နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

 
 
ကတ္တမန္ဒူး၊ ဩဂုတ် ၃၀
 
နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိ နေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ယနေ့ တွင်ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲ များစုပေါင်းတွေ့ဆုံပွဲနှင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး သို့တက်ရောက်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီးဒေါ်ချိုချိုတို့သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ အိမ်တော်သို့ ရောက်ရှိကြ သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ Mrs. Bidhya Devi Bhandari နှင့် ဘင်းမ်စတက်အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်း နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများစုပေါင်းတွေ့ဆုံပွဲ အခမ်းအနား သို့တက်ရောက် သည်။

တွေ့ဆုံပွဲအပြီးတွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲများသည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို တို့သည် နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ Mrs. Bidhya Devi Bhandari က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့တက်ရောက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို တို့သည် Soaltee Crown Palaza Hotel , Malhar Hall ၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ နီပေါဖက်ဒရယ် ဒီမိုကရက် တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် Mr. Khadga Prasad Sharma Oli နှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

အခမ်းအနားသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ အကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်၊ နီပေါနိုင်ငံအခြေစိုက်သံတမန်များ၊ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

အခမ်းအနားတွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Khadga Prasad Sharma Oli က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ဘင်းမ်စတက်အဖွဲ့နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ အကြီးအကဲများ က မိန့်ခွန်းပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က မိန့်ခွန်းပြောကြားသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ -

- သဘာပတိကြီး၊ နီပေါနိုင်ငံ ဝန်ကြီးချုပ် ရှာမားအိုလီ၊ တက်ရောက်လာတဲ့ နိုင်ငံ ခေါင်းဆောင်များ၊ BIMSTEC အတွင်းရေးမှူးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့များ၊ မင်္ဂလာပါ၊

− ပထမဆုံးအနေနဲ့ ယခုအစည်းအဝေးကြီးကို လက်ခံကျင်းပတဲ့ နီပေါနိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်တဲ့နီပေါနိုင်ငံအစိုးရကို ဂုဏ်ပြုအပ်ပါကြောင်းပြောကြားလိုပါတယ်။

− မိမိတို့ကိုယ်စားလှယ်အဖွဲ့ကို နွေးထွေးစွာကြိုဆိုပြီး၊ ဧည်ဝတ်ကျေပွန်ခဲ့တဲ့ နီပေါနိုင်ငံ အစိုးရနဲ့ပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြား လိုပါတယ်။

− မိမိ အနေနဲ့ ယခုအစည်းအဝေးကို ပထမဆုံးအကြိမ်တက်ရောက်ပြီး အဆွေ‌တော်တို့နဲ့ အမြင်ချင်းဖလှယ်ခွင့်ရရှိတဲ့အတွက်များစွာဂုဏ်ယူမိပါတယ်။ ဒီအစည်းအဝေးမှာ BIMSTEC ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာအောင် မည်သည့်နည်းလမ်း များနဲ့ ဆောင်ရွက်သင့်တယ်ဆိုတာကို ဆွေးနွေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

− ၂၀၁၄ခုနှစ် နေပြည်တော်မှာကျင်းပခဲ့တဲ့ တတိယအကြိမ် BIMSTEC ထိပ်သီးအစည်း အဝေးမှာ BIMSTEC ပူးပေါင်းဆောင်ရွက်မှုပိုမိုနက်ရှိုင်းလာအောင်နဲ့၊ အဖွဲ့ကြီးရဲ့ ဖွဲ့စည်းမှုဆိုင်ရာလုပ်ငန်းစဉ်တွေပိုမိုခိုင်မာအောင်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ BIMSTEC အတွင်းရေးမှူးရုံးကို ဒါကာမြို့မှာ ထူထောင်ဖို့နဲ့ BIMSTEC အတွင်းရေးမှူးချုပ်ခန့်အပ်ဖို့ကိုလည်း အဖွဲ့ဝင်နိုင်ငံများက သဘောတူညီ နိုင်ခဲ့ပါတယ်။

− ပထမဆုံး BIMSTEC အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Mr. ဆူမတ်-နာကန်ဒါလာ ကိုလည်း သူရဲ့စွမ်းစွမ်းတမန်တာဝန်ထမ်းဆောင်ခဲ့မှုအတွက် ဂုဏ်ပြု ပါကြောင်းပြောကြားလိုပါတယ်။ Mr. ရှဟီဒူး-အစ္စလမ် အား ဒုတိယမြောက် BIMSTEC အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့မှုအပေါ်ကိုလည်း ကြိုဆိုပါကြောင်း ပြောကြား လိုပါတယ်။

− BIMSTEC ခေါင်းဆောင်များအလွတ်သဘောအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ အောင်မြင်စွာလက်ခံကျင်းပပေးခဲ့တဲ့ အိန္ဒိယနိုင်ငံကိုလည်း ဂုဏ်ပြုပါကြောင်းပြောကြားလိုပါတယ်။ ဒီအစည်းအဝေးက ထုတ်ပြန်ခဲ့တဲ့ Outcome Document နဲ့ Agenda of Action တွေဟာ BIMSTEC ပူးပေါင်းဆောင်ရွက်မှုရဲ့ လမ်းညွှန်မူဘောင်များဖြစ်ခဲ့ပါတယ်။

− စိုက်ပျိုးရေးဟာ မိမိတို့နိုင်ငံအများစုရဲ့ အဓိကစီးပွားရေးဖြစ်ကြပါတယ်။ စိုက်ပျိုးရေး ဟာ ဒေသတွင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို အစားအစာနဲ့အဟာရလုံခြုံမှု ကဏ္ဍကနေပြီး အထောက်အကူပြုလျက်ရှိပါတယ်။

− ယနေ့ကမ္ဘာမှာ တိုးပွားနေတဲ့ လူဦးရေအတွက် အစားအစာနဲ့အဟာရလုံခြုံမှုရှိဖို့ စိန်ခေါ်မှုများနဲ့ရင်ဆိုင်နေရပါတယ်။ ၂၀၅၀ ခုနှစ် မှာ လူဦးရေ ၉.၆ ဘီလီယံ အထိရှိလာမယ် လို့ခန့်မှန်းရပါတယ်။ ကမ္ဘာ့လူ ဦးရေရဲ့ ၂၂% နေထိုင်တဲ့ BIMSTEC ဒေသဟာလည်း ဒီစိန်ခေါ်မှုကို မလွဲမသွေရင်ဆိုင်ရမှာဖြစ်ပါတယ်။

− BIMSTEC စိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင်သူများအစည်းအဝေးရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုတဲ့ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံအနေနဲ့ BIMSTEC ရဲ့ ဦးဆောင်နိုင်ငံဖြစ်တဲ့အတွက် ပထမဆုံး စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၈/၂၀၁၉ ခုနှစ်အတွင်းမှာ လက်ခံကျင်းပ သွားမှာ ဖြစ်ကြောင်း အသိပေးလို ပါတယ်။

− မိမိတို့ဒေသခွဲမှာရှိတဲ့နိုင်ငံတွေဟာ ရေအားလျှပ်စစ်အပါအဝင် စွမ်းအင်အရင်းအမြစ် ပေါကြွယ်ဝကြပါတယ်။ ဒါပေမယ့် တိုးမြင့်လာတဲ့ စွမ်းအင်လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ထုတ်လုပ် ဖြည့်တင်းနိုင်မှုမရှိပါဘူး။ ဒါကြောင့် မိမိတို့ ဒေသတွင်း နိုင်ငံတွေအနေနဲ့ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းအင်ကုန်သွယ်မှုတို့ကို တိုးမြှင့် ဆောင်ရွက်သွားဖို့ လိုအပ်နေပါတယ်။

− ၂၀၀၉ ခုနှစ်၊ မြန်မာနိုင်ငံမှာ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ BIMSTEC Energy Centre တည်ထောင်မှု ဆိုင်ရာနားလည်မှုစာချွန်လွှာဟာ BIMSTEC စွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုရဲ့ အထင်ကရအောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ ဒီစင်တာ စတင် လုပ်ငန်း ဆောင်ရွက်နိုင်ဖို့အတွက် မိမိတို့နိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အဓိကအခန်း ကဏ္ဍက ပါဝင်နေပါတယ်။

− ယ္ခုထိပ်သီးအစည်းအဝေးမှာ BIMSTEC Grid Interconnection နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် များစွာဝမ်းမြောက်မိပါတယ်၊ ဒီ နားလည်မှုစာချွန်လွှာဟာ အဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်ကုန်သွယ်မှုအတွက် မူဘောင်တစ်ရပ်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

− ပေါင်းစည်းဆက်နွယ်မှုဟာ ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒေသတွင်းပေါင်း စည်းမှု လုပ်ငန်းစဉ်တွေအတွက် အဓိအခန်းက ပါဝင်နေပါတယ်။ သယ်ယူပို့ ဆောင်ရေးဆိုင်ရာ BIMSTEC Master Plan ရေးဆွဲမှုမှာ အောင်မြင်မှုများရရှိနေ တယ်လို့သိရှိရတဲ့အတွက် များစွာဝမ်းမြောက်မိပါတယ်။ ဒီလိုရေးဆွဲရာမှာ အကူအညီ များပေးနေတဲ့ ADB ကို လည်း ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။

− အဖွဲ့ဝင်နိုင်ငံများအကြား ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမှာ အောင်မြင်မှု အတိုင်းအတာတစ်ခုအထိရရှိနေသော်ငြားလည်း၊ စိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။

− ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်က ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး ကထုတ်ပြန်ခဲ့တဲ့ “ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ကိုလမ်ဘိုကြေညာချက်”ကိုကြိုဆိုပါတယ်။ ဒီကြေညာချက်မှာ BIMSTEC အဖွဲ့ဝင်နိုင်ငံများရဲ့ ဒေသတွင်းမှာရှိတဲ့ ပြည်သူများ အဆင့်အတန်းရှိသော တိုးတက် ကောင်းမွန်သည့် လူနေမှုဘဝကိုပိုင်ဆိုင်ရေး နိုင်ဖို့ ဆောင်ရွက်ပေးသွားလိုတဲ့ ကတိကဝတ်များကို ဖေါ်ပြထားတာကို တွေ့ရှိရပါတယ်။

− ၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့မှာ မြန်မာနိုင်ငံဟာ “၂၀၀၉ ခုနှစ် BIMSTEC အကြမ်းဖက်မှု ၊ နိုင်ငံဖြတ်ကျော်မှုခင်းများနဲ့ မူးယစ်ဆေး တိုက်ဖျက်ရေးဆိုင်ရာ စာချူပ်” မှာ အတည်ပြုပါဝင်ခဲ့ပါတယ်။

− BIMSTEC အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေးဟာ အဖွဲ့ဝင် နိုင်ငံများအကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရဲ့ အဓိကအရေးပါတဲ့ အစိတ် အပိုင်းတစ်ရပ်ဖြစ်ကြောင်း အသိအမှတ်ပြုဖေါ်ပြလိုပါတယ်။ ဒီအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံများအကြား မဟာဗျူဟာမြောက်ဆွေးနွေးနိုင်ရုံမကဘဲ၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကိုပါ ဆွေးနွေးအဖြေရှာနိုင်တဲ့အတွက် BIMSTEC အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍအတွက် များစွာအရေးပါ ပါတယ်။

− မြန်မာနိုင်ငံဟာ “BIMSTEC မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဓါတု ပစ္စည်းများ” အဖွဲ့ခွဲရဲ့ ဦးဆောင်နိုင်ငံအဖြစ်တာဝန်ယူထားတဲ့အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ နယ်စပ်ဖြတ်ကျော်မူခင်းများတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး များကို လက်ခံကျင်းပပေးခဲ့ပါတယ်။

− မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုရဲ့ ဆိုးဝါးတဲ့ရိုက်ခတ်မှုတွေကို ရင်ဆိုင်နေရလျက်ရှိ ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ နယ်စပ်ဖြတ်ကျော်မူခင်းများတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို များစွာအလေး ထားပြီး၊ BIMSTEC ပူးပေါင်းဆောင်ရွက်မှုမူဘောင်အောက်မှ ဆက်လက်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုပြောကြားလိုပါတယ်။

− BIMSTEC လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ်ကို အဖွဲ့ဝင်နိုင်ငံများ က၂၀၀၄ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့သော်လည်း၊ ၎င်းမှာပါဝင်တဲ့ သီးခြား သဘောတူစာချုပ်ခွဲများကို လက်မှတ်ရေးထိုးနိုင်ရန်အတွက် ဆက်လက်ညှိနှိုင်းဆဲ အဆင့်တွင်သာရှိနေပါတယ်။ ဒီလို ညှိနှိုင်းဆဲအခြေအနေမှာ မိမိတို့အဖွဲ့ဝင်နိုင်ငံများ အနေနဲ့ ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းများဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်ခြင်း အစရှိတဲ့ လုပ်ငန်းများဆောင်ရွက်ပြီး ကုန်သွယ်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားသင့်ပါတယ်။

− BIMSTEC ရဲ့ အဆင့်ဆင့်သောအစည်းအဝေးများနဲ့ဖွဲ့စည်းထားတဲ့ ကွပ်ကဲမှုစနစ်ဟာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို ထိန်းသိမ်းလမ်းညွှန်ရာမှာ များစွာအရေးပါတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ဒါပေမယ့်“လုပ်ထုံးလုပ်နည်းများ” သတ်မှတ်ရေးဆွဲနိုင်ခဲ့ရင် မိမိတို့ ပူးပေါင်းဆောင်ရွက်ရေးဟာ ပိုမိုထိရောက်မှုရှိလာမယ်လို့ ထင်မြင်မိပါတယ်။ ထို့ပြင် အဲဒီလုပ်ထုံးလုပ်နည်းတွေဟာ အနာဂတ် “BIMSTEC ပဋိညာဉ်စာတမ်း” ရေးဆွဲရာမှာလည်း အခြေခံကောင်းအဖြစ်ရှိနေမှာ ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်း မူကြမ်းရေးဆွဲသွားမယ့်အစီအစဉ်ကို ကြိုဆိုကြောင်း ပြောကြားလိုပါတယ်။

− BIMSTEC ရဲ့ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ ၁၆ ခု ကို တစ်ပြိုင်နက်တည်း အကောင် အထည်ဖော်ရန်မှာ ငွေကြေးအရရော အရင်းအမြစ်တွေအရပါ ကန့်သတ်ချက်တွေ ရှိနေတဲ့အတွက် အခက်အခဲများစွာရှိပါတယ်။ ဒါကြောင့် ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ဖို့ဆိုရင် မိမိတို့ဆောင်ရွက်လိုတဲ့စီမံကိန်းတွေထဲက အချို့ကို ဦးစားပေး အနေနဲ့ ရွေးချယ်သွားရမှာ ဖြစ်ပါတယ်။

− ရန်ပုံငွေရရှိနိုင်မှုဟာ ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ရေးအတွက် ထည့်သွင်း စဉ်းစားရတဲ့အချက်တစ်ချက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါ့ကြောင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ရန်ပုံငွေရရှိနိုင်မယ့် အခြားနည်းလမ်းတွေ ရှာဖွေ သွားမယ့် အစီအစဉ်ကို ကြိုဆိုပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ရဲ့ ဘုံစီမံကိန်း တွေကို အကောင်အထည်ဖော်ဖို့အတွက် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနဲ့ ထိတွေ့ဆက်ဆံမှု မြှင့်တင်သွားဖို့ လိုအပ်ပါတယ်။

− နိဂုံးချုပ်အနေနဲ့ BIMSTEC ဒေသကြီး ငြိမ်းချမ်းဝေစည်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုရရှိရေးအတွက် BIMSTEC ပူးပေါင်းဆောင်ရွက်ရေး ပိုမိုအားကောင်း လာအောင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထပ်လောင်းပြောကြား လိုပါတယ်။

− ကျေးဇူးတင်ပါတယ်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို တို့သည် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲများ နှင့်အတူ နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Khadga Prasad Sharma Oli က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲနှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲသို့ တက်ရောက်သည်။

Ref; Myanmar President Office