နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ဩဂုတ် ၃၀

အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ်ဆိုင်ရာ နိုင်ငံတကာကျွမ်းကျင် ပညာရှင် ပါမောက္ခ မစ္စခရစ်စတီးနားက ၎င်းပါဝင်ခဲ့သည့်  နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ  အတွေ့အကြုံ များကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြ သူများက သိရှိလိုသည်များကို  မေးမြန်း ဆွေးနွေးကြသည်။

အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက “ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တောင်အာဖရိကနိုင်ငံ၊ ယီမင်နိုင်ငံနဲ့ ကင်ညာ နိုင်ငံရဲ့ အတွေ့အကြုံတွေကို နိုင်ငံခြားသားပညာရှင်က လာပြီးဆွေးနွေးတဲ့ သဘောဖြစ်ပါ တယ်။ ဒါကြောင့် နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်တွေကို ဘယ်လို ဆောင်ရွက်ခဲ့တယ်၊ ကျွန်မတို့ နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတဲ့ အချက်တွေကို  အပြန်အလှန်ဆွေးနွေး ဖြစ်ပါတယ်။

“ကျွန်မတို့က အစိုးရအဖွဲ့အစည်းဖြစ်တဲ့အတွက် လုပ်ငန်းကော်မတီမှာ ပြန်ပြီးဆွေးနွေးတဲ့ အခါ အဖွဲ့ရဲ့ သဘောထားတွေ၊ အားနည်းချက်တွေနဲ့ တစ်ဖွဲ့ချင်းစီရဲ့ လိုအပ်ချက်တွေက ဘာ တွေရှိသလဲ၊ လိုအပ်ချက်တွေကို ပြန်ဖြည့်ပေးလိုက်မယ်ဆိုရင် လုပ်ငန်းစဉ်က ပိုပြီးမြန်ဆန် လာမယ်။ ဒါကို အထောက်အကူပြုဖို့အတွက် ပြန်လည်ဆန်းစစ်တဲ့ သဘောပါ။ တိုင်းရင်းသား တွေများတဲ့အတွက် ဖက်ဒရယ်က အခြားဖက်ဒရယ်တွေနဲ့ တူချင်မှတူနိုင်မယ်။ အဲဒီ အပေါ်မှာ ဖက်ဒရယ်ကို ကိုယ်တိုင်ညှိနှိုင်းမှရမယ်၊ သူတို့ ဖက်ဒရယ်က ဘယ်လိုဖြေရှင်းလဲ၊ ဘယ်လ်ိုလမ်းကြောင်းပေါ်သွားသလဲ၊ ဆုံးဖြတ်ရမှာတော့ ကိုယ်တိုင် ဆုံးဖြတ်ချက်ချရမှာမို့၊ ဆုံးဖြတ်ချက်ချတဲ့ ပုံစံတူနိုင်သော်လည်း လုပ်ပုံလုပ်နည်းတွေက မတူနိုင်ပါဘူး’’ ဟု ၎င်း၏ အမြင်ကိုပြောကြားသည်။

ထို့ပြင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက “တောင်အာဖရိက၊ ကင်ညာနဲ့ ယီမင် နိုင်ငံတွေမှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ် တွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ သူတို့အောင်မြင်တဲ့အချက်၊ မအောင်မြင်တဲ့အချက်တွေကို သင်ခန်းစာယူနိုင်အောင် အဓိက ဆွေးနွေးတာဖြစ်ပါ တယ်။

လက်ရှိအနေအထားအရ သူတို့ရဲ့အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး ကျွန်တော်တို့ ဘာလုပ် သင့်တယ်ဆိုတဲ့ အကြုံပြုချက်တွေ တောင်းတဲ့သဘော ဖြစ်ပါတယ်။ ကျွန်တော်တို့ မသိသေးတဲ့ ကိစ္စရပ်လေးတွေ သိရှိရပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့အခြေအနေက သူများနိုင်ငံနဲ့ မတူပါဘူး။ မြန်မာနိုင်ငံမှာ ဆွေးနွေးမှုတွေ တကယ်လုပ်တဲ့အခါ ပကတိအခြေအနေကို ထင်ဟပ်တဲ့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းစဉ်က ဆီလျော်တယ်ဆိုတာကို သူက သုံးသပ်သွားတာရှိပါတယ်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြန်သုံးသပ်တဲ့အခါ  အတိုင်းအတာ တစ်ခုအနေနဲ့ အထောက်အကူပြုမယ်လို့ ထင်ပါတယ်’’ ဟု ပြောကြားသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။

ဆွေးနွေးပွဲတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၏ ဖွဲ့စည်းမှုပုံသဏ္ဍာန်နှင့် ဖွဲ့စည်း တည်ဆောက်ပုံ၊ အခြေခံယူဆချက်များအပေါ် ဆွေးနွေးခြင်းနှင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာများ စသည်တို့ကို ပြန်လည်သုံးသပ်ဆွေးနွေးကြသည်။

စားပွဲဝိုင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ အစိုးရအစုအဖွဲ့မှ ပါဝင်သင့်ပါဝင်ထိုက်သူ ဦးဇော်ဝင်းက “ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နဲ့ပတ်သက်လို့ Centralizationနဲ့ Decentralization ပုံစံ နှစ်ခုထဲက ရွေးချယ် စဉ်းစားသင့်ပါတယ်။ ဘယ်ပုံစံနဲ့လုပ်လုပ်  ပြည်သူလူထုက လက်ခံနိုင်တဲ့ အနေအထား ဖြစ်အောင် ကြိုးစားတာအကောင်ဆုံးဖြစ်ပါတယ်။ အစုအဖွဲ့တွေနဲ့ တိုင်းရင်းသားတွေ တင်ပြလာတဲ့ အချက်အလက်တွေအပေါ်မှာ ဘုံသဘောတူ ညီတဲ့ ဆုံးဖြတ်ချက်တွေ ရရှိဖို့ အတွက် ဆွေးနွေးရမယ့် ခေါင်းစဉ်တွေ၊ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေအပေါ်မှာ ဦးစား ပေးပြီး သတ်မှတ်ဖို့လိုပါတယ် ’’ ဟု ပြောကြားသည်။

ယနေ့ကျင်းပသည့် ဆွေးနွေးပွဲများသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ ပူးတွဲကော်မတီဝင်များနှင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့တို့မှ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကို ဩဂုတ် ၃၁ ရက်တွင် ဆက်လက် ကျင်းပ သွားမည် ဖြစ်ကြောင်းသိရသည်။

ဇော်ဇင်၊ ဓာတ်ပုံ - အေးသန်း