နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပခုက္ကူမြို့နယ် ဒေသခံပြည်သူများ စကားဝိုင်းကျင်းပ (အပိုင်း-၂)

ပခုက္ကူ - ဩဂုတ် ၉

ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က`` ငြိမ်းချမ်းရေးဆိုတာ အားလုံးနဲ့ဆိုင်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒီမှာသတိပြုမိတာကတော့ ရှေ့ကဦးဆောင်တဲ့အတိုင်း နောက်ကမလိုက်တာဟာ ပြဿနာလို့ပြောတာ တစ်ခုရှိပါတယ်။ ဒါပေမယ့် ရှေ့ကဦးဆောင်တဲ့သူကလည်း မှန်ဖို့လိုပါတယ်။ နောက်ပြီးတော့ ဦးဆောင် တဲ့သူအရွေးမှန်ဖို့လည်း လိုပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ ဦးဆောင်မယ့်သူတွေကို ကိုယ့် ဘာသာကိုယ် ရွေးချယ်ပိုင်ခွင့်ရှိတဲ့ စနစ်ပဲဖြစ်ပါတယ်။ မှန်မှန်ကန်ကန် ရွေးချယ်ဖို့ဆိုတာဟာ တာဝန်ဖြစ်ပါတယ်။ ပါတီအဖွဲ့အစည်းတစ်ခုပဲဖြစ် စေ၊ ပုဂ္ဂိုလ်တစ်ဦးပဲဖြစ်စေ ပြောင်းလဲတတ်ပါတယ်။ ပြောင်းလဲတတ်တာတွေကို ပြည်သူလူထုကနေသတိပြုရမယ်။ စိတ်ဝင်စားရမယ်။

``နောက်ဆုံး ခြုံငုံပြီးပြောရမယ်ဆိုရင် ပြည်သူလူထုက နိုင်ငံရေးကို စိတ်ဝင်စားဖို့ အင်မတန်မှလိုအပ်ပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားတယ်ဆိုတာ နိုင်ငံရေးပါတီဝင်ပြီး နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး။ ကိုယ့်ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်လိုချင်တဲ့အခွင့် အရေးတွေရှိရင် ကိုယ့်တာဝန်တွေကိုလည်းမမေ့ဖို့ အင်မတန်မှ အရေးကြီးပါတယ်။

``ပြည်သူလူထုအရည်အချင်းပြည့်ဝရင်အရည်အချင်းမဲ့တဲ့အစိုးရတစ်ခုတက် ဖို့ အင်မတန်မှခက်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူလူထုကနေ ဆင်ခြင်တုံတရား ရှိနေရင် အစိုးရကလည်းကောင်းလေပဲ။ ဆင်ခြင်တုံတရားရှိရုံနဲ့လည်း မလုံလောက်ဘူး။ ပြည်သူလူထုကနေ သိက္ခာရှိရှိ၊ သတ္တိရှိရှိနဲ့ ကိုယ်ယုံကြည်ရာဘက်ကနေ ရပ်တည်ဖို့ဟာ အင်မတန်အရေးကြီးပါတယ်။ ဒီအချိန်မှာဆိုရင် ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ ငြိမ်းချမ်း ရေးဘက်ကနေပြီးရပ်တည်ဖို့ အင်မတန်မှအရေးကြီးပါတယ်။ ကလေးငယ်တွေကို သွန်သင်ဆုံးမဖို့ဆိုတာ ကိုယ်ကိုယ်တိုင်က မှန်တာမလုပ်ဘဲ ကိုယ့်ကလေးငယ်တွေ မှန် ကန်အောင် သွန်သင်ဆုံးမဖို့က ခက်ပါလိမ့်မယ်။ ဘယ်သူမဆို နေ့ချင်းညချင်း ကိုယ့်ကိုယ် ကိုယ် ပြုပြင်ပြောင်းလဲလို့ရပါတယ်။

``နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးဟာ အခြေခံအုတ်မြစ် တစ်ခုဖြစ်ပါတယ်။ မငြိမ်းချမ်းတဲ့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဖို့ကို ရေရှည်ထိန်းသိ်မ်းထားလို့ မရပါဘူး။ အတိုင်းအတာတစ်ခုအထိ ရှေ့ကိုရောက်မယ်။ တစ်ခါတလေရပ်သွားမယ်။ တစ်ခါတလေနောက်ကို ပြန်ဆုတ်မယ်။ ဒီလိုပဲဖြစ်နေပါမယ်။ ကျွန်မတို့နိုင်ငံရေး လုပ်တယ်ဆိုတာ အနာဂတ်ကိုကြည့်ပြီးလုပ်ရပါတယ်။ အနာဂတ်ကိုဦးတည်ပြီး ကြည့်တာကတော့ ပစ္စုပ္ပန်ကိုတည့်တည့်ကြည့်ရမှာပါ။ ပြောချင်တာက ပစ္စုပ္ပန်ကိုတည့် တည့်ကြည့်ပါ။ အခုဖြစ်ပေါ် နေတဲ့ ကျွန်မတို့နိုင်ငံရဲ့ ပြဿနာတွေ၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တည့်တည့် ကြည့်ပါ။
``အရင်တုန်းက အတိတ်ကိုပြန်ပြန်သွားပြီး အတိတ်ရဲ့အကျဉ်းသမားတွေလည်း မဖြစ်သင့်ဘူး။ အနာဂတ်ကိုဘဲ မျှော်ကိုးပြီးတော့ အခုလုပ်ကြမယ့်ဟာကို မလုပ်ကြဘဲ အနာဂတ်၊ အနာဂတ်ဆိုပြီး မဖြစ်သေးတဲ့ကိစ္စကို အာရုံစိုက်နေလို့မဖြစ်ပါဘူး။ အခုလက် ရှိလုပ်ရမယ့်ကိစ္စတွေကို အားလုံးဝိုင်းလုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးရနိုင်မှာပါ။ ငြိမ်းချမ်း ရေးဘာလို့မရသလဲဆိုရင် နားလည်မှုနည်းပါးလို့ဆိုပြီး ပြောသွားပါတယ်။ မှန်ပါတယ်။ နားလည်မှုဆိုတာ ဘာပေါ်မှာအခြေခံသလဲဆိုတော့ တစ်ဦးနဲ့တစ်ဦး လေးစားမှုအပေါ် မှာလည်းအခြေခံပါတယ်။

နားထောင်တယ်ဆိုတာကလည်း လေးစားလို့ပါ။ ကိုယ်လေး စားရတဲ့ပုဂ္ဂိုလ်ပြောရင်နားထောင်တယ်။ ကိုယ်မလေးစားရတဲ့ ပုဂ္ဂိုလ်ပြောရင် နားမထောင်ဘူး။ ဒါက လူ့သဘာဝပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လေး စားခြင်း၊ နားလည်မှုယူခြင်း၊ ယုံကြည်မှုယူခြင်း ၊ ကိုယ့်ကိုကိုယ်ယုံကြည် မှုမရှိတဲ့သူဟာ တခြားသူကိုယုံကြည်ဖို့ အင်မတန်မှခက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှ တခြားလူကို ယုံကြည်ရဲတယ်။

``ကျွန်မတို့ ပြည်သူ ပြည်သားတွေ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေချင်ပါတယ်။ အဲဒီအတွက် နိုင်ငံ့အနာဂတ်ကို ဦးတည်ပြီးတော့ ပစ္စုပ္ပန်မှာ ပညာရေး၊ ကျန်းမာရေးကို အင်မတန်မှ ဂရုစိုက်တယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာဘက်က ကျန်းမာရေး၊ ဦးနှောက်ပိုင်းဆိုင်ရာဘက်က ပညာရေး၊ ဦးနှောက်တင်မဟုတ်ဘူး အကျင့်စာရိတ္တကိစ္စလည်းပါပါတယ်။ ဒီနှစ်ခုပေါ်မှာ အခြေခံပြီးတော့ တိုးတက်အောင် လုပ်ရပါမယ်။ ခုနကပြောသွားတဲ့အထဲမှာ စာမေးပွဲရမှတ်ကိုမူတည်ပြီးတော့ ဘယ်ဘာ သာရပ်ပေါ်မှာ ယူနိုင်တယ်ဆိုတာ သတ်မှတ်ထားတဲ့အခါကြတော့ မိဘတွေရော၊ ကလေးတွေကိုယ်တိုင်ရော၊ ဂုဏ်ကိုမက်ပြီးတော့ ဟိုဟာယူမယ်၊ ဒီဟာယူမယ်။ တကယ်စိတ်ဝင်စားလို့မဟုတ်ဘူး။ တကယ်လုပ်ချင်လို့မဟုတ်ဘူး။

``ဥပမာဆိုရင် ဆေးကျောင်းသားဆိုရင် ဂုဏ်ရှိတယ်။ ဆရာဝန်လုပ်ချင်ကြ တယ်။ တကယ်ပဲဆေးကျောင်းကိုတက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ချင်း တစ်ယောက်ချင်း ဟာ တကယ်ပဲ ဆရာဝန်တစ်ယောက်ရဲ့အလုပ်ကို လုပ်ချင်ရဲ့လားမေးရင် တကယ် စိတ်ထဲမှာ ရှိ မရှိ မသိဘူး။ အမှန်ပြောရရင် ပိုက်ဆံများများရချင်လို့လား။ ဂုဏ်ရှိချင် လို့လား။ မိဘရဲ့ တိုက်တွန်းမှုကြောင့်လား။ အဲဒါတော့မသိဘူး။ လူကြီးတွေသင်လိုက်တဲ့ အတိုင်း မကျန်းမာနေတဲ့သူတွေကို ကုသဖို့ဆိုပြီးပြောကြပါတယ်။ နိုင်ငံတစ်နိုင်ငံကို ကုသဖို့နည်းကအမျိုးမျိုးရှိပါတယ်။ ဆရာဝန်တစ်ယောက်ထဲ ကုသနိုင်တာမဟုတ်ပါဘူး။ သာမန်ပြည်သူ၊ ပြည်သားတွေက နိုင်ငံ့ရဲ့ဒဏ်ရာ ဒဏ်ချက်တွေကို ပျောက်အောင်လို့ ကုသနိုင်တဲ့နည်းတွေ အများကြီးရှိပါတယ်။
``င်ြိမ်းချမ်းရေးကို ထိခိုက်နေတဲ့အရာတွေကို ကျွန်မတို့အားလုံးဝိုင်းပြီးတော့ ပယ်ရမယ်။

ငြိမ်းချမ်းရေးဖြစ်စေမယ့်အရာတွေကို အားလုံးဝိုင်းပြီးတော့ ပြုစုပျိုးထောင်ရ မယ်။ အဲဒီဟာလည်း ပြည်သူ ပြည်သားတွေပါမှဖြစ်မှာပါ။ ပညာရေးစနစ်လည်း ပြောင်း လဲလာပါပြီ။ စာမေးပွဲရမှတ်နဲ့မသတ်မှတ်ဘဲ အဆင့်နဲ့သတ်မှတ်တဲ့အခါကျတော့ ငါးမှတ် ပိုတဲ့သူက ငါးမှတ်နည်းတဲ့သူအပေါ်မှာ ကျောတဲ့ကိစ္စတို့၊ မိဘချင်းပြိုင်တဲ့ကိစ္စတို့ ဒါတွေ အင်မတန်မှ ကျဆင်းသွားပါတယ်။ တက္ကသိုလ်ပညာရေးထက် အသက်မွေးဝမ်းကျောင်း ပညာရေးကိုအားပေးနေပါတယ်။ ပညာသင်တယ်ဆိုတာ အဓိကက ကိုယ့်ဘဝကိုယ် လုံလုံခြုံခြုံ ပြည့်ပြည့်စုံစုံ ရပ်တည်နိုင်ဖို့ပါပဲ။ အဲဒါက တက္ကသိုလ်သွားမှဖြစ်တဲ့ကိစ္စ မဟုတ်ပါဘူး။ တက္ကသိုလ်မရောက်ဘူးဘဲ ကိုယ့်ဘဝမှာ လုံလုံခြုံခြုံ ကျေကျေနပ်နပ် ရပ်တည်နိုင်တဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်။ အသက်မွေးဝမ်းကျောင်းပညာ ကျောင်းသူ ကျောင်းသားများဆိုတာ ကျွန်မတို့နိုင်ငံအနေနဲ့ အင်မတန်မှလိုအပ်ပါတယ်။ တခြားနိုင်ငံ တွေနောက်ကနေ ကျန်ရစ်ခဲ့တဲ့နိုင်ငံတစ်ခုအနေနဲ့ အမြန်နှုန်းနဲ့လိုက်နိုင်အောင် လုပ်ရ မယ်ဆိုရင် သင်ထားတဲ့ပညာတွေဟာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်တွေနဲ့ ကိုက် ညီနေရမှာဖြစ်ပါတယ်။
``ဆရာဝန်တွေအများကြီးလိုပါတယ်။ သိတဲ့အတိုင်းပဲ ဒီနိုင်ငံမှာ ဆေးပညာသင် သွားတဲ့ပုဂ္ဂိုလ်တွေကလည်း နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ကြတယ်။ ဒီမှာလုပ်ကြတာ မဟုတ်ပါဘူး။ ဒါကိုလည်းအပြစ်မဆိုပါဘူး။ လူတိုင်းဟာ ကိုယ့်ရဲ့ဝမ်းရေးအတွက်၊ ကိုယ့်မိသားစု ဝမ်းရေးအတွက်လုပ်ဖို့ဟာ တာဝန်တစ်ခုလိုဖြစ်နေတဲ့အခါမှာ ဒီနိုင်ငံမှာ အခွင့်အရေးမရလို့ တခြားနိုင်ငံကိုသွားရတယ်လို့ ဒီလိုပဲနားလည်ပါတယ်။

``ကျွန်မတို့နိုင်ငံမှာ အားလုံးအတွက် အခွင့်အရေးတွေ အများကြီးရအောင်၊ ပြည့် ပြည့်စုံစုံ မှန်ကန်တဲ့အခွင့်အရေးတွေရအောင် ကြိုးစားပြီးတော့ဆောင်ရွက်နေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် င်ြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ တည်ငြိမ်မှုကို ဆောက် တည်နိုင်မယ်လို့ထင်ပါတယ်။ ပြည်သူလူထုဟာ စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ လုံခြုံပြီဆိုရင် နိုင်ငံဟာလည်း လုံခြုံမှာဖြစ်ပါတယ်။ အရေးကြီးတာကတော့ ညီညွတ်မှုပါ။ အထူးသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတော့ သတိပေးပါတယ်။ ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုဖြစ်တယ်။ ပြည်ထောင်စုထဲမှာဆိုရင် လူမျိုးဘာသာ အမျိုးမျိုးရှိကြတယ်။ အားလုံးကနေပြီးတော့ ညီညီညွတ်ညွတ်နဲ့ အချင်းချင်းမှာ မတူညီတဲ့ကိစ္စများဟာ တစ်ယောက်ကို တစ်ယောက်ပိုပြီးတော့ ကွာဟစေတာမဟုတ်ဘဲနဲ့ တစ်ယောက်ကို တစ်ယောက် ဖြည့်ဆည်းပေးတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ထားပြီးတော့ ငယ်ငယ်ကတည်းက နိုင်ငံ့အကျိုးအတွက်၊ နိုင်ငံ့အရေးအတွက် လုပ်ချင်တဲ့စိတ်ဓာတ်ကိုတော့ မွေးမြူစေချင်ပါ တယ်။

နိုင်ငံရေးကို ပြောလိုတာမဟုတ်ဘူး။ ကိုယ်ဘာပဲလုပ်လုပ်။ ဈေးသည်ပဲလုပ်လုပ်၊ ဆရာဝန်ပဲလုပ်လုပ်၊ ကျောင်းဆရာပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် နိုင်ငံ့ရဲ့အရေးဟာ တို့ အရေးဖြစ်တယ်။ နိုင်ငံကောင်းအောင်လုပ်ဖို့ တို့မှာတာဝန်ရှိတယ်။ တတ်နိုင်တဲ့နေရာ ကနေပြီးတော့ လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်ကိုထားစေချင်ပါတယ်။ ဈေးသည်တစ် ယောက်ဆိုရင် မှန်ကန်တဲ့ပစ္စည်းနဲ့ မှန်ကန်တဲ့ဈေးကို ရောင်းတယ်ဆိုရင် နိုင်ငံပေါ်မှာ တာဝန်ကျေတယ်လို့ ကျွန်မတို့သတ်မှတ်မှာပါ။ ဆရာဝန်ကြီးတစ်ယောက် လုပ်ပြီးတော့ ကရုဏာဆရာဝန်မဟုတ်ဘဲ အသပြာဆရာဝန်ပီပီ ပြည်သူဆီကနေ ရသမျှပိုက်ဆံ ညှစ်ယူနေမယ်ဆိုရင် သူတို့ပညာတွေ ရှိချင်ရှိမယ်။ ဘယ်လောက်ပဲချမ်းသာ ကြွယ်၀နေ ပါစေ ၊ သူဟာနိုင်ငံအပေါ်မှာ တာဝန်မကျေဘူးလို့ ယူဆမှာဖြစ်ပါတယ်။

``အထူးသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေသည့်ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်း တွေအားလုံးဟာ တကယ်ပဲနိုင်ငံ့အပေါ်မှာ စေတနာထားမယ်ဆိုရင် ငြိမ်းချမ်း ရေးရမှာပါ။ ပခုက္ကူလို ငြိမ်းချမ်းရေးရဲ့ အကျိုးအမြတ်ကို ရှည်ကြာစွာခံစားရတဲ့ဒေသ တစ်ခုမှာတောင် ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ နိုင်ငံ တစ်ခုလုံးကမှ မဖွံ့ဖြိုးသေးလို့ပါ။ နိုင်ငံတစ်ခုလုံး မဖွံ့ဖြိုးရင် အရပ်ဒေသလိုက် ဖွံ့ဖြိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အတိုင်းအတာတစ်ခုပဲဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့် အကျိုးအတွက် အများအကျိုးကို ဆောင်ရွက်ဆိုတဲ့ စိတ်ဓာတ်နဲ့ လူငယ်တွေကနေစပြီး တော့ ကူညီစေချင်တယ်။ သူတို့ထက်အရေးကြီးတာ မျှော်လင့်ချက်ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့။

``ကျွန်မတို့ အသက်ကြီးတဲ့သူတွေတောင်မှ မျှော်လင့်ချက်နဲ့ ရပ်တည်နိုင်ရင် ဘာဖြစ်လို့မျှော်လင့်ချက်နဲ့ မရပ်တည်နိုင်ရမှာလဲ။ ဒါပေမယ့် မျှော်လင့်နေလို့လည်းမပြီး မျှော်လင့်ချက် အကောင်အထည်ဖော်နိုင်ဖို့ အလုပ်လုပ်နိုင်တဲ့အင်အား လုပ်တတ်ကိုင် တတ်တဲ့ အရည်အချင်းတွေနဲ့တော့ ပြည့်ဝဖို့လိုပါတယ်။ ကျွန်မကတော့ လူငယ်တွေရဲ့ အမြင်ကို တင်ပြသွားတာကို တန်ဖိုးထားပါတယ်။ လူငယ်တိုင်း လူငယ်တိုင်းဟာ မတူတဲ့အမြင်တွေ ရှိပေမယ့် နောက်ဆုံးမှာတော့ တူညီတဲ့စိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေးရဖို့ လုပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။´´ ဟုပြောကြားသည်။
ကျွန်မတို့အနေနဲ့ အသက်မွေးဝမ်းကျောင်းပညာကို အင်မတန်မှ အားပေးတယ်။ မိဘတွေဟာ သားသမီးတွေကို အသက်မွေးဝမ်းကျောင်းပညာကျောင်းတွေကို လွှတ်ဖို့ဝန်မလေးပါနဲ့။ တချို့ထင်နေတာက အသက်မွေးပညာကျောင်းဆိုတာ ဒုတိယတန်းစား ပညာရေးလို့ထင်နေတယ်။

``ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေဖြစ်တဲ့ ဆွစ်ဇာလန်တို့၊ ဂျာမနီတို့၊ ဆွီဒင်တို့ ဆိုရင် အသက်မွေးဝမ်းကျောင်းပညာသင်တဲ့ ကျောင်းသားတွေနဲ့ တက္ကသိုလ်တက်တဲ့ ကျောင်းသားတွေကို ဘယ်လိုမှခွဲခြားပြီးမမြင်ပါဘူး။ အသက်မွေးဝမ်းကျောင်းပညာ ကျောင်းက ထွက်တဲ့ကျောင်းသားတွေဟာ ဝင်ငွေရကိန်းက ပိုပြီးမြင့်မားတာကြောင့် အင်မတန်မှသိက္ခာရှိပါတယ်။ ကျွန်မ ဆွစ်ဇာလန်သွားတုံးက အသက်မွေးဝမ်းကျောင်း ပညာကျောင်းမှာ သွားနေတဲ့ ကျောင်းသားလေး ၄ ယောက်နဲ့တွေ့ပြီး သူတို့ကို မေးကြည့်တယ်။ ခွဲခြားဆက်ဆံမှုရှိသလား။ ဒုတိယတန်းစား ပညာရေးစာရင်းထဲမှာ ဝင်နေတဲ့ လူငယ်တွေ ဆိုပြီး ခွဲခြားဆက်ဆံတာရှိသလားဆိုပြီးမေးတော့ သူတို့က ဒီမေးခွန်းကို အံ့အားသင့်တယ်။

``သူတို့ရဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူကို ဒီလိုခွဲခြားဆက်ဆံမှု မရှိတာ ဘာကြောင့်လဲဆိုပြီး မေးကြည့်တော့ အသက်မွေးဝမ်းကျောင်းပညာကျောင်းက ထွက် တဲ့ ကလေးတွေရဲ့ ဝင်ငွေရနိုင်တဲ့အနေအထားဟာ တက္ကသိုလ်ကထွက်တဲ့ ကလေး တွေထက်တောင် ပိုကောင်းသေးတယ်ဆိုတာကိုကြည့်ပြီး ရပ်ရွာကလည်း လေးစားကြ တယ်။ အထင်ကြီးကြတယ်။ ခွဲခြားပြီးမမြင်ဘူး။ ဒါကြောင့် သဘောတူပါတယ် ဒီကိစ္စကိုလည်း တတ်နိုင်သလောက် လုပ်ပေးပါ့မယ်။

``မူးယစ်ဆေးဝါးကတော့ တကယ့်ပြဿနာပါ။ အရင်တုန်းကဆို ဘိန်းနဲ့ ဘိန်း ထွက်ပစ္စည်းတွေကအန္တရာယ်ပါ။ အခုတကယ့်အန္တရာယ်က စိတ်ကြွဆေးပြားတွေပါ။ ကလေးတွေ ငယ်ငယ်ကတည်းကစသုံးတယ်။ သုံးလာတဲ့နှုန်းက တက်လာတဲ့အတွက် ပြဿနာ ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ မိဘ၊ ဆရာများဟာ အရည်အချင်း နှစ်ခုရှိဖို့ လိုပါတယ်။ တစ်ချက်က ကလေးတွေဟာ မူးယစ်ဆေးဝါး သုံးစွဲနေသလား ဆိုတဲ့လက္ခဏာတွေကို ကြည့်တတ်ဖို့လိုပါတယ်။ ဒုတိယတစ်ချက်က ဒီလိုသိလာပြီဆို ရင် သားသမီးတွေက ယုံယုံကြည်ကြည်နဲ့ ဝန်ခံလာဖို့ ပြောဖို့လိုတယ်။ မပြောရဲရင် ပြဿနာကို ဖြေရှင်းဖို့ခက်မယ်။ လူကြီးတွေနဲ့ ကလေးတွေကြားထဲမှာ နားလည်မှု၊ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဒီပြဿနာကို ဖြေရှင်းနိုင်မှာပါ။

အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရတာနဲ့ ငြိမ်းချမ်းရေးရတာမဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုဆိုတာက တကယ်တော့ ကျွန်မတို့ ခဏခဏပြောပါတယ်။ ကျည်ဆန်တစ်တောင့်ပစ်လိုက်တာနဲ့ တစ်ခါတည်းပျက်ပြား သွားနိုင်ပါတယ်။ တကယ် ငြိမ်းချမ်းရေးရဖို့ဆိုရင် အခြေခံတွေနားလည်မှုနဲ့ အခြေခံလို အပ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဖို့ ဖြစ်တယ်။
``ကျွန်မတို့ကပြည်ထောင်စုဆိုတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိတယ်။ တော်တော်များများ စစ်ဖြစ်နေတဲ့ဒေသတွေဟာ နယ်စပ်ဒေသတွေဖြစ်နေတယ်။ နယ်စပ်ဒေသတွေမှာဖြစ်နေတယ်ဆိုတော့ စီးပွားရေးကိုထိခိုက်တယ်။ နိုင်ငံစီးပွားရေးကို ထိခိုက်တယ်။ တခြားနိုင်ငံတွေရဲ့ ဆက်ဆံရေးကိုလည်း ထိခိုက်တယ်။
``ကျွန်မတို့ရဲ့ ပြည်သူပြည်သားများဟာ ရတနာဆိုတာကို အားလုံးသဘော ပေါက်ရမယ်။ တစ်ယောက်ချင်းကလည်း ကိုယ်ကိုယ်တိုင်ကရတနာဖြစ်သလို ကိုယ့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ တခြားကိုယ့်ရဲ့ နိုင်ငံသူနိုင်ငံသားများဟာလည်း ရတနာ တွေပဲ။ အဲဒီဟာကို ပြုစုပျိုးထောင်ဖို့အရေးကြီးပါတယ်။ နိုင်ငံချမ်းသာမှ ပညာရေးတိုး တက်မယ်မဟုတ်ဘူး။ ဒီနှစ်ခုကအမြဲတမ်းဒွန်တွဲရမယ်၊ ပညာရေးတိုးတက်ခြင်းအား ဖြင့်လည်း နိုင်ငံကိုချမ်းသာအောင်လုပ်နိုင်မယ်။ တစ်ခုပြီးမှ တစ်ခုမဟုတ်ဘူး။ တစ်ခါတည်းလုပ်သွားမှဖြစ်မယ်။ ချမ်းသာတဲ့အထိ စောင့်ပြီးတော့မှ ပညာရေးစနစ်ကို ပြုပြင်လို့မဖြစ်ဘူး။ တတ်နိုင်သလောက် တတ်နိုင်သလောက် လုပ်သွားရမယ်။

``ကျွန်မတို့ ပညာရေးကို အဓိကထားပြီးလုပ်သွားရမယ်ဆိုတာတော့ အားလုံး သဘောတူတယ်။ ရှိတဲ့ပိုက်ဆံကို အကောင်းဆုံးနည်းနဲ့ သုံးဖို့လိုတယ်။ နေပြည်တော် နားကရွာလေးတစ်ခုကိုသွားပါတယ်။ အဲဒီရွာမှာ မွေးမြူရေးလုပ်ငန်းတစ်ခုစတယ်။ အဲဒီမွေးမြူရေးလုပ်ငန်းက ကြက်မွေးမြူရေးဖြစ်ပါတယ်။ နောက်သုံးလလောက်ကြာရင် တစ်နေ့ကို ကြက်ဥကိုးသောင်းလောက်ထွက်မယ်လို့ခန့်မှန်းထားပါတယ်။ ကြက်ဥတွေ ကို တစ်လုံးကို တစ်ရာနဲ့ ရောင်းနိုင်တယ်။
``ကျွန်မက ရွာကမိခင်တွေကို ပြောပြပါတယ်။ သားသမီးတွေကို တစ်နေ့ကို ကြက်ဥတစ်လုံးဝယ်ကျွေးမယ်ဆိုရင် သူတို့ရဲ့ ကျန်းမာရေးဘယ်လောက်ကောင်းလာမယ်။

သူတို့ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လောက်အထောက်အကူပြုမယ်။ တစ်ရာဆိုတာဟာ ဘာမှ အာဟာရမရှိတဲ့ မုန့်ထုပ်ကလေးတစ်ခုဈေးနဲ့ ဘာမှမကွာဘူး။ အာဟာရမရှိတဲ့ မုန့်ထုပ်လေးတစ်ခုကို ကိုယ့်သားသမီးတွေကို ဝယ်ကျွေးမယ့်အစား တစ်နေ့ ကြက်ဥတစ်လုံးမှန်မှန်ဝယ်ကျွေးမယ်ဆိုရင် ရေရှည်အတွက်ကောင်းတယ်။ ဒီလို ကျွန်မတို့စဉ်းစားရမယ်။ ကိုယ့်မှာ ပိုက်ဆံမရှိဘူးဆိုရင် အကောင်းဆုံးနည်းနဲ့ သုံးရမယ်။ အကျိုးအမြတ်ဆိုတာက ကိုယ်တစ်ယောက်တည်းအတွက်မဟုတ်ဘူး။
``ကိုယ့်ပတ်ဝန်းကျင်အတွက်အကျိုးအမြတ်အများဆုံး ဖြစ်စေမယ့်နည်းနဲ့ ကျွန်မတို့သုံးရမယ်။ ကျွန်မတို့ ငြိမ်းချမ်းရေးရဖ်ို့ဆိုတာလည်း ရေရှည်အတွက်၊ ပစ္စုပ္ပန်အတွက်၊ အနာဂတ်အတွက် အင်မတန်မှကောင်းပါတယ်။ ငြိမ်းချမ်းသွားပြီဆိုရင် ရောဂါတစ်ခုမရှိခြင်းနဲ့နှိုင်းယှဉ်ပါကဝေဒနာတစ်ခု ပျောက်သွားပြီဆိုရင် စိတ်ကဘယ် လောက် ပေါ့ပါးသွားမလဲ။ ဒါကတော့ရေတိုပါ။ ချက်ချင်လက်ငင်းရတဲ့ အကျိုးဆက် ဝေဒနာမရှိတော့လို့ ပိုပြီးတော့ အလုပ်လုပ်နိုင်မယ်။ ပိုပြီးတော့ ကိုယ့်ဘဝကို ရပ်တည်နိုင်မယ်ဆို ရင်ဒါက ရေရှည်အကျိုးဆက် ငြိမ်းချမ်းရေးရခြင်းဆိုတာလည်း ကျွန်မတို့ နိုင်ငံငြိမ်းချမ်းသွားတာနဲ့အတူ ချက်ချင်းလက်ငင်းရမယ့်အကျိုးဆက် တွေရှိမယ်။

ကျွန်မတို့နိုင်ငံက စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာကလည်း စိုက်ပျိုးရေးက အင်မတန်မှ အရေးကြီးပါတယ်။ တချို့က လက်မှုလယ်ယာကနေ စက်မှုလယ်ယာပြောင်းသွားတယ်။ စက်မှုလယ်ယာ ပြောင်းသွားတယ် ဆိုတာကလည်း စိုက်ပျိုးရေးကဏ္ဍကို ပံ့ပိုးဖို့ပါပဲ။ စိုက်ပျိုးရေးကဏ္ဍ ပျောက်ကွယ်သွားအောင် လုပ်ဖို့မဟုတ်ပါဘူး။
``အခုပြောသွားတဲ့အထဲမှာ စိုက်ပျိုးရေးကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ဗဟိုအစိုးရ ရဲ့ မူဝါဒတွေနဲ့ဆိုင်တဲ့ကိစ္စတွေလည်းပါတယ်။ ဗဟိုအစိုးရနဲ့ပတ်သက်လို့ မူဝါဒတစ်ခု အောင်မြင်ဖို့၊ ထိရောက်စွာအောင်မြင်ဖို့ ပါဝင်ပတ်သက်နေတဲ့သူတွေ အားလုံးက ရည် ရွယ်ချက်တွေကိုနားလည်ရမယ်။ ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်မယ်ဆိုတာ လည်းနားလည်ရမယ်။ တာဝန်လည်းသိရမယ်။ လူတိုင်း လူတိုင်းမှာ တာဝန်ရှိတယ်။ တရားမဝင် သစ်တစ်ပင်ခုတ်ရင် တရားမဝင်ဘူး။ ကိုယ်က တရားဥပဒေစိုးမိုးရေး အတွက်လုပ်မယ်ဆိုရင် ကိုယ့်နိုင်ငံအများကြီးသက်သာတယ်။ တရားဥပဒေစိုးမိုးရေးမရှိ ဘဲ ဘယ်စီမံကိန်းမှ မအောင်မြင်နိုင်ပါဘူး။
``ခိုင်းနွားတွေကို ရောင်းလိုက်မယ်ဆိုရင် တောင်သူလယ်သမားတွေအတွက် ပြသနာရှိတယ်။ သို့သော် တရားဝင်လုပ်ရတဲ့အကြောင်းရင်းက ခိုးပြီးရောင်းတဲ့အတွက် ဘယ်ဘက်ကမှ အကျိုးမရှိဘူး။ တရားဝင် ဘောင်ဝင်အောင်လို့ လုပ်လိုက်တဲ့ သဘော ပါ။ နွားတွေအားကိုးမှုတွေကို ကျဆင်းလာအောင်လည်းလုပ်ရမယ်။ တောင်သူတွေ အနေနဲ့ လယ်ယာသုံးစက်တွေကို တတ်နိုင်တဲ့ အခြေအနေဖြစ်အောင်လုပ်ဖို့လည်း လို တယ်။ ဆီထွက်သီးနှံတွေ စိုက်တဲ့တောင်သူတွေ အခက်အခဲတွေကို ပြန်ပြီး တိုင်ပင်ပါ့ မယ်။ ပိုပြီးမျှမျှတတရှိအောင် ဆီထွက်သီးနှံတွေစိုက်ပျိုးတဲ့ တောင်သူတွေလည်း လိုအပ် တဲ့ ပံ့ပိုးမှုတွေရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားပါ့မယ်။

``ချမ်းသာတဲ့နိုင်ငံမဟုတ်တဲ့အတွက် ရှိတဲ့ဘဏ္ဍာငွေကို ဘယ်လိုအကောင်း ဆုံး ဖြစ်အောင် မျှမျှတတသုံးရမလဲ ဆိုတာကို တစ်ချိန်လုံးစဉ်းစားနေရပါတယ်။ အားလုံးပေး လို့ မရတဲ့အတွက် အရေးကြီးတဲ့ဟာကို ပံ့ပိုးပါတယ်။ အရေးကြီးတဲ့ဟာကို သတ်မှတ် တဲ့နေရာမှာ အမြဲမမှန်တာလည်း ဖြစ်နိုင်ပါတယ်။ စီမံကိန်းတွေအောင်မြင်ဖို့ ဆိုတာ နည်းနည်းအချိန်ယူရတယ်။ လယ်ယာမြေတွေ ပြန်ရဖို့အတွက်ဆိုတာက ကျွန်မတို့နိုင်ငံ ရဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်။
``မှန်ကန်တဲ့ပိုင်ရှင်တွေဆီကို လယ်ယာမြေတွေ ပြန်လည်ရအောင်လုပ်ဖို့ဆိုရင် ပြသနာတွေကအမျိုးမျိုးပါ။ သိမ်းထားတဲ့သူတွေက ပြန်မပေးချင်တဲ့ပြဿနာ၊ ပြန်ပေး ဖို့သဘောတူညီပြီး သက်ဆိုင်ရာဌာနတွေက မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် မလုပ်နိုင် တဲ့ပြဿနာ၊ လယ်ယာမြေတွေကို ပြန်လည်ရပိုင်ခွင့်ရှိပါတယ်ဆိုပြီး လျှောက်တဲ့ပြည်သူ တွေအားလုံးကလည်း ရိုးသားတာတော့မဟုတ်ပါဘူး။ ရပိုင်ခွင့်မရှိဘဲ တောင်းတဲ့သူတွေ လည်းရှိတယ်။ တကယ်ရပိုင်ခွင့်ရှိတဲ့သူတွေအတွက် ရှုပ်ထွေးကုန်ပါတယ်။ ရှုပ်ထွေးမှု တွေကိုရှောင်ဖို့ဆိုရင် အားလုံးကမှန်ကန်ဖြောင့်မတ်ဖို့လိုတယ်။
``အမြန်ဆုံးပြီးအောင်လုပ်ဖို့တော့ ဆော်ဩနေပါတယ်။ ပြည်သူလူထုတွေရဲ့ ရသင့်ရထိုက်တဲ့ လယ်ယာမြေတွေကို အမြန်ဆုံးပြန်ရအောင်လို့ လုပ်ပါဆိုတာကို သက်ဆိုင်ရာဌာနတွေကိုလည်း တိုက်တွန်းနေပါတယ်။ ကျွန်မတို့အနေနဲ့ကလည်း တတ်နိုင်သမျှ နည်းလမ်းကောင်းတွေကိုရှာပြီးတော့ အကောင်အထည်ဖော်နေပါတယ်။´´

ပညာရေးဘက်ကနေ ငြိမ်းချမ်းရေးကို ပံ့ပိုးပေးဖို့ဆိုရင် အဓိကအားဖြင့် စိတ်ထား ဖြစ်ပါတယ်။ ဒီကလေးသူငယ်များရဲ့ စိတ်ထားကို ပညာရေးစနစ်ကနေ ပြုပြင်ပြောင်း လဲပေးဖို့ပဲဖြစ်ပါတယ်။ နောက်ပြီးတော့ အားလုံးကနေ ပြည်ထောင်စုထဲမှာ ညီညီမျှမျှ လူတိုင်း လူတိုင်းဟာ တန်ဖိုးရှိတယ်ဆိုတာလက်ခံရမယ်။ ကိုယ်တစ်ယောက်တည်းတင် တန်ဖိုးရှိတာမဟုတ်ဘူး။ တခြားသူတွေမှာလည်း တန်ဖိုးရှိတယ်ဆိုတာ လက်ခံရမယ် ဒါတွေကိုလည်း သဘောတူပါတယ်။
ကျောင်းဆရာမလုပ်ဖို့ ပညာသင်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဆိုတော့ မေးခွန်း တစ်ခုမေးချင်တယ်။ ဒါကတော့ တစ်ခါတုန်းက ဆရာမကြီးတစ်ယောက်က မေးဖူးတဲ့ မေးခွန်းပါ။ “ မောင်ဖြူကို သင်္ချာသင်ပေးချင်တယ်ဆိုရင် သမီး ပထမဦးဆုံး ဘာသိဖို့လို သလဲ” ဆိုတာပါ။

တကယ်တော့ ကျောင်းသား ကိုသိဖို့ အဓိကပဲ။ ကိုယ့်ကိုယ်ကို သိဖို့မဟုတ်ဘူး။ ကိုယ်သင်တဲ့ဘာသာကို သိဖို့လည်း မဟုတ်ဘူး။ ကိုယ့်ရဲ့အရည်အချင်းကိုလည်း သိဖို့ မဟုတ်ဘူး။ ကျောင်းသားကို သိဖို့ပဲဆိုပြီး ဆရာမကြီးက ပြောပါတယ်။ ကျောင်းသား အကြောင်းသိမှ ဒီကျောင်းသားကို ကိုယ်သင်ပေးချင်တဲ့ ပညာရအောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သင်္ချာပဲဖြစ်ဖြစ်၊ သမိုင်းပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပါ။ အဲဒါကြောင့် ပညာရေး လောကမှာ တာဝန်ထမ်းဆောင်ချင်တဲ့ လူငယ်အားလုံးက ဒါကို သဘောပေါက်ဖို့လိုပါ တယ်။ အရေး ကြီးတာကတော့ ကိုယ့်ရဲ့တပည့်တွေပါ။ ကိုယ့်ရဲ့တပည့်တွေအကြောင်း ကိုယ်သိပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက်လည်းမတူဘူး။ သူ့အားနည်းချက်ရှိတယ်။ သူ့အားသာချက်ရှိတယ်။ တစ်ယောက်ဟာ အတန်းထဲမှာ သူ အမှတ်ရရေးအတွက် အားနည်းချင် နည်းမယ်။ တခြားသူ့မှာ အရည်အချင်းတွေရှိနိုင်တယ်။ အဲဒါတွေကို ဆရာ၊ ဆရာမတွေ က ဖော်ထုတ်ပေးရမယ်။ အားပေးရမယ်။
အခုဒီပညာရေးစနစ်ကိုလည်း ပြောင်းဖို့ကြိုးစားနေပါတယ်။ အလွတ်ကျက်တဲ့ စနစ်ကို အားမပေးချင်ဘူး။ ဒါပေမယ့် အခုအထိ အတိုင်းအတာတစ်ခုအထိတော့ စာမေးပွဲမှာ အမှတ်ရရေးဟာ အလွတ်ကျက်တာနဲ့ ဆိုင်နေတဲ့အတွက် မှတ်ဥာဏ် ကောင်းတဲ့ကလေးတွေက အလေးသာတယ်။

ဒီကလေးတစ်ယောက်ဟာ မှတ်ဥာဏ် မကောင်းဘဲ တစ်ခြားသူတွေ နာရီဝက်နဲ့ ကျက်ရတဲ့ဟာကို သူ့မှာ ၄၅ မိနစ်၊ မိနစ် ၅၀ ကျက်ရတယ်ဆိုပေမယ့် သူစိတ်ထား ပိုကောင်းရင်ကောင်းမယ်။ လူမှုရေးမှာ ပိုကောင်း ရင်ကောင်းမယ်။ သူ့ရဲ့သူငယ်ချင်းတွေကြားထဲမှာ ပြဿနာဖြစ်ရင် သူဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းတွေရှိရင်ရှိမယ်။ အဲဒီလိုပဲ ဆရာ၊ ဆရာမ တစ်ယောက်အတွက် ကိုယ့်ရဲ့တပည့်တွေရဲ့ အရည်အချင်းကို သိဖို့ဆိုတာ အရေးအကြီးဆုံးပဲ။ ဒါမှ ဒီတပည့် တွေအတွက် အကောင်းဆုံးဖြစ်လာမှာပါ။ တပည့်တွေရဲ့ စိတ်နေစိတ်ထားကိုသိမှ သူတို့ ငြိမ်းချမ်းရေးကိုနှစ်သက်အောင် ကိုယ်ကလုပ်ပေးနိုင်မှာဖြစ်တယ်။ သူ့အကြောင်း ဘာမှမသိဘဲနဲ့ အရာတစ်ခုကို နှစ်သက်အောင်ဆိုတာ လုပ်ပေးလို့ မရပါဘူး။ အဲဒါကြောင့် ကလေးတွေကို ငြိမ်းချမ်းရေးမှာ စိတ်ပါဝင်စားအောင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ထဲထဲဝင်ဝင် ပါလာနိုင်အောင်ဆိုရင် ပထမဆုံး သူတို့အကြောင်း သိဖို့လိုတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်တယ်ဆိုတာလည်း ပြည်သူတွေအကြောင်း သိချင် လို့ဖြစ်ပါတယ်။ ကျွန်မတို့ပြည်သူတွေ ဘာတွေစဉ်းစားနေလဲ။ သတိပြုမိတယ်၊ အခု ဆိုရင် ငါးယောက်ရှိတယ်။ ငါးယောက်မှာ နှစ်ယောက်ကတော့ အလုပ်လုပ်နေတယ်။ လူလတ်ပိုင်းပါ။ သုံးယောက် ကတော့ ပညာသင်နေတဲ့ လူငယ် ပိုင်းပါ။ ဒီဆွေးနွေးပွဲ စကားဝိုင်းကို ချဉ်းကပ်ပုံခြင်း မတူဘူး။ ဘယ်လိုမတူသလဲဆိုတာ ကျွန်မ မပြောတော့ ဘူး။ မတူဘူးဆိုတာ သတိပြုမိတယ်။ အဲဒီ ဟာကတော့ အတွေ့အကြုံနဲ့ လည်းဆိုင် တယ်။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဘဝနဲ့လည်းဆိုင်တယ်။ တစ်ဦးချင်းတစ်ဦးချင်းရဲ့ စိတ်ထားနဲ့လည်းဆိုင်တယ်။ မတူကွဲပြားတဲ့ သဘောတရားတွေ အားလုံး အပေါ်မှာ အခြေခံပြီးတော့ ဒီသဘောတရားတွေဟာ ကျွန်မတို့နိုင်ငံအတွက် စုပေါင်းအင်အား တစ်ခုဖြစ်လာအောင်လို့လုပ်ဖို့က အဓိက အရေးကြီးပါတယ်။´´

ခေတ်မီတဲ့နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတဲ့နိုင်ငံ တစ်နိုင်ငံဆိုရင် ရာသီဥတုကို အားကိုးမနေသင့်ဘူး။ ကိုယ့်ရဲ့သိပ္ပံအစွမ်းအစနဲ့ နည်း ပညာနဲ့ ရာသီဥတုရဲ့ဒဏ် တွေကိုကျော်လွှားနိုင်ရမယ်။ ဒါကိုလည်း ကျွန်မတို့ ကြိုးစားပါ မယ်။ ဒေါက်တာအောင် သူကိုလည်း ပြောပါမယ်။ စိုက်ပျိုးရေရရှိရေးအတွက်ပါ။
``ကျွန်မ စောစောကပြောတဲ့အတိုင်းပဲ ရှိတဲ့ပိုက်ဆံကို မျှသုံးရတာပါ။ အားလုံး ကတော့တောင်းကြတာပဲ။ မကွေးတိုင်းဒေသကြီးအစိုးရကလည်း ကိုယ့်ဟာကိုယ်ပိုက် ဆံရအောင် ထပ်ပြီးတော့ရှာပါ။ ကိုယ့်တိုင်းဒေသကြီးကို ကိုယ်ပြန်ကြည့်နိုင်အောင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဗဟိုအစိုးရက အားလုံးကို လိုသလောက် ပေးဖို့ဆိုတာလည်း အင်မတန်မှ ခက်ပါတယ်။ ကျွန်မတို့လည်း ကြိုးစားပါမယ်။
``နောက်တစ်ခုကတော့ ပြည်သူတွေနဲ့လည်းဆိုင်ပါတယ်။ နည်းပညာအသစ် တွေကို မသုံးချင်ဘူးဆိုတာ ဒါပြည်သူတွေနဲ့ဆိုင်တယ်။ ကိုယ့်ရဲ့စိတ်ကိုကိုယ် ပြောင်းရ မယ်။ ကိုယ်ကနေပြီးတော့ စွန့်စားရဲရမယ်။ အရင်တုန်းက ဒီအတိုင်းပဲလုပ်ခဲ့လို့ ဒီအတိုင်းပဲ ဆက်ပြီးတော့ လုပ်မယ်ဆိုရင်၊ ခေတ်နဲ့အညီ မပြောင်းနိုင်ဘူးဆိုရင်၊ ကိုယ်ပဲ နာမှာပဲ။ စောစောတုန်းက ပြောသွားတဲ့အထဲမှာ ပဲစင်းငုံဈေးက ကျသွားတဲ့အခါ ဈေး ကွက်က နည်းနည်းပျက်သွားတဲ့အခါကျတော့ တစ်ခြားဟာစိုက်ဖို့ စဉ်းစားရမယ်။ မြန်မြန်ဆန်ဆန် ပြောင်းလဲမှရမယ်။ ဒီကမ္ဘာကြီးက အမြန်နှုန်းနဲ့ ပြောင်းလဲနေတာ။ ကိုယ်ကလည်း လိုက်ပြီးတော့ပြောင်းလဲနိုင်ရမယ်။
``ပိုပြီးတော့ကောင်းတာက သူရဲ့ပြောင်းလဲမှုကို ကိုယ်က ကြိုတင်တွက်ဆပြီး တော့ အဲဒီဟာအတွက်ပြင်ထားရမယ်။ ဒီရာသီဥတုနဲ့ ပတ်သက်ရင် ကျွန်မခဏခဏ ပြောပါတယ်။ ရာသီဥတုက တကယ်ပြောင်းလဲသွားပြီ။ အရင်တုန်းက ရာသီဥတုပုံစံနဲ့ပဲ တွက်ပြီးလုပ်နေကြတယ်။ အထူးသဖြင့် တောင်သူလယ်သမားတွေ ဒီလိုလုပ်လို့မရဘူး။ ရာသီဥတုက ပြောင်းလဲသွားပြီဆိုတာလက်ခံရမယ်။ အဲဒီအချက်အလက်တွေ၊ ပြောင်း လဲခြင်းပုံစံနဲ့ ပြောင်းလဲခြင်းရဲ့ အကျိုးဆက်တွေကို တောင်သူလယ်သမားအများစု သိအောင်လုပ်ပေးဖို့ကတော့ အစိုးရရဲ့တာဝန်ဖြစ်ပါတယ်။
``အဲဒါတော့ စိုက်ပျိုးရေးဝန်ကြီးကိုလည်း ကျွန်မပြောပါမယ်။ ရာသီဥတု ပြောင်း လဲမှုအပေါ်မှာအခြေခံပြီးတော့ ပိုပြီးတော့ ပညာပေးဖို့၊ နောက်တစ်ခုက ဈေးကွက် ပြောင်းလဲမှု၊ ပဲစင်းငုံနဲ့ပတ်သက်ရင် ပဲစင်းငုံဈေးကွက်ရဲ့ ပြောင်းလဲမှုက ကျွန်မတို့နိုင်ငံ ကြောင့်မဟုတ်ဘူး။ အဓိကက အိန္ဒိယနိုင်ငံကြောင့်။ အိန္ဒိယနိုင်ငံက အစတုန်းက ကျွန်မတို့နိုင်ငံရဲ့ ပဲစင်းငုံကို အများကြီးသွင်းတယ်။ ဒါပေမယ့် သူတို့နိုင်ငံမှာ ဖူလုံအောင် ဆိုပြီးတော့ စီမံကိန်းချပြီးတော့လုပ်တာ အောင်မြင်သွားတဲ့အခါကျတော့ ဒီဘက်ကနေ ပြီးတော့ ဝယ်ဖို့မလိုတော့ဘူး။ မဝယ်ဘူး၊ မလိုတော့ဘူးဆိုတော့ ကျွန်မတို့ ဈေးကွက်က ပျက်သွားတဲ့သဘော ရှိပါတယ်။
``ဒါတွေကိုလည်း ကျွန်မတို့ပိုပြီးတော့၊ ကြိုတင်ပြီးတော့ တွက်နိုင်ဖို့လ်ိုတယ်။ ဥပမာဆိုရင် ဒီနိုင်ငံကို ကျွန်မတို့က လယ်ယာထွက်ပစ္စည်းတစ်ခု ပို့နေတယ်ဆိုရင် အဲဒီနိုင်ငံမှာ အဲဒီလယ်ယာထွက်ပစ္စည်းကို ထပ်ပြီးတော့လိုအပ်မှု ဘယ်လောက်ရှိသလဲ၊ ဘယ်လောက်ကြာကြာဆက်ပြီးတော့ လိုအုံးမှာလဲဆိုတာ ဒါတွေကိုလည်း ကျွန်မတို့ က ကျယ်ကျယ်ပြန့်ပြန့် လေ့လာရတယ်။ ပြဿနာတစ်ခုကို ကိုင်တွယ်တယ်ဆိုတာ အဖက်ဖက်ကနေပြီးတော့ ကြည့်ရပါတယ်။ အဲဒီတော့ တစ်ခုတည်းကြည့်လို့မရပါဘူး။ ဒါပေမယ့် မြန်မြန်ဆန်ဆန် ပြောင်းလဲရမယ်။ ကိုယ့်ပဲစင်းငုံဝယ်နေကျနိုင်ငံက ဝယ်ဖို့ မလိုတော့ဘူးဆိုရင် ကိုယ်တစ်ခြားဘာထုတ်မလဲဆိုတာကို စဉ်းစားရမယ်။ အစိုးရက ပံ့ပိုးဖို့၊ ကူညီဖို့ကို ပညာပေးရေး၊ နောက်ထောက်ပံ့ရေး အဲဒါတွေကို ပံ့ပိုးကူညီပေးဖို့ တာဝန်ရှိပါတယ်။
``အခု မြို့တွေကျယ်လာလို့ဆိုတာတော့ အဲဒါကြောင့်လို့တော့ ပြောလို့မရပါဘူး။ သို့သော်ငြားလည်း လယ်ယာမြေကို ကြိုက်သလို တခြားဟာအတွက် သုံးလို့မရပါဘူး။ ဒါလည်းစည်းမျဉ်၊ စည်းကမ်း ဥပဒေရှိတယ် ဆိုတာလည်း သိပြီးသားဖြစ်မှာပါ။ ဥပဒေနဲ့ မကိုက်ညီဘဲနဲ့ လယ်ယာမြေကို တိုက်ဆောက်လိုက်လို့လည်း မရပါဘူး။ ဒါကြောင့် အဲဒီလိုမရအောင် လုပ်ထားတဲ့ ဥပဒေကိုလည်း တချို့က ဒါနဲ့ပြောင်းပြန်မြင်တဲ့ လူတွေ ရှိတယ်။ တချို့က ဘယ်လိုမြင်သလဲဆိုတော့ ဘာဖြစ်လို့ တောင်သူလယ် သမားတွေ သူဌေးဖြစ်တာကို မမြင်စေချင်လို့၊ သူတို့လယ်တွေကို သူတို့ဟာသူတို့ ရောင်းခွင့်ကို လွတ်လွတ်လပ်လပ် မပေးထားတာလဲဆိုပြီးတော့ မေးတဲ့လူတွေရှိတယ်။ အဲဒီလို လွတ်လွတ်လပ်လပ် မပေးရခြင်းအကြောင်းက ခုနကပြောသွားတဲ့ကိစ္စပဲ။ ကျွန်မတို့ဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံ၊ အထူးသဖြင့် စပါးနဲ့ပတ်သက်ရင် ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ ဆန်စားတဲ့ပြည်သူတွေဖြစ်တယ်။ အဲဒီတော့ ဆန်လုံလုံလောက် လောက် ထုတ်နိုင်အောင်လို့ဆိုတာကို ဦးတည်ပြီးတော့ ဒီလိုဥပဒေတွေကို ထုတ်ခဲ့ရ တာဖြစ်ပါတယ်။ ခေတ်နဲ့အညီတော့ ပြောင်းဖို့တော့ လိုမှာပါ။ မြို့ကြီးတွေက မကျယ် လာပါနဲ့လို့တော့ ပြောလို့မရပါဘူး။ ကျယ်လာမှာပဲ။ ဒါကတော့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးတစ်ရပ်ပါ။ အကောင်းလည်းရှိတယ်။ အဆိုးလည်း ရှိတယ်။
``နောက်တစ်ခု ပြောသွားတဲ့အထဲမှာ အထည်ချုပ်စက်ရုံတွေ။ ဒီအထည်ချုပ် စက်ရုံတွေ တည်တံ့ခိုင်မြဲဖို့၊ ဒါကို ကျွန်မတို့ ရေတိုနဲ့ ရေရှည် စဉ်းစားရပါတယ်။ ရေတို အနေနဲ့တော့ ပြည်သူပြည်သားများရဲ့ အလုပ်အကိုင် လုံခြုံမှုအတွက် ဒီလိုစက်ရုံတွေ ထပ်ပြီးတော့ တည်ရှိနိုင်အောင် ကျွန်မတို့ကြိုးစားရမယ်။ သို့သော်ငြားလည်း ရေရှည်မှာ ကျွန်မတို့ဟာ အထည်ချုပ်စက်ရုံရဲ့အဆင့်ထက် မြင့်သွားတဲ့အဆင့်ကို ရောက်အောင်လို့ ကျွန်မတို့ဦးတည်ရမယ်။ အထည်ချုပ်စက်ရုံဆိုတာဟာ လမ်းဆုံးမဟုတ်ပါဘူး။
``အထည်ချုပ်စက်ရုံဆိုတာဟာ လမ်းလယ်ကနေသွားရင်းနဲ့ ကျွန်မတို့ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အလွယ်တကူ၊ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ကျွန်မတို့နိုင်ငံမှာ အထည်ချုပ်စက်ရုံတွေလာဖွင့်တဲ့ စီးပွားရေးသမားတွေဆိုတာက တခြားနိုင်ငံတွေထက် ကျွန်မတို့ဘက်မှာ သက်သက်သာသာ လုပ်နိုင်လို့လာဖွင့်တာပါ။ အဲဒီတော့ ဒါကလမ်း ဆုံမဟုတ်ဘူး။ ကျွန်မတို့ ဖြတ်သွားရမယ့်တစ်ခုပဲ။ အဲဒီတော့ အထည်ချုပ်စက်ရုံတွေ တည်မြဲပါစေဆိုတဲ့ ဦးတည်ချက်နဲ့မဟုတ်ဘဲနဲ့ ကျွန်မတို့ ပြည်သူ ပြည်သားတွေရဲ့ အလုပ်မြဲဖို့အတွက်၊ အလုပ်တစ်ဆင့်ထက်တစ်ဆင့် တက်သွားဖို့အတွက် စီးပွားရေးစီမံ ကိန်းတွေကို ကျွန်မတို့ဦးတည်ရမှာပါ။
``အဲဒီအထဲမှာ လယ်ယာကဏ္ဍကတော့ ကျွန်မတို့နိုင်ငံအတွက် အမြဲပဲအရေး ကြီးနေမှာပဲ။ ကမ္ဘာကြီးအတွက်လည်းအရေးကြီးတယ်။ ကျွန်မ ခဏခဏပြောပါတယ်။ နောက်ဆုံး ပြန်ပြီးတော့ ကြည့်လိုက်ရင် ဘယ်အစားအစာမဆို မူလကတော့ မြေကြီးက ပဲထွက်တာပဲ။ စက်ရုံထဲက ဘယ်လောက်ပဲ ဘယ်လိုပဲလုပ်လုပ်၊ စည်သွပ်ဘူးပဲ လုပ်လုပ်၊ ဘာပဲလုပ်လုပ် ပထမဦးဆုံး မြေကြီးကပဲထွက်တာပဲ။ မွေးမြူရေးဆိုရင် တောင်မှ မွေးမြူရေးတိရစ္ဆာန်တွေ စားတဲ့အစားအစာက မြေကြီးကပဲထွက်တာပဲ။ ဒါ့ကြောင့် လယ်ယာကဏ္ဍဆိုတာ ပပျောက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် လည်း ကျွန်မတို့က ခေတ်နဲ့အညီ ခေတ်မီအောင်၊ နောက်ပြီးတော့ ခေတ်ရဲ့ လိုအပ်မှု အပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့နိုင်ငံအတွက် အကျိုးအမြတ်ထွက်အောင် တော့ လုပ်နိုင်ရမယ်။
``တစ်ကမ္ဘာလုံးမှာပြောနေတာ စားနပ်ရိက္ခာလုံခြုံမှု၊ ဒါလိုအပ်လာပြီ အထူး သဖြင့် ၂၁ ရာစုနှစ် ကုန်လာတာနဲ့အမျှ စားနပ်ရိက္ခာ လုံခြုံမှုက ပိုပြီးတော့ကြီးမားတဲ့ လိုအပ်ချက်ဖြစ်မယ်ဆိုတာ ပြောနေပေမယ့်လည်း ဒီဟာကို အခြေခံပြီးတော့ စီးပွားရေး စီမံကိန်းတွေ သတ်မှတ်တဲ့နိုင်ငံတွေက အင်မတန်မှရှားပါတယ်။ ကျွန်မတို့ကတော့ ဒီဟာကို အမြဲပဲနှလုံးသွင်းပြီးတော့ စားနပ်ရိက္ခာ လုံခြုံမှုအတွက် ကမ္ဘာ့စားနပ်ရိက္ခာ လုံခြုံမှုလိုအပ်ချက်အရ ကျွန်မတို့ရဲ့ စိုက်ပျိုးရေးကဏ္ဍကို ဘယ်လိုဖွံ့ဖြိုးတိုးတက် အောင် လုပ်နိုင်မလဲဆိုတာကို စဉ်းစားပြီးတော့ ကျွန်မတို့ကြိုးစားသွားမယ်။
``ငြိမ်းချမ်းရေးရဖို့ဆိုရာမှာ တိုင်းရင်းသားလူငယ်များ အချင်းချင်းကြားထဲမှာ ပိုပြီးတော့ခင်မင်မှုရှိလာရင်၊ ရင်းနှီးမှုရှိလာရင်၊ တစ်ယောက်နဲ့ တစ်ယောက်ပိုပြီး နားလည်မှုရှိလာရင် ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်မယ်ဆိုတာကို ကျွန်မတို့ အားလုံးသဘောတူမယ်လို့ ထင်ပါတယ်။ ခေါင်းဆောင်တွေ မဟုတ် လို့ငြိမ်းချမ်းရေး မရတာ။ ဒါကလည်းဟုတ်ပါတယ်။ ခေါင်းဆောင်တွေက တကယ် ပဲငြိမ်းချမ်းရေးရချင် တယ်ဆိုရင် ငြိမ်းချမ်းရေးမရစရာအကြောင်းဘာမှမရှိပါဘူး။ ခေါင်းဆောင်တွေကနေပြီး တော့ မှန်မှန်ကန်ကန်ခေါင်းဆောင်မှုမပြုရင် ဖယ်ရှားသင့် တယ်ဆိုတာ ဒါဒီမိုကရေစီရဲ့ အနှစ်သာရပါပဲ။ ဒီမိုကရေစီရဲ့အနှစ်သာရဆိုတာဟာ ပြည်သူလူထုရွေးချယ်တင်မြှောက် တဲ့ အစိုးရဖြစ်ရမယ်။
ပြည်သူလူထုရွေးချယ် တင်မြှောက်တဲ့အစိုးရဆိုတာဟာ ကျွန်မတို့အထွေထွေရွေး ကောက်ပွဲတွေက ရွေးချယ်တင်မြှောက်တယ်။ အစိုးရဆိုတာခေါင်းဆောင်ပါ။ ယာယီ ခေါင်းဆောင်ပါ။ နိုင်ငံကို ဦးဆောင်မှုပေးနေတဲ့၊ ခေါင်းဆောင်မှုပေးနေတဲ့အစိုးရကို ပြည်သူကနေပြီး မသင့်တော်ဘူး၊ မကျေနပ်ဘူးဆိုရင် နောက်ရွေးကောက်ပွဲမှာ အေးအေးချမ်းချမ်းနဲ့ ဖယ်ရှားလိုက် လို့ရတယ်။ အဲဒါဟာ ဒီမိုကရေစီစနစ်ရဲ့ အဓိက အားသာချက်ပဲ။ ကိုယ့်ရဲ့နိုင်ငံ ပြောင်းလဲသင့်တယ်လို့ထင်ရင် ပြည်သူလူထုကနေပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောင်းလဲပေး ပိုင်ခွင့်အပြည့်အဝရှိတယ်။ ဒါကြောင့်ကျွန်မတို့က ဒီမိုကရေစီကိုဦးတည်ပြီး ဒီမိုကရေစီ အပြည့်အဝရအောင်လို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ခေါင်းဆောင်တွေရဲ့တာဝန်ဆိုတာလည်း အင်မတန်မှ ကြီးပါတယ်။ လူတွေရဲ့ သဘောသဘာဝအရ ခေါင်းဆောင်တွေရဲ့စကားကို နားထောင်ကြတာများပါတယ်။ ခေါင်းဆောင်ကလုပ်တယ်ဆိုရင်လိုက်လုပ်ကြတယ်။ ခေါင်းဆောင်ကလုပ်တာကို မမှန် မှန်းသိရဲ့သားနဲ့ လိုက်လုပ်တာဟာ တကယ်တော့မှန်ကန်တဲ့လုပ်ရပ်မဟုတ်ပါဘူး။ လူတိုင်းသိပါတယ်။ သို့သော်ငြားလည်း မလွန်ဆန်နိုင်လို့ဆိုပြီးလုပ်ကြတယ်။ ကျွန်မ ပြောချင်တာက ကျွန်မတို့အစိုးရကိုတကယ်ပဲချစ်ခင်လေးစားတယ်ဆိုရင် မမှန်တာကို လုပ်နေရင် မထောက်ခံသင့်ဘူး။ မမှန်တာကိုလုပ်နေရင် ဒါကိုမမှန်ပါဘူး ဆိုတာကို ထောက်ပြသင့်တယ်။ ဒါပေမယ့်လည်း တချို့ကျတော့ ဒါလည်းကျွန်မတို့ ပြည်သူတွေ အသိပဲ။ ကျွန်မတို့အစိုးရက ဘာလုပ်လုပ်အပြစ်ရှာဖို့စောင့်ကြည့်နေတဲ့ လူမျိုးလည်းရှိ တယ်။ ဒါဟာ နိုင်ငံပေါ်မှာစေတနာရှိလို့တော့မဟုတ်ဘူး။ သူတို့အပေါ်မှာသူတို့ စေတနာရှိလို့ပဲ ဒီလိုပဲ သတ်မှတ်ရမှာပဲ။ ကျွန်မတို့ပြည်သူတွေဟာ အစိုးရများကို ထိန်းထားနိုင်တဲ့ ပြည်သူများဖြစ်ဖို့လိုပါတယ်။ အစိုးရများကို ထိန်းထားနိုင်တဲ့ ပြည်သူ များ၊ ပြည်သားများဆိုတာ ဗဟုသုတကြွယ်ဝရမယ်။ လူငယ်တွေက စာဖတ်ဖို့လို တယ်လို့လည်းပြောသွားပါတယ်။ ဆွေးနွေးပွဲဆိုတာ တစ်ချိန်လုံးလုပ်နေလို့မရဘူး။ ဒါပေမယ့် စာဆိုတာတစ်ချိန်လုံး ဖတ်နေလို့ရတယ်။ ကိုယ်တကယ်လုပ်ချင်ရင် ကျောင်း သူကျောင်းသားများအနေနဲ့ တကယ်ပဲပညာရှာချင်ရင် ရှာနိုင်တဲ့အခွင့်အရေးတွေရှိ တယ်။
ကျွန်မတို့လိုပေါ့ ဖွံ့ဖြိုးတိုးတက်မှုမရှိသေးတဲ့နိုင်ငံမှာဆိုရင် အပင်ပန်းခံပြီး၊ ဒုက္ခခံပြီး ပညာရှာရမယ်။ ရတဲ့ပညာနဲ့ နောင်လာနောက်သားတွေ သက်သက်သာသာနဲ့ ဆက်ပြီးနေနိုင်အောင်လို့ ကျွန်မတို့ကလုပ်ပေးသွားရမှာဖြစ်ပါတယ်။´
ငြိမ်းချမ်းရေး မရှိတဲ့အခါကျရင် အမျိုးသမီးနဲ့ ကလေးတွေ ဒုက္ခရောက် တယ်ဆိုတာကို ပြောသွားတယ်။ အဲဒါကို သဘောကျတယ်။ အားလုံးပဲ ပြောကြပါ တယ်။ နိုင်ငံတစ်နိုင်ငံ၊ ဒေသ တစ်ခုမှာ ငြိမ်းချမ်းရေးမရှိရင်၊ စစ်မက်တွေ ဖြစ်နေရင် ဒုက္ခအခံရဆုံးက ကလေးတွေနဲ့ အမျိုးသမီးတွေပဲ။ ဒါကြောင့် အမျိုးသမီးတွေက ငြိမ်းချမ်းရေးအတွက်ကို ထဲထဲဝင်ဝင် လုပ်ဖို့လိုတယ်။ ဘာဖြစ်လို့ဒုက္ခခံရမယ့်ကိစ္စတွေ ကို အမျိုးသားတွေက လုပ်နေရသလဲဆိုတဲ့ အဲဒီမေးခွန်းကို မေးရဲရမယ်။ အဲဒီမေးခွန်းရဲ့ အဖြေကို မဖြစ်မနေပေးရမယ်ဆိုပြီး အမျိုးသားတွေကို ပညာပေးရလိမ့်မယ်။ တကယ်ပဲ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် နေ့ချင်းညချင်းရအောင်လုပ်လို့ရတယ်။
``ဆန္ဒမပါသေးလို့မရတာပဲလို့ ဒီလိုပဲသတ်မှတ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး ရေးဟာ ပတ်သက်နေတာကို စောစောက ဆွေးနွေးခဲ့တာလည်း ရှိပါတယ်။ ကျွန်မတို့ သဘောတူပါတယ်။ ပညာရေးစနစ်နဲ့ ပတ်သက်ရင် တချိန်တုန်းက မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ ပညာရေးအဆင့် အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့တယ်။ ဒါပေမယ့် စနစ် ကြောင့် ကျကျလာလိုက်တာ အခုဆိုရင် အောက်ဆုံးလောက်မှာ ရောက်နေတယ်။ ပြန်တက်ဖို့ဆိုတာ နေ့ချင်းညချင်း လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံ မှာကောင်းမွန်တဲ့ ပညာရေးစနစ်ကို မမီလိုက်ရတဲ့ ပုဂ္ဂိုလ်တွေက မျိုးဆက်နှစ်ဆက် လောက်ရှိနေပြီ။
``ပြောရမယ်ဆိုရင် ဆရာ၊ ဆရာမတွေ တော်တော်များများက ကောင်းမွန်တဲ့ ပညာရေးစနစ်ကို မမီခဲ့ဘူး။ အခုကောင်းမွန်တဲ့ ပညာရေးနစ် ထူထောင်ဖို့ဆိုတော့ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းကိုပါ တခါတည်းဖြည့်ပေးနေရတယ်။ ကျောင်းသား တွေကိုပဲ အာရုံစိုက်ပြီး ကြည့်လိုမရဘူး။ ဆရာ၊ ဆရာမတွေကိုလည်း ကြည့်ရတယ်။ ဆရာ၊ ဆရာမတွေကို အရည်အချင်းဖြည့်ပေးဖို့ဆိုတာ ဒါလည်း လွယ်တဲ့ကိစ္စမဟုတ် ဘူး။ သူတို့အလုပ်တွေပစ်ပြီး အားလုံးကျောင်းပြန်ပြီး တက်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ အလုပ်ကတစ်ဖက်၊ အရည်အချင်းမြှင့်တင်ရေးကိစ္စတွေက တစ်ဖက်နဲ့ နှစ်ခုစလုံးကို တစ်ချိန်တည်းမှာလုပ်သွားရမှာပါ။ ဒါလည်းသေးတဲ့ တာဝန်မဟုတ်ဘူး။ အစိုးရအနေနဲ့ လည်း ပံ့ပိုးမှုလုပ်ရမယ်။
``နောက်လက်တွေ့ကျကျလုပ်ဖို့ကိစ္စ၊ အဲဒါက အကြောင်းနှစ်ကြောင်းရှိတယ်။ တစ်ကြောင်းက ငွေကြေးကိစ္စ၊ ဥပမာ Practical ဓာတ်ခွဲခန်းတွေဆိုတာဟာ ပိုက်ဆံရှိမှ ကျောင်းတွေမှာ လုပ်နိုင်မှာပါ။ ကျွန်မတို့ ကျောင်းတွေမှာ မရှိဘူး။ တက္ကသိုလ်အဆင့်မှ ရှိတာ။ တက္ကသိုလ်တွေတောင်မှ ဒီလောက်ပြည့်စုံတဲ့ ဓာတ်ခွဲခန်းတွေမဟုတ်ဘူး။ အဲဒီကနေတစ်ဆင့် ကွင်းဆင်းပြီးလေ့လာတာတွေမှာလည်း ငွေရေးကြေးရေး လိုအပ် တယ်။ နောက်ပြီး ဆရာ ဆရာမတွေကလည်း ဒီလိုမျိုးလုပ်တတ်ဖို့လိုတယ်။ ဒီလို လက်တွေ့ ကျကျသင်တဲ့နည်းတွေကို ဆရာ၊ ဆရာမတွေက ကျွမ်းကျင်ဖို့လိုတယ်။ နှစ်ပေါင်းများစွာ ဆယ်စုနှစ်တွေနဲ့ချီပြီး မသုံးခဲ့ရတော့ ဆရာ၊ ဆရာမတွေလည်း မလုပ် တတ်ဘူးဖြစ်နေတယ်။
``မလုပ်တတ်တဲ့ အခါကျတော့ စောစောကပြောသလို ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းတွေလည်း မြှင့်တင်ပေးရသေးတယ်။ ကျောင်းသားတွေ အခုလက်ရှိ ပစ္စုပ္ပန်မှာ ပိုပြီးတော့ ကောင်းကောင်းမွန်မွန် သင်နိုင်ဖို့အတွက် အထောက်အကူပစ္စည်း တွေကိုလည်း ပံ့ပိုးရတယ်။ ဒီနှစ်ခုစလုံးကို တစ်ချိန်တည်း လုပ်ရတယ်ဆိုတာ ငွေတစ်ခု တည်းနဲ့မပြီးဘူး။ သင်ပေးဖို့ဆိုတာ အချိန်ယူရတယ်။ အတတ်နိုင်ဆုံး အချိန်တိုအတွင်း မှာ တိုးတက်မှုဖြစ်အောင် ကြိုးစားတယ်။ ကျောင်းသူကျောင်းသား လူငယ်တွေကလည်း ကိုယ့်အရည်အချင်းကို မြှင့်တင်ရေးအတွက် ရုန်းကန်ရမယ်။ နောက်ဆုံး အတ္တာဟိ အတ္တနော နာထော ဆိုတဲ့ မိမိကိုယ်သာ ကိုးကွယ်ရာဆိုပြီး ကိုယ့်ကိုကိုယ် အားကိုးစိတ် ရှိရမယ်။ ကိုယ့်ဘာသာ အားကိုးနိုင်မှ တခြားသူတွေကိုလည်း ကိုယ်နဲ့အတူ ပါအောင် ခေါ်နိုင်မယ်။
``မကြာခင်က ကျွန်မ ပေတောကျေးရွာလေးကိုသွားခဲ့တယ်။ အဲဒီမှာ မူလတန်း ကျောင်းလေးကိုသွားကြည့်တဲ့အခါ အဲဒီကျောင်းလေးကထူးခြားတယ်။ ထူးခြားတယ်ဆို တာက ကျောင်းဆရာက ၃ ယောက်ရှိတယ်။ ဆရာမ က နှစ်ယောက်ရှိတယ်။ ဒါဆိုရင် ဒီနိုင်ငံမှာ ထူးခြားတာပဲ။ တော်တော်များများ ကျောင်းတွေမှာဆိုရင် ဆရာဆိုရင် မူးလို့မှ ရှုစရာ၊ ဘယ်မှာမှ ရှာမတွေ့ဘူး။ ဆရာမတွေချည်းပဲ။ အဲဒီကျောင်းမှာ ကျောင်းဆရာက ၃ ယောက်ရှိတယ်။ ဆရာမ က နှစ်ယောက်ရှိတယ်။ ဒါထက်ပိုပြီး သဘောကျတာက ဘာလဲဆိုတော့ ကလေးတွေက လုံးဝရှက်တာ၊ ကြောက်တာမရှိဘူး။ မေးလို့ရှိရင် ဖြေတာပဲ၊ ဘာတတ်သလဲမေးလို့ရှိရင် ခပ်အေးအေး ရွတ်ပြတာပဲ။သူတို့ကို သူတို့ ယုံကြည်မှု ရှိတဲ့ပုံ ပေါ်တယ်။အဲဒါက အရေးကြီးဆုံးပဲ။

``ကျွန်မတို့ ကလေးတွေကို သူတို့ကိုယ် သူတို့ ယုံကြည်မှုရှိအောင် သင်ပေးရင် သူတို့ဘာသာပညာရှာနိုင်တယ်။ သူတို့ဘာသာ ပညာရှာနိုင်တဲ့ အရည်အချင်းတွေ လည်းပြည့်လာမယ်။ တချို့ကျောင်းတွေမှာဆိုရင် ကလေးတွေကို တုံးသွားအောင် လုပ်သလိုဖြစ်နေတယ်။ မေးခွန်းမေးရင် ဆရာမက သူပဲ အဖြေမသိလို့လား၊ အချိန်ပဲ မရှိလို့လားမသိဘူး။ မမေးနဲ့ဆိုပြီး ဟန့်လိုက်တဲ့အခါကျတော့ နောက်ထပ်ကလေး တွေက မမေးရဲတော့ဘူး။ မမေးရဲတာနဲ့ နောက်တဆင့် ဘာဖြစ်သွားလဲဆိုတော့ မမေး တတ်တော့ဘူး။ မေးခွန်းမမေးတတ်ရင် ဒီဘဝမှာ တိုးတက်မှုမရှိနိုင်ဘူး။ မေးခွန်း မေးတတ်ရမယ်။ ကိစ္စတစ်ခုဖြစ်ရင် ဒါဘာကြောင့်ဖြစ်တာလဲ။ အခုငြိမ်းချမ်းရေး မရဘူး။ ဘာကြောင့် ငြိမ်းချမ်းရေးမရတာလဲ။ ငြိမ်းချမ်းရေးရဲ့ အဟန့်အတားက ဘာတွေလဲ၊ ဒီလိုမေးခွန်းတွေ မေးတတ်ရမယ်။ ဒီလိုမေးခွန်းတွေ မမေးတတ်ရင် ဘယ်တော့မှ အဖြေရမှာမဟုတ်ဘူး။ ဘယ်တော့မှ တိုးတက်မှု ရှိမှာမဟုတ်ဘူး။
``ပညာသင်တယ်ဆိုတာ ကလေးတွေဟာ သိချင်စိတ်၊ စူးစမ်းဆင်ခြင်တတ်ရုံ တင်မဟုတ်ဘူး။ သိချင်တတ်ချင်စိတ်ရှိဖို့က အရေးကြီးတယ်။ ကလေးလေးတစ် ယောက်ဟာ သိချင်တတ်ချင်စိတ် ရှိပြီဆိုရင် သူ့ဘာသာသင်ယူမှာပဲ။ ငယ်ငယ်တုန်းက ကျောင်းစာထဲမှာ ပုံပြင်တစ်ခုသင်ရတယ်။ ဒါကတော့ ဆရာကို မရိုသေတာနဲ့ ပတ်သက် လို့ပါ။ ဆရာကိုအာခံရင် အာခေါင်ကို လှံစူးတယ်ဆိုတယ်။ အဲဒီမှာ လူတစ်ယောက်က ငှက်ကို ကြည့်ပြီးတော့ ပညာရှာတာပဲ။ ငှက်ရဲ့ လုပ်ပုံလုပ်နည်းကို ကြည့်ပြီးတော့ သူပညာရပ်တစ်ခုကို ရအောင်လုပ်တာပဲ။ သင်ယူချင်ရင် အချိန်မရွေး သင်ယူနိုင်တယ်။ လောကကြီးမှာ ကိုယ့်ဘေးမှာ ဖြစ်နေပျက်နေတဲ့ ကိစ္စတွေကို နိစ္စဓူ၀ လေ့လာပြီးတော့ ပညာတွေအများကြီးရနိုင်တယ်။ အဲဒီစိတ်ဓာတ်ကို လူငယ်တွေ၊ ကျောင်းသူကျောင်း သားတွေရဲ့ စိတ်အတွင်းမှာ၊ နှလုံးသားထဲမှာ စွဲသွားအောင်လို့ လုပ်ပေးဖို့လိုတယ်။ အဲဒီလိုဆိုရင် ပညာတတ်သွားပြီ၊ ပညာရှာတတ်သွားမှ တကယ့်ပညာတတ်လို့ ခေါ်တယ်။ ကိုယ့်ဘာသာ ကျောင်းခန်းအပြင်ဘက်မှာ ပညာရှာတတ်သွားတဲ့သူဟာ ပညာတတ်ပဲ။ ကျောင်းခန်း အပြင်ဘက်ရောက်လို့မှ ကျောင်းခန်းထဲက ပညာကလွဲလို့ ဘာမှမတတ်ဘူးဆိုရင် ပညာတတ်လို့ သတ်မှတ်ရမှာ အင်မတန်မှ ခက်ပါတယ်။ အဲဒီတော့ ဝိုင်းဝန်းပြီး ဆွေးနွေးပေးလို့ ကျေးဇူးတင်ပါတယ်။´´ ဟုပြောကြားသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မိမိတို့အနေဖြင့် ဆေးရုံကြီးဆောက်ရန်ရှိပါကြောင်း၊ ဆရာဝန်များ ဖြည့်ဆည်းရန် လည်းအဓိကဖြစ်ပါကြောင်း၊ ခုတင် ၅၀ တွင် ၈၆ ယောက်မှ ၁၀၁ ယောက်အထိ တိုးရ မည်ဖြစ်ပါကြောင်း၊ ကြားဖြတ်အစီအစဉ်အနေဖြင့် ဆရာဝန်များ ပို့ပေးမည်ဖြစ်ပါကြောင်း၊ ဆရာဝန်များခန့်ရန် အစိုးရအဖွဲ့ကလည်း သဘောတူပြီးဖြစ်ပါကြောင်း၊ အတွေ့အကြုံရှိ သည့် ရန်ကုန်ဆေးရုံကြီးနှင့် မန္တလေးဆေးရုံကြီးများမှ ၂ နှစ် ၃ နှစ်ကျော်သည့် သူများ ကို ပို့ပေးမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးများကို မိမိတိုင်း ဒေသကြီးနှင့် ပြည်နယ်တိုင်းတွင်ရှိသော ဆေးရုံတိုင်းကို ကုတင်တိုးရန် လိုအပ်မှု ရှိ မရှိ ဆန်းစစ်ရန် လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း။

လာမည့်နှစ်တွင် ဘဏ္ဍာငွေတိုးပြီးလုပ်ရန်ရှိပါကြောင်း၊ အဓိကအနေဖြင့် ဆရာ ဝန်များရောက်အောင် လွှတ်ပေးမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာများနှင့်ပတ်သက်ပြီး ၂၀၁၈-၂၀၁၉ ဘတ်ဂျက်တွင် ငွေကျပ် ၂၆၉ ဘီလီယံသုံးစွဲပြီး ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း ဖြည့်စွက်ဆွေးနွေးသည်။
မကွေးတ်ိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ဦးဝင်းမော် ဌေးက မိမိကိုယ်တိုင် တောင်သူတစ်ဦးဖြစ်ပါကြောင်း၊ မကွေးတွင် ဆီထွက်ဖြစ်သည့် မြေပဲ၊ နှမ်းတို့ကို နှစ်တိုင်းစိုက်ပါကြောင်း၊ ရှုံးနေသည်မှာ ၂ နှစ် ၃ နှစ်ရှိပြီဖြစ်ပါကြောင်း၊ မကွေးတွင်လည်း စိုက်ပျိုးရေးသုတေသနခြံရှိပါကြောင်း၊ တောင်သူများ မျိုးကောင်းမျိုး သန့်ရရှိရေး၊ ရာသီဥတုဒဏ်ခံနိုင်သည် မျိုးစိတ်များရရှိရေး သုတေသနလုပ်ရန် သုတေ သနခြံကို အမြဲညွှန်ကြားပါကြောင်း၊ ယခင်စိုက်ပျိုးသည့် အချိန်က မျိုးများကို ပွဲရုံမှာတင် ဝယ်ကြပါကြောင်း၊ စိုက်ပျိုးရေးသုတေသနခြံက ဝယ်ရသည်ကို သိရှိသူအနည်းငယ်သာ ရှိပါကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်သည့် အနေအထားမရှိသေးပါကြောင်း၊ သက်ဆိုင်ရာ တိုင်းစိုက်ပျိုးရေးဦးစီးမှူးနှင့် ညှိနှိုင်းပြီး ယခုကြိုးစားထားပါကြောင်း။
စိုက်ပျိုးရေးချေးငွေကိစ္စတွင် ယခင်က ကျပ် ၂ သောင်းသာရပါကြောင်း၊ ယခု ၅ သောင်း ဆိုသည်မှာ တစ်ဧကကို ၂၀ ရာခိုင်နှုန်းခန့်သာရှိပါကြောင်း၊ တစ်ဧက အမှန်တကယ် ၃ သိန်းခန့်ကုန်ကျပါကြောင်း၊ ခိုင်းကျွဲနွားများကို ရောင်းချရာတွင် ယနေ့အထိ မကွေး တိုင်းတွင် မိမိသိသလောက် အကောင်ရေ ၁၇၀၀၀ ကျော်ခန့် ကုမ္ပဏီပေါင်း ၁၇၀ ကနေတင်ပို့ပြီးဖြစ်ပါကြောင်း၊ တရားဝင်သွားခြင်းဖြစ်ပါကြောင်း၊ တရားမဝင်သွားသည် များရှိသည်ဟု ကြားသိနေရပါကြောင်း။ ယင်းအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ် စားလှယ်များနှင့် ညှိနှိုင်းပြီး တတ်နိုင်သလောက် ထိန်းချုပ်ရန် ကြိုးစားနေပါကြောင်း၊ သိမ်းဆည်းခံ လယ်မြေများကို မူလတောင်သူများထံ ပြန်လည်ပေးနိုင်ရေး မိမိတို့ မြေသိမ်း ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းပြီး ကြိုးစား ဆောင်ရွက်နေပါကြောင်း။
ကော်မတီများတွင်လည်း အဓိက တောင်သူလယ်သမားကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ ပုဂ္ဂိုလ်များပါဝင်ဖွဲ့စည်းပြီး တိုင်း မြေသိမ်းကော်မတီကိုတင်ပြပြီး အမြန်ဆုံးဆောင်ရွက်နိုင်ရန် ကြိုးစားနေပါကြောင်း၊ မူလပိုင်ရှင် တောင်သူလယ်သမားများသို့ လက်ထဲစိုက်ပျိုးမြေများကို ပြန်လည်အပ်နှံရေး ကြိုးစားနေပါကြောင်းဖြည့်စွက်ဆွေးနွေးသည်။

ရေစကြိုမြို့နယ် ဆန်းသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော် ဦးခေမာစာရက လယ်ယာမြေကိစ္စနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပခုက္ကူ စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထင်က ပခုက္ကူ စက်မှုဇုန်ဖွံ့ဖြိုးတိုး တက်ရေးနှင့် ပညာရေးအခြေခံအဆောက်အအုံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပခုက္ကူမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ထွေးက အဝေးပြေးယာဉ်ရပ်နားစခန်း ဆောင်ရွက် ပေးနိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း မေးမြန်းရာ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုတို့က ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ထို့နောက် အွန်လိုင်းမှတစ်ဆင့် မေးမြန်းသည့် မေးခွန်း ၃ ခုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဖြေကြားသည်။

မင်းရသ၏ မေးခွန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်း ဆန်းစုကြည်က ``ကျွန်မပြောချင်တာက ပြည်သူတွေက ငြိမ်းချမ်းရေးလိုချင် တယ်ဆို တာကို သေသေချာချာ သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေသိအောင် အသံထွက်ပြီး အသိပေးကြ ရပါလိမ့်မယ်။ ပြည်သူတွေက ငြိမ်းချမ်းရေးလိုချင်တယ်။ ငြိမ်းချမ်းရေးမလို ချင်တာက ဘယ်သူတွေလဲဆိုတာ ပြည်သူတွေ သိဖို့လိုပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လိုချင်တဲ့ ပြည်သူတွေအားလုံး စည်းစည်းလုံးလုံးနဲ့ တစ်သံတည်းထွက်ပြီး ကိုယ်လက် လှမ်းမီရာ လက်လှမ်းမီရာ ငြိမ်းချမ်းရေးအတွက် သဲတစ်ပွင့် အုတ်တစ်ချပ် ငြိမ်းချမ်းရေး ဗိမာန်ကြီး ကို တည်ဆောက်ရေးအတွက် ပံ့ပိုးကြပါ။ တစ်ဦးနဲ့ တစ်ဦး တွန်းအားပေးနိုင်ရင် အများ ကြီးခရီးရောက်မှာ ဖြစ်ပါတယ်။

``ဒီလိုငြိမ်းချမ်းရေးစကားဝိုင်းတွေ လုပ်ရတာ ပင်ပန်းတယ်လို့ မထင်ပါဘူး။ ဒီလို စကားဝိုင်းတွေနဲ့မှ ပြည်သူတွေနဲ့ ထိတွေ့မှုရှိတာပါ။ ဒီလိုလာရတာ ကျွန်မအတွက် စိတ်ချမ်းသာပါတယ်။ ပြည်သူတွေအနေနဲ့လည်း ကျွန်မတို့ရဲ့ လုပ်ငန်းတွေကို ပံ့ပိုးမယ် ဆိုတာ ယုံကြည်ပါတယ်။ ကျွန်မတို့ဟာ ပြည်သူလူထုကို ယုံကြည်လို့ နိုင်ငံရေးလုပ်ခဲ့ တာပါ။ ပြည်သူကို မယုံကြည်ရင် ဘယ်တော့မှ နိုင်ငံရေးမလုပ်ဘူး။ အာဏာရရှိရေးနဲ့ နိုင်ငံရေးနဲ့ မတူပါဘူး။ နိုင်ငံ့အရေးလုပ်တယ်ဆိုတာ ပြည်သူကို ယုံကြည်မှုမရှိဘဲ လုပ် လို့မရဘူး။ ဆက်ပြီးတော့လည်း ယုံကြည်သွားမယ် ပံ့ပိုးပေးကြပါ ´´ဟုဖြေကြားသည်။
ကျော်ဇောအောင်၏ မေးခွန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ``ကျွန်မသက်သာအောင်လို့ ဝန်ကြီးတွေနဲ့ ပြည်နယ်၊ တိုင်း တွေမှာ ထိတွေ့မှုတွေလုပ်ပေးပါဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ဝန်ကြီးတွေ ပြော တာ မဟုတ်ရင် ကျွန်မ ပိုပင်ပန်းတာမျိုးတော့ မဖြစ်စေချင်ပါဘူး။ ဒီလိုစကားဝိုင်းတွေ လိုလားတယ်ဆိုရင် ကျွန်မအနေနဲ့ ဝန်ကြီးတွေကို ကန့်သတ်ထားမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့သက်ဆိုင်ရာ ကဏ္ဍအရ ပြည်သူတွေနဲ့ ထိတွေ့ပြီး ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ အတွက် ကျွန်မစဉ်းစားပါ့မယ်။ ´´ ဟုဖြေကြားသည်။

ကျော်ငြိမ်းသန့်၏ မေးခွန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က `` ကျွန်မတို့အနေနဲ့ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် အစီအစဉ် နဲ့တင်မကဘူး လုပ်ကိုလုပ်ပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေနဲ့ ရွေ့လျားစာကြည့် တိုက်တွေလုပ်နေတာ တစ်နိုင်ငံလုံးမှာပြန့်သွားပါပြီ။ ပထမဆုံးစတာကတော့ ကျွန်မရဲ့ မြို့နယ် ကော့မှူးမြို့နယ်ကစတာပါ။ ရွေ့လျားစာကြည့်တိုက် စလုပ်တဲ့နေ့မှာပဲ ရှိတဲ့ စာအုပ်တွေ အားလုံးငှားဖြစ်သွားတယ်။ ဒါကြောင့် အားတက်သွားတယ်။ ပြည်သူတွေ ဟာ စာဖတ်ချင်တယ်။ စာအုပ်မရှိလို့သာ မဖတ်ရတာကို သဘောပေါက်သွားတဲ့အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ ရွှေ့လျားစာကြည့်တိုက်တွေကို အောင်အောင်မြင်မြင် နဲ့ တိုင်းနဲ့ပြည်နယ် အနှံ့အပြားမှာရှိလာပါပြီ။ နောက်ဆို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီး တို့ပူးပေါင်းပြီး ကျောင်းတွေ၊ မြို့တွေမှာ ရှိနိုင်ဖို့ကြိုးစားသွားပါမယ်။ အခုစပြီးလုပ်နေပါပြီ။

ကျွန်မတို့ ပြည်သူ ပြည်သားများဟာ စာဖတ်ဝါသနာပါနိုင်တဲ့ အခြေခံဗီဇ ရှိတယ် ဆိုတာကိုမြင်ရပါတယ်။ ကလေးတွေကို ငယ်ငယ်ကတည်းက စာဖတ်နိုင်ဖို့ လူကြီးတွေ ကအားပေးရမယ်။ အခုတစ်ကမ္ဘာလုံးမှာဖြစ်နေတာက ကလေးတွေက ငယ်ငယ်က တည်းက ဖုန်းတွေကိုင်တဲ့အခါကျတော့ စာဖတ်တဲ့ အလေ့အကျင့်မရှိတော့ဘူး။ စာအုပ် တစ်အုပ်ဖတ်တယ်ဆိုတာ စာအုပ်ထဲမှာ အာရုံစူးစိုက်ရတယ်။ အတွေးအခေါ်တွေလည်း အများကြီးပေါ်လာတယ်။ အထူးသဖြင့် လူငယ်တွေ ကို စာဖတ်တဲ့အလေ့အကျင့် ရှိစေ ချင်တယ်။ မိဘတွေကလည်း အားပေးရုံတင်မကဘူး လက်တွေ့ကျကျ ကူညီပေးဖို့လို တယ်။ ဒါဆိုရင် ကျွန်မတို့ ကလေးတွေ အများကြီးတိုးတက်မှု ရှိမှာပါ။ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားတွေဟာ စာအုပ်ကို ချစ်တတ်တဲ့ နိုင်ငံသူ နိုင်ငံသားတွေ ဖြစ်လာမယ် လို့ ယုံကြည်ပါတယ်´´ ဟုဖြေကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် “ ကိုယ်တကယ် လုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်ရင်တော့ အပင်ပန်းခံနိုင်ရမယ်။ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက်ချင်ရင် အားလုံးအပင်ပန်းခံနိုင်ရမယ်။ အမြဲတမ်း ကိုယ်လိုချင်တာကိုပဲ ကြည့်နေမယ်၊ ကိုယ်သက်သာသလိုပဲနေမယ်ဆိုရင်တော့ ကျွန်မတို့နိုင်ငံတိုးတက်မှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကိုလည်း အမြန်ရမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးရခြင်းအားဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခခံခဲ့ရတဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုသား ညီအစ်ကိုမောင်နှမများကို ကူညီနိုင်မှာဖြစ်တယ်။ သူတို့ရဲ့ဘ၀တွေ လှပအောင် တည်ဆောက်ပေးနိုင်မှာ ဖြစ်ပါတယ်။
လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ကလွဲလို့ တခြားလူတစ်ဦး တစ်ယောက်ရဲ့ ဘဝကို လှပအောင်တည်ဆောက်ပေးနိုင်တယ်ဆိုတာ အင်မတန်မှ ကြီးမားတဲ့ ကုသိုလ် ပါ။ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ ဘ၀တွေကို လှပအောင် တည်ဆောက်ပေး နိုင်တယ်ဆိုရင် တစ်သက်တာ မကုန်နိုင်တဲ့ စိတ်ချမ်းသာမှုတွေရမှာပါ။ တကယ်စိတ် သောကဖြစ်နေတဲ့အချိန်၊ ကိုယ်က ဒုက္ခရောက်နေတဲ့အချိန်မှာ ကိုယ်တစ်ချိန်တစ်ခါက ဘယ်သူတွေအတွက် စိတ်ချမ်းသာမှုရှိအောင်၊ ဘယ်သူတွေရဲ့ဘဝလှပအောင် လုပ်ခဲ့ တယ်ဆိုတာကို အဲဒီအတွေးတွေ ပြန်တွေးလိုက်ရင် ရင်ဆိုင်ရတဲ့ ဒုက္ခတွေ၊ ကိုယ်ပတ် သက်နေတဲ့ပြဿနာတွေဟာ ခံသာလာတယ်။ ကျော်လွှားနိုင်တဲ့ အရည်အချင်းတွေ လည်း တက်လာပါတယ်။ ငြိမ်းချမ်းရေးရရှိဖို့အတွက် တစ်ဦးချင်းမှာ ကိုယ်လုပ်နိုင်တာ ဘာရှိတယ်ဆိုတာ စဉ်းစားပါ။ ငါမလုပ်နိုင်ပါဘူးဆိုတာ ဘယ်တော့မှမရှိဘူး။ အနည်းဆုံးအားဖြင့် ကိုယ့်မိတ်ဆွေတစ်ယောက်နဲ့ ငြိမ်းချမ်းရေးရဲ့ အရေးပါမှုကို ဆွေးနွေးနိုင်မယ်ဆိုရင် ဒါလည်းငြိမ်းချမ်းရေးကို အားပေးတာပဲ။ ကျွန်မတို့ ပြည်သူပြည်သားများဟာ ငြိမ်းချမ်းရေးကို ပံ့ပိုးမှ ငြိမ်းချမ်းရေးကို တိုးတက်အောင် ကျွန်မတို့နဲ့ ဝိုင်းဝန်းပြီး ကျွန်မတို့နိုင်ငံဟာ မြန်မြန်ဆန်ဆန် တိုးတက်ဖွံ့ဖြိုးနိုင်မယ်။ လူငယ်တွေရဲ့ဘ၀ လည်းလှနိုင်မယ်။ လူကြီးတွေကလည်း လိပ်ပြာသန့်သန့်နဲ့ ဒီဘဝထဲကနေပြီး ကိုယ့် အချိန်အခါ ရောက်တဲ့အခါမှာ ထွက်သွားနိုင်မှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။
အဆိုပါ ငြိမ်းချမ်းရေးစကားဝိုင်းသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တ်ိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ငြိမ်းချမ်းရေးစကားဝိုင်းများကို ၂၀၁၇ ခုနှစ်အတွင်း ၅ ကြိမ် ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများ စကားဝိုင်း၊ ၂၀၁၈ ခုနှစ် ဇွန် ၁၄ ရက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ မော်လမြိုင် တက္ကသိုလ် ဘက်စုံခန်းမ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများ၏ ငြိမ်းချမ်းရေးစကားဝိုင်းတို့ကို ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ၂၀၁၈ ခုနှစ်အတွင်း သုံးကြိမ်မြောက် ကျင်းပသည့် စကားဝိုင်းဖြစ်သည်။
(သတင်းအဖွဲ့)

MRTV feeds