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic Data ) နှင့် လက်ဗွေ၊ မျက်လုံးသူငယ်အိမ်၊ မျက်နှာဓာတ်ပုံ (Biometric Data )များကို သိမ်းဆည်းကာ လူတစ်ဦးချင်းအတွက် Unique ID Number တစ်ခုစီပေး၍ Database တွင် မှတ်တမ်းတင် ထိန်းသိမ်းခြင်းလုပ်ငန်းကို ဦးစားပေးလုပ်ငန်း အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် နိုင်ငံသားစိစစ်၍ နိုင်ငံသားကတ်ကို Smart Card ဖြင့်ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ National Database တည်ဆောက်ရာ တွင် နိုင်ငံတွင်းနေထိုင်သူ တစ်ဦးချင်းစီ၏ Biographic Data နှင့် Biometric Data များကို ကောက်ယူ၍ Unique ID Number တစ်ခုစီသတ်မှတ်ပေးပြီး မှတ်ပုံတင်ပေးခြင်း၊ ၎င်းနံပါတ်ကို အသုံးပြု၍ အခြားဌာန/ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း။

ယင်းလုပ်ငန်းစဉ် ဆောင်ရွက်နိုင်ရေးအတွက် e - Government ကော်မတီမှ e-ID စနစ် လုပ်ငန်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး e-ID စနစ်လုပ်ငန်းကော်မတီမှ လည်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆပ်ကော်မတီ အသီးသီးကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း၊ e-ID စနစ်ကို မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့ ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းပမာဏ ကြီးမားသည့်အပြင် နည်းပညာနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍများကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည် ဖြစ်သဖြင့် ယင်းလုပ်ငန်းနှင့် ပတ်သက်၍ လူဦးရေမှတ်ပုံတင်ခြင်း စနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ပါကြောင်း။

အိန္ဒိယနိုင်ငံ၏ Aadhaar စနစ်ကို လေ့လာနိုင်ရန်အတွက် ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ Aadhaar စနစ်ဖြင့် စံပြုစရာ သက်သေခံ အထောက်အထား တစ်ခု ဆောင်ရွက် ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ Aadhaar ကတ်သည် Smart Card မဟုတ်ဘဲ ဂဏန်း (၁၂) လုံး ပါဝင်သည့် နိုင်ငံအနှံ့ မည်သည့်နေရာတွင်မဆို စာရင်းသွင်းနိုင်သကဲ့သို့ နောက်ဆုံး အခြေအနေကိုလည်း ပြင်ဆင်နိုင်သည်ဟု သိရှိရပါကြောင်း၊ အိန္ဒိယနိုင်ငံ သံရုံးအနေဖြင့် Aadhaar စနစ်အပါအဝင် အိန္ဒိယနိုင်ငံတွင် ဆောင်ရွက်နေသည့် Unique Digital Infrastructure ကဏ္ဍအမျိုးမျိုးနှင့် ပတ်သက်၍ ဆွေးနွေးပေးမည်ဖြစ်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ကြသူများ အနေဖြင့် အသိပညာ ဗဟုသုတ များစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း ပြည်သူများကို Online စနစ်ဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် နိုင်ငံအတွင်း နေထိုင်သူများ၏ အချက်အလက်များ တစ်စုတစ်စည်းတည်း ရှိရန်နှင့် Unique ID တစ်ခုစီ သတ်မှတ်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ အစိုးရအဖွဲ့အစည်းများအားလုံး မျှဝေသုံးစွဲနိုင်မည့် Single Platform တစ်ခုကို တည်ထောင်နိုင်မည် ဖြစ်သည့်အပြင် e-Government စနစ်အောင်မြင်ရေးကိုလည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းဆိုင်ရာများ နှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များ၊ သိရှိလိုသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေး ကြရန်လိုကြောင်း၊ ယခု အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်အောင် အကူအညီပေးသည့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်တကွ လာရောက်ဆွေးနွေးပေးသည့် ကျွမ်းကျင် ပညာရှင်များကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Vikram Miris က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးနှင့် လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးဌာနအသီးသီးမှ e-ID စနစ်လုပ်ငန်း ကော်မတီ၏ ဆပ်ကော်မတီဝင် (၅၃) ဦးတက်ရောက်ကြပြီး e-ID စနစ် လုပ်ငန်းအတွက် အထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ ပံ့ပိုးကူညီမှုဖြင့် အိန္ဒိယနိုင်ငံ၌ လက်ရှိဆောင်ရွက်နေသော Aadhaar စနစ်အပါအဝင် ဘက်စုံ Unique ID Infrastructure များနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းအတွေ့အကြုံများကို ကျွမ်းကျင်ပညာရှင်များက ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)