ပြန်ကြားရေးနှင့် သတင်းမီဒီယာဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် - ဩဂုတ် ၉

ပြန်ကြားရေးနှင့် သတင်းမီဒီယာဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် D ဆောင်၊ ပထမထပ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ၂၀၁၈ ခုနှစ်၊ လွှတ်တော် အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက နှင့် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအုန်းကြိုင်နှင့် သတင်းမီဒီယာ ကောင်စီဝင်များ၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ၂၀၁၈ခုနှစ်၊ လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်ဒုတိယ နာယကနှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်က သတင်းမီဒီယာများ လွှတ်တော်အတွင်း သတင်းရယူရာတွင် အဆင်ပြေ ချောမွေ့မှု ရှိစေရေးနှင့် စည်းကမ်းတကျ ရှိစေရေးတို့ကို မှာကြားသည်။

ဆက်လက်၍ လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြန်ကြားရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အစည်းအဝေးသို့ တက်ရောက် လာကြသူများက လွှတ်တော်ဝင်းအတွင်း ပြန်ကြားရေး၊ သတင်းရယူရေး ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စနစ်တကျနှင့် ပိုမိုအဆင်ပြေစေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး ကြသည်။

ထို့နောက် လွှတ်တော် အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

(သတင်းစဉ်)