ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ

နေပြည်တော် ဩဂုတ် ၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး သတ္တမ နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ယနေ့တွင် ဥပဒေကြမ်း (၁) ခု၊ အစီရင်ခံစာ (၁) ခုတို့နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြား တင်ပြခြင်း၊ ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီအရင်ခံစာကို ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ အမှတ်စဉ် (၆/၂၀၁၈) ကို ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းသည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် တင်ဒါခေါ်ယူခြင်းမှ စာချုပ် ချုပ်ဆိုသည်အထိ လုပ်ငန်းစဉ်တွင်လည်းကောင်း၊ လုပ်ငန်းတန်ဖိုးပေးချေမှု စနစ်တွင် လည်းကောင်း၊ မလိုလားအပ်သော ကြန့်ကြာမှု မဖြစ်စေရေးနှင့် တာဝန်ယူ၊ တာဝန်ခံမှု စနစ်ကို ကျင့်သုံးနိုင်စေရေးတို့အတွက် ဆောင်ရွက်သင့်ကြောင်း သဘောထားမှတ်ချက် (၅) ခု၊ တင်ဒါစိစစ်ရာတွင် ကျွမ်းကျင်မှုဆိုင်ရာ တွက်ချက်မှုများအတွက် အမှတ်ပေးခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်သင့်ကြောင်း သဘောထားမှတ်ချက် (၂) ခု၊ တင်ဒါအောင်မြင်သူနှင့် ချုပ်ဆိုမည့် လုပ်ငန်းအပ်နှံ သဘောတူစာချုပ်ပါ လုပ်ငန်းတာဝန်နှင့် စည်းကမ်းချက်များသည် တိကျခိုင်မာပြီး မြို့နယ်ကြီးကြပ်ရေး အဖွဲ့များ၊ အရည်သွေး စိစစ်ရေးအဖွဲ့များ အနေဖြင့် ထိထိရောက်ရောက် ကြပ်မတ်စစ်ဆေး နိုင်စေရေးနှင့် မလိုလားအပ်ဘဲ အငြင်းပွားမှုဖြစ်ပြီး တရားစွဲဆိုရသည့် အခြေအနေအထိ မဖြစ်ပေါ်စေနိုင်ရေးအတွက် ဆောင်ရွက်သင့်ကြောင်း သဘောထားမှတ်ချက် (၃) ခု၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနသို့ အပ်နှံဆောင်ရွက်သော လုပ်ငန်းများအတွက် လုပ်ငန်းတန်ဖိုး ပေးချေခြင်းနှင့် စပ်လျဉ်း၍ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းများနှင့် ညီညွတ်စေရေးအတွက် ဆောင်ရွက်သင့်သည့် သဘောထား မှတ်ချက် (၂) ခု တို့ပါရှိသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အီတလီနိုင်ငံမှ အတိုးမဲ့ချေးငွေ ယူရိုသန်း ၃၀ ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

လ်ှိုင်းဘ့ြဲမဲဆန္ဒနယ်မှ ဦးခင်ချိုက အီတလီနိုင်ငံ ချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းသည် စစ်ကိုင်းတိုင်း ဒေသကြီးမှ ဖွံ့ဖြိုးမှု နိမ့်ကျပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နာဂဒေသ၏ ဖွံ့ဖြိုးမှုအတွက် ရည်ရွယ်ဆောင်ရွက်မည့် စီမံကိန်းဖြစ်သည့်အတွက် ကြိုဆိုပါကြောင်း၊ စီမံကိန်း ဆောင်ရွက်မည့် ဒေသမှာ တောင်တန်းဒေသဖြစ်ပြီး အအေးပိုင်းဒေသ ဖြစ်သည့်အတွက် နေရောင်ခြည်ရရှိနိုင်မှု အားနည်းသည့် အနေအထားအရ ဆိုလာစနစ် ကျင့်သုံးပါက အမှန်တကယ် အဆင်ပြေနိုင်ခြင်း ရှိ/မရှိ၊ ဓာတ်အားတစ်နှစ်ပါတ်လုံး အပြည့်အဝ ရရှိနိုင်ရန် စုဆောင်းနိုင်စွမ်း ရှိ/မရှိ တို့ကို သေချာလေ့လာ ဆန်းစစ်ပြီးမှ ဆိုလာစနစ် ဆောင်ရွက်မည့် ဒေသနှင့် ကျေးရွာများကို ရွေးချယ်သတ်မှတ် သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက ယခုချေးငွေ ယူရိုသန်း ၃၀ မှာ အိမ်သုံး ဆိုလာစနစ်နှင့် အသေးစား ဓာတ်အားပေး စနစ်အတွက် ကျေးရွာပေါင်း (၁၀၁၉) ရွာ၊ အိမ်ခြေ (၉၆၅၀၀) မီးလင်းရေး ဆောင်ရွက်မည်ဖြစ်သည်ဟု သိရှိရပါကြောင်း၊ မီးလင်းရေး ကော်မတီ ဖွဲ့စည်းရာတွင် ဖွဲ့စည်းမည့်ပုံစံအတိုင်း ဒေသခံ လူထုကိုယ်စားပြု ခေါင်းဆောင်များဖြင့် စနစ်တကျမှန်ကန်စွာ ဖွဲ့စည်းဆောင်ရွက်ရန် အကြံပြုလိုပါကြောင်း။

အသေးစား ဓာတ်အားပေးစနစ်ကို ဖြစ်နိုင်ခြေရှိသော နေရာများတွင် ဦးစားပေး ဆောင်ရွက် စေလိုပါကြောင်း၊ ထိုမှတဆင့် စာသင်ကျောင်း၊ ကျန်းမာရေးဆေးပေးခန်းနှင့် တစ်ရွာလျှင် ကုန်ထုတ်လုပ်မှု (၁) ခု ထုတ်လုပ်နိုင်သည်အထိ မျှော်မှန်းဆောင်ရွက် စေလိုပါကြောင်း၊ ဘာသာရေး အဆောက်အဦများကို မီး၊ ရေ ရရှိရေး ဆောင်ရွက်သင့်ပါကြောင်း၊ ပြင်ဆင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ၎င်းစီမံကိန်း ဧရိယာတွင် အသိပညာပေး ဟောပြောမှုများ လက်ကမ်းစာစောင်များ၊ ပြုလုပ်ဆောင်ရွက် ပေးစေလိုပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးတင်လင်းက ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး ရန်ပုံငွေအဖွဲ့တို့က သတ်မှတ်ထားသည့် နိုင်ငံ၏မူဝါဒနှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်ကို တိုင်းတာသည့် Score အရ ကိုက်ညီခြင်းကြောင့် ချေးငွေရယူရန် သင့်လျော်မှု ရှိသည်ကို တွေ့ရှိရပါကြောင်း၊ စီမံကိန်းဆောင် ရွက်မည့်ဒေသများသည် ဖွံ့ဖြိုးမှု နည်းပါးသည့် ဒေသများ ဖြစ်သည့်အတွက် အမှန်တကယ် ဆောင်ရွက်ပေးသင့်သည့် ဒေသများဖြစ်သည်ကို လည်း တွေ့ရှိရပါကြောင်း၊ အီတလီ အစိုးရအနေဖြင့် ချေးငွေထုတ်ပေးခြင်းမှာ မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ဆောက်ရွက်ချက်များအတွက် ကူညီပံ့ပိုးရန် မဟာဓာတ်အားလိုင်း နှင့် ဝေးကွာသည့် ကျေးရွာများတွင် အကြိုလျှပ်စစ်မီး ရရှိရေးစနစ် (Pre-Electrification System) နှင့် ဆောင်ရွက်စေရန်၊ အစိုးရပြည်သူလူထုနှင့် ပုဂ္ဂလိက အခန်းကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်မှု မြင့်စေရန်၊ ပြည်သူအချိုးကျ ထည့်ဝင်မှုစနစ်ဖြင့် ပိုမိုကောင်းမွန်သည့် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ရန်နှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်လာစေရန် ရည်ရွယ်ပြီး ချေးငွေပေးအပ်ခြင်း ဖြစ်သည့်အတွက် ရရှိလာသည့် ချေးငွေကိုအလေအလွင့် မရှိစေဘဲ စီမံကိန်းဒေသမှ ပြည်သူများအတွက် အကျိုးရှိရှိ၊ ထိထိရောက်ရောက် စေတနာထည့်ပေါင်းပြီး ဆောင်ရွက် သင့်ပါကြောင်း။

အသေးစား ဓာတ်အားပေးစနစ် လည်ပတ်ရန်နှင့် ပြင်ဆင်ထိန်းသိမ်းရန် အတွက် ရင်းနှီးမြှပ်နှံသူက ကျေးရွာတစ်ရွာလျင် ဝန်ထမ်းတစ်ဦး ခန့်အပ်ပြီး Prepaid စနစ်ဖြင့် ကြိုတင်ငွေ ကောက်ခံခြင်းဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်မည်ဖြစ်ပြီး နည်းပညာ အကူအညီပေးရန်အတွက် အီတလီ အစိုးရက ကမ္ဘာ့ဘဏ်သို့ သီးခြားရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ သန်း ထောက်ပံ့ ပေးသွားမည် ဖြစ်သည့်အတွက် စနစ်တကျ ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း ဆွေးနွေးသည်။

အလားတူ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဦးဥက္ကာမင်း၊ မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဦးဝှေ့တင်း၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးလားလ်မင်းထန်၊ လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်၊ အင်းတော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခေါ်)ဒေါ်ရှားမီး၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ ကျုံပျော် မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်၊ မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်နှင့် ကသာ မဲဆန္ဒနယ်မှ ဦးမြင့်ကြည် တို့က ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဩဂုတ် ၁၃ ရက် တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးမြင့်၊ ဟန်လင်းနိုင်

MRTV feeds