နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေး (၂/၂၀၁၈)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင် ၁၃

အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေး(၂/၂၀၁၈) ကို ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်အမှာစကား ပြောကြား သည်။

အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။

အစည်းအဝေးတွင် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ယနေ့ ကျင်းပသည့် အစည်းအဝေးသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ပြည်ထောင်စု လွှတ်တော်သို့ မတင်သွင်းမီ ချပြညှိနှိုင်း အတည်ပြုချက် ရယူရန် ကျင်းပသည့် အစည်းအဝေး ဖြစ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကာလကို အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ သတ်မှတ်ပြောင်းလဲ ကျင့်သုံးမည်ဖြစ် ပါကြောင်း၊ ပြောင်းလဲကျင့်သုံးမည့် ဘဏ္ဍာရေးနှစ် ကာလနှင့်အညီ နိုင်ငံတော်၏အမျိုးသားစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ဘဏ္ဍာရေးနှစ် ပြောင်းလဲရာတွင် ယခင်ကျင့်သုံးဆောင်ရွက်ခဲ့သည့် ဘဏ္ဍာရေးနှစ် ဟောင်းနှင့် ပြောင်းလဲ ကျင့်သုံးမည့် ဘဏ္ဍာရေးနှစ်သစ်တို့အကြား ကြားကာလဖြစ်သည့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင် ဘာလအထိ (၆) လတာကာလကို ဘဏ္ဍာရေးနှစ် ပြောင်းလဲ ရေးကာလအဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) လ အမျိုးသားစီမံကိန်းဥပဒေအဖြစ် ပြဌာန်း အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲရာတွင် ပြည်သူများ အတွက် လတ်တလော လိုအပ်ချက်နှင့် တိုင်းပြည်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို နိုင်ငံတော်၏ မူဝါဒများ၊ ဦးစားပေးမှုများအရ နိုင်ငံတော်မှ ကျခံသုံးစွဲနိုင်မည့် ဘတ်ဂျက်ပမာဏဖြင့် အထိရောက်ဆုံး ဖြစ်စေရန်အတွက် ပေါင်းစပ်ရေးဆွဲကြရန် လိုအပ်ပါကြောင်း။

ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း မိမိတို့ရေးဆွဲအဆိုပြုသည့် စီမံကိန်းရည်မှန်းရန်အဆိုပြုချက်များကို ကုလသမဂ္ဂ ထောင်စု နှစ်အလွန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ၊ နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေး မူဝါဒများ၊ ကာလရှည်နှင့်ကာလတို ရည်မှန်း ချက်များ အပေါ်အခြေခံ၍ မိမိတို့၏ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့်အညီ ဦးစားပေးအစီအစဉ်များကိုလည်း ချိန်ညှိရေးဆွဲကြရန် လိုအပ် ပါကြောင်း။

ကဏ္ဍအလိုက်တိုးတက်မှု တာဝန်ခံပြည်ထောင်စုဝန်ကြီးဌာနများ၏ ရည်မှန်းချက် များနှင့်ဒေသဖွံ့ဖြိုးမှု၊ တာဝန်ခံတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ရည်မှန်းချက် များကို နိုင်ငံတော်ကချမှတ်ထားသည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများ နှင့် ပေါင်းစပ် ၍စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း အဖြစ် ရေးဆွဲဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ပြည်ထောင်စုဝန်ကြီးဌာနများ၏ ကဏ္ဍအလိုက် ရည်မှန်းချက်များ ရေးဆွဲရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးဆက်သစ် များအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးစေမည့် စီးပွားရေးစနစ်တစ်ရပ် ထူထောင်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသန္တရစီမံ ကိန်းများရေးဆွဲခြင်း၊ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းများကိုလည်း နိုင်ငံတော်၏မူဝါဒ၊ လုပ်ငန်းစဉ် များအတိုင်း လိုက်ပါ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် မိမိတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသန္တရစီမံကိန်းများကို ပြည်ထောင်စုက ချမှတ်ထား သည့်မူဝါဒများနှင့် လိုက်လျောညီထွေရှိမည့် ဒေသန္တရစီမံကိန်းများ ဖြစ်စေရေး အလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

တင်ပြလာသည့် စီမံကိန်းရည်မှန်းရန် အဆိုပြုချက်များသည့် မိမိတို့ချမှတ် ထားသည့် ရည်မှန်းချက်များ၊ ဆောင်ရွက်မည့်လုပ်ငန်းရပ်များ၊ မျှော်မှန်းထားသည့် အကျိုးရလဒ် များနှင့် ညီညွတ်ရန် လိုအပ်ပါကြောင်း။

ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲကျင့်သုံးမည် ဖြစ်သည့်အတွက် စီမံကိန်းရေးဆွဲခြင်း၊ နိုင်ငံပိုင်အခန်း ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များရေးဆွဲခြင်း၊ အညွှန်းကိန်းများပြုစုခြင်းနှင့် အစီရင်ခံစာရေးသားတင်ပြခြင်းများကို ဆောင်ရွက်သည့်အခါ လိုအပ်သည့်ညှိနှိုင်းချက်များ စီစဉ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစီးဝင်ခြင်း၊ ငွေကြေး အရင်း အနှီးလိုအပ်သည့် စီးပွားရေးအခြေခံလုပ်ငန်းများသို့ နှစ်လတ်ချေးငွေများ ထုတ်ချေးခြင်း၊ ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်ပေး လျက်ရှိခြင်းကြောင့် ပုဂ္ဂလိကအသေးစားနှင့် အလတ်စားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်မည့် အလားအလာများရှိမည်ဟု မျှော်မှန်းထားပါကြောင်း။ ထို့ပြင် နိုင်ငံတော်၏ စီးပွားရေးတွင် အဓိကကျသည့် လယ်ယာကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံပိုင် အခန်းကဏ္ဍအပြင် ပုဂ္ဂလိက ကဏ္ဍမှလည်း အရင်းအနှီးနှင့် နည်းပညာများစီးဝင်လာစေရန် စီမံဆောင်ရွက်ထားခြင်း၊ နိုင်ငံတစ်ဝှမ်းရှိ လမ်းကွန်ယက်များ တိုးတက်ကောင်းမွန်လာသည့် အတွက် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှုများ တိုးတက်လာခြင်း၊ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းများ ခေတ်မီ တိုးတက်လာခြင်း၊ ငွေကြေးဝန်ဆောင်မှု အမျိုးအစားအသစ်များ ဖြစ်ထွန်းလာခြင်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကြောင့် ပြောင်းလဲကျင့်သုံးမည့် ဘဏ္ဍာနှစ် သတ်မှတ်ချက်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းတွင် နိုင်ငံ၏ GDP ကို ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်မည်ဟု မျှော်မှန်း ထားသည်ကို တွေ့ရပါကြောင်း။

နိုင်ငံ၏စီးပွားရေးသည် အရှိန်အဟုန်ဖြင့် မတိုးတက်သော်လည်း လယ်ယာ ထွက်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထုတ်လုပ်မှုကဏ္ဍ များသို့ စီးဝင်လာခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ ပို့ဆောင်ရေးနှင့် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေးနှင့်အခြားဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာခြင်း စသည့် အချက်များကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှစ်ကုန် ခန့်မှန်းခြေတွင် စီးပွားရေးတိုးတက်မှုနှုန်းကို ၆ ဒသမ၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ကို တွေ့ရှိ ရပါကြောင်း။

ထို့ပြင် စာရင်းအင်းကိန်းဂဏန်း အချက်အလက်များပြည့်စုံမှု၊ တိကျမှုနှင့် မှန်ကန် ခိုင်မာမှု ရှိရန်လို အပ်ပါကြောင်း။ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် ကိန်းဂဏန်းအချက်အလက်များ ခိုင်မာမှန်ကန်စေရေး စနစ်တကျ ကြီးကြပ်ကွပ်ကဲရန် အထူးမှာကြား လိုပါကြောင်း။ တင်ပြချက်ပါ စီမံကိန်းရည်မှန်းရန် အဆိုပြုချက်များမှာ ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ၊ စီးပွားရေး တွက်ခြေကိုက်မှု ရှိ/မရှိ၊ ပြည်သူပြည်သားများအတွက် အကျိုးရှိ/မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြု/ မပြု၊ ပတ်ဝန်းကျင်ထိခိုက်မှုရှိ/မရှိ တို့ကို လေ့လာဆန်းစစ်ပြီး ဖြစ်ရန်လိုအပ်ပါကြောင်း။ သို့မှသာ နိုင်ငံတော်၏ဘဏ္ဍာငွေကို ထိရောက်စွာအသုံးပြုပြီး၊ နိုင်ငံတော်နှင့် ပြည်သူ များအတွက် အမှန်လိုအပ်သည့် အမျိုးသားစီမံကိန်းရည်မှန်းရန် အဆိုပြုချက်များကို ထည့်သွင်းဆောင် ရွက်နိုင်မည် ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးခဲ့သည့် လူမှုစီးပွားရေးပုံစံကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ပိုမိုကောင်းမွန်ခိုင်မာအောင်ဆောင်ရွက်နိုင်ရေး၊ လက်ရှိ ဖြစ်ပေါ်နေသည့် လူမှုစီးပွားရေး အခက်အခဲများကို ကုစားလျှော့ချနိုင်ရေး၊ ပကတိ အခြေအနေနှင့် ညီညွတ်သည့် ဦးစားပေးလုပ်ငန်း၊ အကြောင်းအရာများကို ဖော်ထုတ်ချမှတ် ကျင့်သုံးနိုင်ရေး တို့အတွက် အလေးထား ချိန်ညှိဆောင်ရွက်ပေးကြရန် မှာကြားလိုပါ ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အမှာစကား ပြောကြားရာတွင် အမျိုးသားစီမံကိန်းသည် တိုင်းပြည်နှင့်သက်ဆိုင်သည့်စီမံကိန်းဖြစ်ပါ ကြောင်း၊ အမျိုးသားစီမံကိန်းဟူသည့် အမိုးအောက်တွင် ဝန်ကြီးဌာနအသီးသီး၏ စီမံကိန်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စီမံကိန်များ အားလုံးပါဝင်ပါကြောင်း၊ စီမံကိန်းများ အားလုံးသည် ဆက်စပ်ပူးပေါင်းပြီး ညီညီညွတ်ညွတ်နှင့် ပြေပြေလည်လည်သွားမှသာ မိမိတို့နိုင်ငံအတွက် တိုးတက်မှုများကို အမှန်တကယ်ရရှိမည်ဖြစ် ပါကြောင်း၊ စီမံကိန်းသစ် များအတွက် စဉ်းစားကြရာတွင် ယခင်စီမံကိန်းများမည်မျှအထိ အောင်မြင်ခဲ့သည်၊ လမ်းခရီး ကိုမည်မျှအထိ ဖြတ်သန်းသွားနိုင်ခဲ့သည်ကို သိမြင်ရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ နေထိုင်မှု အခြေအနေစစ်တမ်းကို ကြည့်ရှုစေလိုပါကြောင်း၊ အဆိုပါ စစ်တမ်းသည် ပြည်သူလူထု၏ ဘဝများမည်မျှ ထိတိုးတက်လာသည်ကို ထောက်ပြသည့် စစ်တမ်းဖြစ်ပါကြောင်း၊ အဆိုပါစစ်တမ်းကိုကြည့်၍ မိမိတို့ပြည်သူ လူထု မည်မျှထိ တိုးတက်လာသည် ပြည်သူတို့၏အခြေအနေများပိုမိုတိုးတက်လာရန် မည်သည်တို့ ကိုလုပ်ဆောင်ရန်လိုအပ်သည်ကို စဉ်းစားနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့စဉ်းစားဆောင်ရွက် ရာတွင် ပူးပေါင်းဆောင်ရွက်မှုများရှိရန်နှင့် ဗဟိုအစိုးရအဖွဲ့အစည်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ များအကြားပူးပေါင်းဆောင်ရွက်မှုများရှိရမည်ဆိုသည်ကို မှာကြားထား ပြီးဖြစ်ပါကြောင်း၊ မကြာမီ ထုတ်ပြန် တော့မည့် မြန်မာနိုင်ငံရေရှည်တည်တံ့ခိုင်မြဲရေး ဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းသည် မိမိတို့၏ မဟာဗျူဟာမြောက် စာရွက် စာတမ်း တစ်ခုဖြစ်လာပါကြောင်း၊ အဆိုပါစီမံကိန်းမှ ချမှတ်ထားသည့်အတိုင်း ညီညီညွတ်ညွတ် လုပ်နိုင်မှသာ ဟန်ချက်ညီညီတိုးတက်မည်ဖြစ်ပါကြောင်း၊ စီမံကိန်းတွင် အဓိကချမှတ် ထားသည့် မဏ္ဍိုင် ၃ ခုတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ပါဝင်ပါကြောင်း၊ ငြိမ်ချမ်းရေးနှင့် တည်ငြိမ်ရေး မရှိဘဲ ဖွံ့ဖြိုးတိုးတက်ရန်ခက်ခဲပါကြောင်း၊ စီမံကိန်း အားလုံး တွင် ဝန်ကြီးဌာနမှ စိတ်ပါဝင် စားသည့် ကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အသီးသီး အတွက်စိတ်ပါဝင်စားသည့် ကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လတ်တလော ပြည်သူလူထုမှတောင်းဆိုနေသည့် ကိစ္စရပ်များကို သိလိုပါကြောင်း၊ စီမံကိန်း အားလုံးသည် နိုင်ငံအတွက်ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်နိုင်မည်လားဆိုသည်ကိုကြည့်၍ စီမံကိန်းများကို ဆုံးဖြတ်ကြရမည် ဖြစ်ပါကြောင်း၊ စီမံကိန်းရွေးချယ်ရာတွင် ဘတ်ဂျက်ကိုကြည့်၍ ရွေးချယ် နေကြပါကြောင်း၊ ဘတ်ဂျက်မည်မျှရနိုင်မည် စသည်ဖြင့် ငွေရေးကြေးရေးကို အဓိကထားနေပါကြောင်း၊ ငွေရေးကြေးရေးသည် အရေးကြီးပါကြောင်း၊ သို့သော် အမှန်တကယ် လုပ်သင့် လုပ်ထိုက်သည်ကို ရွေးရန်ပို၍ အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံသည် ချမ်းသာသည့် နိုင်ငံ မဖြစ်သေးသည့်အတွက် ပို၍ အရေးကြီးပါကြောင်း၊ မည်သည့်စီမံကိန်းများသည် နိုင်ငံ အတွက်အများဆုံး အကျိုးဖြစ်စေမည် ပြည်သူပြည်သားများ ဘ၀မြှင့်တင်ရေးအတွက် အကျိုးဖြစ်စေမည် စသည်တို့ကို ကြည့်၍ ရွေးချယ်စေလိုပါကြောင်း၊ အမျိုးသား စီမံကိန်းသည် အမျိုးသားတစ်ခုလုံးအတွက် စီမံကိန်းဖြစ်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး တစ်ခုတည်းအတွက် ပြည်နယ်တစ်ခုတည်းအတွက် ဝန်ကြီးဌာန တစ်ခုတည်း အတွက်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် အမျိုးသားအားလုံးအတွက် စီမံကိန်း များဖြစ်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် အနာဂါတ်စီမံကိန်းများ ရေးဆွဲရေး အပါအဝင် ယခု ရွေးချယ်ပြီး သည့် စီမံကိန်းများကိုအကောင်အထည်ဖော်ရာတွင် နိုင်ငံ၏ အကျိုးစီးပွားရေရှည် တည်တံ့ ခိုင်မြဲရေးနှင့် ဟန်ချက်ညီညီပူးပေါင်း ဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာန တစ်ခုတည်းက ဆောင်ရွက်၍ မရဘဲ အားလုံးဆက်နွယ်နေမည်ဖြစ်ပါကြောင်း၊ မိမိတို့၏လို အပ်ချက်များနှင့် နိုင်ငံ၏ လိုအပ်ချက် များကို ဖြည့်ဆည်းရာတွင် မဟာဗျူဟာမြောက်စဉ်းစား ဆောင်ရွက်ကြ ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်း(အဆိုပြုမူကြမ်း) ရေးဆွဲဆောင် ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကချင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာ ခက်အောင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တို့ က ဒေသဖွံ့ဖြိုးတိုးတက် ရေးလိုအပ်ချက်၊ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များနှင့်စပ်လျဉ်းပြီး ရှင်းလင်း တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့ အတည်ပြု ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းကို ယခင် နှစ်စဉ်အမျိုးသားစီမံကိန်း ဥပဒေကြမ်းများနည်းတူ ရေးဆွဲ ခြင်း၊ အတည်ပြုချက်ရယူခြင်း၊ အကောင် အထည်ဖော်ခြင်း လုပ်ငန်းစဉ်ကို သတ်မှတ် ပြဌာန်းထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

ဖော်ပြပါစီမံကိန်းကို နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများအပေါ် အခြေပြု၍ ပြည်သူများ၏ လတ်တလော လိုအပ်ချက်နှင့် တိုင်းပြည်ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်ချက်များကို နိုင်ငံတော်မှ ခွင့်ပြုပေးနိုင်သည့် ဘတ်ဂျက်ဘောင်အတွင်းက ပေါင်းစပ် ရေးဆွဲခြင်းဖြစ်သော်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ လူသားအရင်း အမြစ်ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးတို့ကိုလည်း အလေးထား ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ ကုန်သွယ်ရေးမူဝါဒများနှင့်လည်း အချိတ် အဆက်မိမိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အစီအစဉ်များချမှတ်ရေးဆွဲရန် လိုအပ်ပါ ကြောင်း။ ထို့ပြင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် လက်ငင်း၊ ရေတို၊ ရေရှည် အကျိုးစီးပွားဖြစ်ထွန်းစေမည့် စီမံကိန်းရည်မှန်းချက်များဖြစ်ရန် လိုအပ်ပါကြောင်း။ ဒေသတွင်းနှင့် နိုင်ငံတကာစီးပွားရေး ဖြစ်ပေါ် နေမှုကိုလည်း စဉ်ဆက်မပြတ် လေ့လာ သုံးသပ်၍ မိမိနိုင်ငံအတွက်အကျိုးရှိထိရောက်မည့် အစီအမံများ ကိုလည်း အချိန်နှင့် တစ်ပြေးညီ ချမှတ်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။

စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ စီမံကိန်းများ အကောင်အထည်ဖော်မှု အခြေအနေကို စီမံကိန်းကာလ တစ်လျှောက်လုံး မျက်ခြေမပြတ် တစိုက်မတ်မတ် ကြီးကြပ်ဆောင်ရွက် သုံးသပ်သွားကြ ရမည် ဖြစ်ပါကြောင်း။ သို့မှသာ နိုင်ငံတော်က မျှော်မှန်း ထားသည့်အတိုင်း ရေရှည်တည်တံ့ ခိုင်မြဲသည့် စီးပွားရေးပုံသဏ္ဍာန် ပြောင်းလဲမှုနှင့် အချိုးကျမျှတစွာ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေး လမ်းကြောင်းပေါ် ရောက်ရှိမည် ဖြစ်ပါကြောင်း။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော် သည့်အခါ ယခင်ရေး ဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အမျိုးသားစီမံကိန်း များမှ ရရှိခဲ့သော အားသာချက်များကို ဆက်လက်ထိန်းသိမ်းပြီး၊ တွေ့ကြုံဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များကို စိစစ်သုံးသပ်၍ ပြုပြင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ပြည်ထောင်စုလွှတ်တော်၏ အကြံပြုဆွေးနွေးချက်များကိုလည်း အလေးထား ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း။ ကဏ္ဍများအချင်းချင်း၊ ဒေသများအချင်းချင်း ကဏ္ဍနှင့် ဒေသများ ပေါင်းစပ်ဆောင်ရွက်ခြင်းတို့အပြင် ပြည်သူတို့၏ မျှော်မှန်းချက်၊ လိုလားချက်များကိုလည်း စီမံကိန်း ရည်မှန်းချက် ဘောင်အတွင်းမှ ဖြည့်ဆည်းပေးနိုင်ရေး အတွက်လည်း အလေးထား ဆောင်ရွက်ကြ ရန် မှာကြားလိုပါကြောင်း ပြောကြားသည်။

Ref; Myanmar President Office