ဆွာတမံရေပိုလွှဲကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သော တောင်ငူမြို့၊ ဆွာမြို့၊ ရေတာရှည်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အားပေးထောက်ပံ့

နေပြည်တော်  ဩဂုတ် ၃၀

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့နယ်၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပဲ့ကာရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် တောင်ငူမြို့၊ ဆွာမြို့၊ ရေတာရှည်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ရေဘေးသင့် ပြည်သူများအား အားပေးထောက်ပံ့ မှုများပြုလုပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ချမ်းမြေ့ဓမ္မဗိမ္မာန် ယာယီ ရေဘေးရှောင် စခန်းသို့ရောက်ရှိပြီး အားပေးစကားပြောကြားရာတွင် ရေဘေးသင့်ဒဏ် ခံစားနေရသော ပြည်သူများအတွက် အစိုးရကတာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရေဘေး သင့်ပြည်သူအားလုံး အခွင့်အရေးအညီအမျှ ရရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး လူဦးရေ (၁၉,၆၄၇)ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ် (၄၁,၂၅၈,၇၀၀)အား ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ၊ လသား ကလေးငယ်များ၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းများအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၈၄,၀၀၀) ထောက်ပံ့ပေးခြင်း နှင့် ကလေးငယ် များအတွက် မုန့်များ ဝေငှ ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေးဘေးကြောင့် အသက် ဆုံးရှုံးခဲ့ရသော မိသားစုထံသို့သွားရောက် နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ ငွေကျပ် (၃)သိန်းအား ပေးအပ်ခဲ့သည်။

ယင်းနောက်  အုတ်ကျွတ်(၁)၊ အလယ်တန်းကျောင်းရှိ ယာယီ ရေဘေးရှောင် စခန်း နှင့်ရေတာရှည်မြို့၊ အောင်ချမ်းသာရွာ၊ မယ်ဒက်ကယ် ဘုရားကျောင်းရှိ ယာယီ ရေဘေး ရှောင်စခန်းသို့သွားရောက်ခဲ့ပြီး အားပေး စကားပြောကြား၍ ထောက်ပံ့ငွေများ ပေးအပ် ခြင်းနှင့် ကလေးငယ်များအတွက် မုန့်များပေးအပ်ခဲ့ကြောင်း  သိရသည်။  
(သတင်းစဉ်)