နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင် ပညာရှင် များ၊ သရုပ်ဆောင်များအားတည်ခင်းဧည့်ခံသောညစာစားပွဲသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဇူလိုင် ၁၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညနေပိုင်းတွင် ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ နေအိမ်၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် ဇနီး ဒေါ်ခိုင်နွယ်ဦးတို့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်ပညာရှင်များ၊ သရုပ်ဆောင်များအား တည်ခင်းဧည့်ခံသည့် ညစာ စားပွဲသို့ တက်ရောက်အားပေးချီးမြှင့် သည်။

အဆိုပါ ညစာစားပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ပန်းချီစိုးမိုး၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် ရုပ်ရှင်ပညာရှင်များ၊ သရုပ် ဆောင်များ၊ ဒါရိုက်တာများ၊ ရုပ်ရှင်ထုတ်လုပ်သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ညစာစားပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ကို ရုပ်ရှင် မြို့တော် အဖြစ် တည်ဆောက်လိုပါကြောင်း၊ ထိုသို့ တည်ဆောက်နိုင် ခြင်းအားဖြင့် ရုပ်ရှင် အနုပညာ ဖွံ့ဖြိုး တိုးတက်မှုအပြင် နေပြည်တော်ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း ရရှိလာမည်ဟု မျှော်လင့်ပါကြောင်း၊ နေပြည်တော်၏ သဘာဝပတ်ဝန်းကျင်နှင့် သာယာလှပမှု၊ လမ်းပန်းဆက်သွယ်ရေးအချက်အခြာကျမှု စသည့် အခြေခံကောင်းများကို အနုပညာအတွက် အသုံးပြုနိုင်ရေး စဉ်စားဆောင်ရွက်ကြစေလိုပါကြောင်း၊ ထို့ပြင် နိုင်ငံ၏ သမိုင်းအမွေအနှစ်၊ အနုပညာအမွေအနှစ်များကို စုပေါင်းပြီး နိုင်ငံအတွက် အင်အား တစ်ခုဖြစ် လာအောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် အဘက်ဘက်မှ တိုးတက်အောင်ဆောင်ရွက်နေမှုနှင့်အတူ ရုပ်ရှင်အနုပညာလည်း တိုးတက် အောင် ဆောင်ရွက်ကြစေလိုပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နေပြည်တော်ကို Entertainment City အဖြစ် ပေါ်ထွန်း လာစေရန် ကြိုးပမ်းဆောင်ရွက်နေမှု ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နှင့် ပေါင်းစပ် ဆောင်ရွက် နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ပန်းချီစိုးမိုး က နှုတ်ခွန်းဆက် စကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက တက်ရောက်လာကြ သူများနှင့် မိတ်ဆက်ပေးသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး နာယကနှင့် ရုပ်ရှင်ပညာရှင်များ၊ သရုပ်ဆောင်များ၊ ရုပ်ရှင်ထုတ်လုပ်သူ များအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ပြီး ညစာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

(သတင်းစဉ်)