ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး နှင့်အဖွဲ့ တွေ့ဆုံ

နေပြည်တော်၊ ဩဂုတ် ၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Daniel Patrick Chugg နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မွေးကင်းစမှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး လုပ်ငန်းများ၊ လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများရေးဆွဲ ဖော်ထုတ်မှုများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ဖွံ့ဖြိုးမှု အနည်းဆုံး ဒေသများဖြစ်သော ချင်းပြည်နယ်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ရခိုင်ပြည်နယ်တို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက် (၂) နှစ်အောက် ကလေးများအတွက် ငွေကြေး ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး အဆိုပါ အစီအစဉ်အား ကယားပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် တိုးချဲ့ဆောင်ရွက်ရန် စီစဉ်နေမှုများ၊ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေမှုများ၊ အဆိုပါ လုပ်ငန်းများအား နိုင်ငံတကာ အသိုင်းအဝိုင်းမှ သိရှိနိုင်ရေး၊ နိုင်ငံတကာမှ သတင်းမီဒီယာများ ရခိုင်ပြည်နယ်တွင် လွတ်လပ်စွာ သတင်းရယူနိုင်ရေး ကိစ္စများနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် UNHCR, UNDP တို့အကြား ရေးထိုးထားသော နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

MRTV feeds