ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၃၀

ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့လာသော ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေးများကို  ယနေ့မွန်းလွဲ ၁နာရီက အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေကြမ်းကို လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် ပြည်သူ့ ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကိုလည်းကောင်း၊ ညနေပိုင်းတွင် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကိုလည်းကောင်း ပြည်ထောင်စု လွှတ်တော် D ဆောင်၊ ပထမထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဥပဒေ ကြမ်းပူးပေါင်း ကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ တို့မှ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ် ရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ပြည်ထောင် စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)