ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံတတိယအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော် ဇူလိုင် ၁၆

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံတတိယအစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျေးဇူးတင် စကားပြော ကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မ တီ(UPDJC) ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ အစုအဖွဲ့အသီးသီးမှ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ လေ့လာသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညီလာခံတွင် ဦးဆောင်သဘာပတိအဖြစ် ပဒိုစောကွယ်ထူးဝင်းက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဦးကျော်တင့်ဆွေ၊ ဒေါ်နီရွှေလျန်းနှင့် ဦးမြင့်စိုးတို့က ဆောင်ရွက်ကြသည်။

ရှေးဦးစွာ ညီလာခံဦးဆောင်သဘာပတိ ပဒိုစောကွယ်ထူးဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ကဏ္ဍအလိုက် အခြေခံမူအဆိုပြုချက်များကို တင်သွင်းကြ ရာနိုင်ငံရေးကဏ္ဍ အခြေခံမူအဆိုပြုချက်ကို တပ်မတော်အစု အဖွဲ့ ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) ကလည်းကောင်း၊ စီးပွားရေးကဏ္ဍ အခြေခံမူအဆိုပြုချက်ကို အစိုးရအစုအဖွဲ့ ကိုယ်စားလှယ် ဦးလှမောင်ရွှေကလည်းကောင်း၊ လူမှုရေးကဏ္ဍ အခြေခံမူအဆိုပြုချက်ကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ် ဦးနိုင်ငံလင်းကလည်းကောင်း၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍအခြေခံမူအဆိုပြုချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအစုအဖွဲ့ကိုယ်စားလှယ် ခွန်မြင့်ထွန်းကလည်းကောင်းဖတ်ကြားတင်သွင်းကြသည်။

ယင်းနောက် အစိုးရအစုအဖွဲ့ကိုယ်စားလှယ်ဦးကျော်ကျော်ဟန်၊ လွှတ်တော် အစုအဖွဲ့ ကိုယ်စားလှယ် ဦးမင်းဦး၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ်စိုးနိုင်ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် နိုင်အောင်မငေးနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ် စောထွန်းအောင်မြင့်တို့က ကဏ္ဍအလိုက် တင်သွင်းသည့် အခြေခံမူ အဆိုပြုချက် အချက် ၁၄ ချက်ကိုထောက်ခံ ဆွေးနွေးကြသည်။

ထို့နောက် ဦးဆောင်သဘာပတိပဒိုစောကွယ်ထူးဝင်းက ကဏ္ဍအလိုက် တင်ပြလာသည့် နိုင်ငံရေးကဏ္ဍ အဆိုပြုချက် ၄ ချက်၊ စီးပွားရေးကဏ္ဍ အဆိုပြုချက် ၁ ချက်၊ လူမှုရေးကဏ္ဍ အဆိုပြုချက် ၇ ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ အဆိုပြုချက် ၂ ချက် စုစုပေါင်း ၁၄ ချက်အပေါ် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်သားအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ ထောက်ခံတင်ပြပြီးဖြစ်သဖြင့် ကဏ္ဍအလိုက် အဆိုပြုချက်အခြေခံမူများအားလုံးကို တစ်ပေါင်းတစ်စည်းတည်း အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ တင်သွင်းလာသောစာတမ်းများအား UPDJC အတွင်းရေးမှူး အဖွဲ့ဝင်ဦးမျိုးဝင်းက မှတ်တမ်း တင်နိုင်ရန် ညီလာခံသို့ အဆိုပြု တင်သွင်းရာဦးဆောင် သဘာပတိကမှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်း အဝေးမှ အတည်ပြုထားသောသဘောတူညီချက် ၁၄ ချက်ကိုပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အစိုးရအစုအဖွဲ့မှ ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ်ဦးအောင်စိုး၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ်စန်းမြင့်၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားလှယ် ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ် ဦးသုဝေတို့က လက်မှတ်ရေးထိုးကြသည်။

ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၂) တွင် အသိသက်သေ အဖြစ် အစိုးရအစုအဖွဲ့ တိုင်းရင်းသားကိုယ်စားလှယ် ဦးထုံဖူးဒဂုဏ်၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ တိုင်းရင်းသားကိုယ်စားလှယ် နန်းစေးအွာ၊ နိုင်ငံရေးပါတီအစုအဖွဲ့ တိုင်းရင်းသားကိုယ်စားလှယ် တာမြင့်ကျော်၊ အစိုးရအစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ ကိုယ်စားလှယ် ဦးကျော်ဝင်း၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ ကိုယ်စားလှယ် ဦးလှကျော်အောင်နှင့် နိုင်ငံရေးပါတီအစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ ကိုယ်စားလှယ် နန်းခမ်းအုံတို့ လက်မှတ်ရေးထိုးကြသည်။

ယင်းနောက် ဦးဆောင်သဘာပတိ က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံ တတိယအစည်းအဝေး၏ သဘောထားထုတ်ပြန်ကြေညာ ချက်ကို ညီလာခံသို့ ဖတ်ကြား တင်ပြသည်။

ထို့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကကျေးဇူးတင် စကားပြောကြားသည်။

ယင်းနောက် ညီလာခံသဘာပတိ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံတတိယ အစည်းအဝေး အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာသည်။

ယနေ့ကျင်းပပြီးစီးသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးမှ သဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ယခင်ကျင်းပခဲ့သည့် ဒုတိယ အစည်းအဝေးတွင် သဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် ပြည်ထောင်စုသဘောတူ စာချုပ်တွင် အချက်ပေါင်း ၅၁ ချက် ထည့်သွင်းနိုင်ခဲ့ပြီဖြစ်သည်။

Ref; Myanmar State Counsellor Office