ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံမူများ ၂ဝ၁၉ ခုနှစ်တွင် ချမှတ်နိုင်အောင် ကြိုးပမ်းမည်ဆိုသည့်အချက်အား (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး၏ သဘောထားထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်နိုင်ရန် စီစဉ်သွားမည်

နေပြည်တော် ဇူလိုင် ၁၃

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ညီလာခံတတိယနေ့အပြီး ယနေ့ညနေ ၅ နာရီတွင် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန MICC-2 တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်း ရေးမှူးများ ဖြစ်ကြသည့် စိုင်းကျော်ညွန့်၊ ဦးလှမောင်ရွှေ၊ ဦးဇော်ဌေးနှင့်ဦးအောင်စိုးတို့က ရှင်းလင်းကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံခဲ့ကြောင်းကို ဦးဇော်ဌေးက ''နံနက် ၉ နာရီမှာ တွေ့ဆုံကြပါတယ်။ (၁) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက် ဘယ်လိုဖြေရှင်းမလဲ။ (၂) ပိုမိုပြီးထိရောက် ကောင်းမွန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်လာစေရန် မည်သည့်နည်း လမ်းများဖြင့် ဆောင်ရွက်မလဲ။ (၃) အဆုံးအဖြတ်ပေးနိုင်မည့် ခေါင်းဆောင်တွေကြားတွင် ယခုထက်ပိုမိုနီးကပ်စွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားကြဖို့ဆိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ အသေးစိတ် အချက်အလက်တွေ ကိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံတတိယ အစည်းအဝေးပြီးတာနဲ့ ဆက်လက် ဆောင်ရွက်ဖို့ ဆွေးနွေးပါတယ်'' ဟု ပြောသည်။

ယနေ့ညီလာခံ တတိယနေ့တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီတို့က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍကြီးများအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံရေးကဏ္ဍအစုအဖွဲ့ ကိုယ်စားလှယ် စိုင်းကျော်ညွန့်က ''ယနေ့ ပြုလုပ်တဲ့ နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲမှာUPDJC မှ တင်သွင်းအဆိုပြုခဲ့တဲ့ အချက်လေးချက်ကို ဆက်လက်ဆွေးနွေး ခဲ့ကြပါတယ်။ ဆွေးနွေးရာမှာ စကားလုံး အပေါ် ဝိဝါဒကွဲပြားလာနိုင်တဲ့ အသုံးအနှုန်းတွေကြောင့် UPDJC က တင်သွင်းလာတဲ့ အဆိုပြုလွှာကို ညီလာခံက ထပ်ဆင့်အတည်ပြုပေးနိုင်ဖို့ အဆိုပြုပါတယ်။ အစုအဖွဲ့အားလုံးက သဘောတူညီဖို့ အလားအလာ ရှိခဲ့ပါတယ်။ မနက်ဖြန်မှာတော့ အချက်လေး ချက်စလုံးကို သဘောတူညီနိုင်မယ်လို့ ပြောချင်ပါတယ်'' ဟု ပြောသည်။

မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍအစုအဖွဲ့ ဦးအောင်စိုးကUPDJC က ချမှတ်ပေးသည့် အချက်နှစ် ချက်စလုံး ဆွေးနွေးခဲ့ကြောင်း စကားလုံးအချို့ ပြင်ဆင်၍ သဘောတူညီချက်ပေးပို့ရန် သဘောတူညီကြောင်း ပြောကြားသည်။

စီးပွားရေးကဏ္ဍတွင် တင်သွင်းသည့် အချက်တစ်ချက်အား အစုအဖွဲ့ ငါးဖွဲ့က သဘောတူညီမှုရရှိကာ လူမှုရေး ကဏ္ဍတွင် အချက် ၇ ချက်လုံး သဘောတူညီ မှုရရှိပြီး သက်ဆိုင်သည့် စကားလုံး သတ်ပုံသတ်òန်း ပြင်ဆင်ရန် လိုအပ် ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးအပြီးတွင် ညီလာခံ သဘော ထားကို ထုတ်ပြန်သွားမည်ဖြစ်ပြီး ညီလာခံ၏ သဘောထားထုတ်ပြန်ချက်ကို UPDJC သို့တင်သွင်းထားကြောင်း သိရသည်။

ဦးဇော်ဌေးက '' နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့တာက ၂ဝ၁၈ ခုနှစ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ အစည်းအဝေးတစ်ကြိမ် ထပ်မံကျင်းပဖို့နဲ့ ၂ဝ၁၉ ခုနှစ်မှာ ညီလာခံနှစ်ကြိမ်ကျင်းပဖို့၊ စုစုပေါင်း သုံးကြိမ်ကျင်းပဖို့ပါ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံမူတွေချမှတ်နိုင်အောင် ကြိုးပမ်းမယ်ဆိုတဲ့ ညီလာခံရဲ့ သဘော ထား ထုတ်ပြန်ချက်ထုတ်ပြန်သွားဖို့ UPDJC မှာ တင်ထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေကလည်း အကြမ်းဖျင်းသဘောတူပါ တယ်'' ဟု ပြောသည်။

သတင်းစာ ရှင်းလင်းပွဲတွင် တပ်မတော်နှင့် အစိုးရဘက်က အတည် ပြုထားသည့် ၂ဝ၁၉ ခုနှစ်နှင့် ၂ဝ၂ဝ ပြည့် နှစ်အချိန်သတ်မှတ်မှုအပေါ် လက်နက် ကိုင် အဖွဲ့အစည်းများက ၂ဝ၃ဝ ပြည့်နှစ် မှသာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်မည် ဟု ပြောကြားထားသည့်အချက်နှင့် စပ်လျဉ်းမေးမြန်းမှုကို ဦးဇော်ဌေးက '' အစိုးရရဲ့ ရေရှည်မျှော်မှန်းချက်က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ တဲ့ ပြည်ထောင်စုဖြစ်ပေါ်ရေးပါ။ အစိုးရ က ၂ဝ၂ဝ ပြည့်နှစ် မျှော်မှန်းချက်ထားတာက အဲဒီအချိန်မှာ ရွေးကောက်ပွဲတွေရှိလာမှာဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေ က စည်းရုံးလှုပ်ရှားမှုတွေ ရှိလာရင် ငြိမ်းချမ်းရေးအပေါ် အလေးအနက်ထား တာ လျော့လာမယ်။ ဒါကြောင့် အချိန် တိုမျှော်မှန်းချက်ဖြစ်တဲ့ ၂ဝ၁၉ ခုနှစ်မှာ အခြေခံမူတွေရအောင် မျှော်မှန်းတာပါ။ အခြေခံမူအနေနဲ့ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရင် နိုင်ငံရေးမှာ ပြေလည်သွားမယ်။ လုပ်ငန်းစဉ်အနေနဲ့ အခုသွားနေတဲ့ တရားဝင်အစည်းအဝေး တွေအပြင် အလွတ်သဘော တွေ့ဆုံမှု တွေလုပ်မယ်။ ခေါင်းဆောင်အချင်းချင်း တွေ့မယ်။ ဒီပုံစံနဲ့ သွားဖို့ပြောထားပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်မှာ အခြေခံအုတ်မြစ်ချ နိုင်ဖို့ပါ ''ဟုပြောသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်၏ပါဝင်မှု အခန်းကဏ္ဍကို သိလိုပါသည်ဟူသော မေးခွန်းနှင့် စပ်လျဉ်း၍ ဦးဇော်ဌေးက ''အိမ်နီးချင်း ဆိုတာရွေးလို့မရဘူး။ နယ်မြေချင်းထိစပ် နေတယ်။ ဆွေမျိုးပေါက်ဖော် ပတ်သက်မှု ရှိတယ်။ တရုတ်ရဲ့အခန်းကဏ္ဍက အရေး ကြီးပါတယ်။ တရုတ်မူဝါဒက နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေးပါ။ ဒါက သူ့ရဲ့ အကျိုးစီးပွားပါ။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့အတွက် ငြိမ်းချမ်း ရေးကမြန်မာနိုင်ငံရဲ့ ဦးစားပေးလုပ်ငန်း စဉ် ဖြစ်တယ်။ ဒီတော့ ဘုံအကျိုးစီးပွား တွေရှိနေတယ်။ တရုတ်က နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့အတွက် ပံ့ပိုးကူညီ ပေးမယ်။ နိုင်ငံရဲ့ ပြည်တွင်းရေးကိုတော့ မစွက်ဖက်ဘူးလို့ ပြောထားပြီးသားပါ'' ဟု ပြောသည်။

UPDJC က တင်သွင်းသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် သဘောတူညီချက် အားလုံး (၁၄) ချက်ကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၂) အဖြစ် ထည့်သွင်းသွားနိုင်မည်လား ဟူသည့် မေးမြန်းချက်နှင့်စပ်လျဉ်၍ ဦးလှမောင်ရွှေက '' လုပ်ဆောင်ခဲ့ဖူး ခြင်းမရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အတွက် မူဘောင်နဲ့ လုပ်ငန်းလမ်းညွှန် တွေကို အကောင်းဆုံးလုပ်ခဲ့ပါတယ်။ အခုဆွေးနွေးတော့ ညီလာခံ ကိုယ်စား လှယ်တွေက လုပ်ငန်းကော်မတီထဲမှာ မပါတဲ့သူများတယ်။ ကျစ်လျစ်ပြီးသား စကားလုံးတွေကို ကောင်းမွန်တဲ့ ဆန္ဒနဲ့သူတို့လည်း ထပ်ထည့်ပြီး ဆွေးနွေးတော့ ပြန်ညှိနေရတယ်။ ဒါကြောင့် မနက်ဖြန်မှာ အစုအဖွဲ့တွေအလိုက် ပြန်ဆွေးနွေးမယ်။ မနက်ဖြန်တော့ အဖြေထွက်မှာပါ''ဟု ပြောသည်။

ယနေ့ညီလာခံ တတိယနေ့တွင် ကဏ္ဍလေးခုအတွက် UPDJC က တင်သွင်းသည့် အချက် ၁၄ ချက်ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီတို့က ဆွေးနွေးရာ မူရင်းအဓိပ္ပာယ်များကို သဘောတူညီခဲ့ပြီး စကားလုံးရွေးချယ်မှုနှင့် စာလုံးပေါင်း သတ်ပုံသတ်ညွှန်း ရွေးချယ်မှု ကိုသာ အစုအဖွဲ့လိုက် ပြန်လည်ဆွေးနွေးရန်လိုကြောင်း သိရသည်။

သတင်း- ရဲခေါင်ညွန့်

ဓာတ်ပုံ- ဖိုးထောင်