ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဘဏ္ဍာရေးကော်မရှင် (၂/ ၂၀၁၈) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက် လမ်းညွှန်အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၁၃

ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၈)ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ကျင်းပရာ ဘဏ္ဍာရေး ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဘဏ္ဍာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ကျင်းပပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင်(၂/ ၂၀၁၈) ကြိမ်မြောက်အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုကြရန်ဖြစ်ပါကြောင်း။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂၁ တွင် “ပြည်ထောင်စုအစိုးရသည် ဘဏ္ဍာရေးကော်မရှင်နှင့် ညှိနှိုင်းရရှိသည့် ပြည်ထောင်စု၏ နှစ်စဉ်အရအသုံး ခန့်မှန်းခြေ ငွေစာရင်းကိုအခြေပြုလျက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ရယူရမည်”ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အဆိုပါပြ ဌာန်း ချက်များ နှင့်အညီ ဘဏ္ဍာရေးကော်မရှင်အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့် “၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်း”ကို ထောက်ခံတင်ပြပေးရန်ဖြစ်ပါကြောင်း။

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်သည် ဘဏ္ဍာရေးနှစ်သစ်ပြောင်းလဲသည့် ပထမဦးဆုံး ဘတ်ဂျက်နှစ် လည်းဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲသတ်မှတ် ဆောင်ရွက်သည့် အတွက်ကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများသည် ပြောင်းလဲလုပ်ဆောင်ရန် သုံးစွဲရမည့် ကုန်ကျစရိတ်များထက် အဆများစွာသာလွန်နိုင်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန်ကိုလည်း ပိုမိုဆောင်ကျဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏အကျိုးစီးပွားကို အစဉ်အလေးထား ဆောင် ရွက်လျက်ရှိရာ နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက် လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်၏ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တွင် တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင် ရွက်နိုင်ရန်၊ ဝန်ထမ်းများ၏ စားဝတ်နေရေးနှင့် လူနေမှု အဆင့်အတန်းကို အထိုက်အလျောက် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပြီး နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို အမှုထမ်းလစာ၏ (၂၀)ရာခိုင်နှုန်း၊ အရာထမ်းလစာ၏ (၁၀)ရာခိုင်နှုန်း တိုးမြှင့်ခွင့်ပြုပေးခဲ့ပါကြောင်း။

ငွေလုံးငွေရင်း အသုံးစရိတ်ပိုင်းနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးအောင် အမှန်တကယ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည့် တည်ဆောက်ရေး၊ ဝယ်ယူရေး စသည့်လုပ်ငန်းများအတွက် အသုံးစရိတ် များကိုသာ လျာထားတောင်းခံကြရန်၊ ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းများကို ဦးစားပေးရေးဆွဲကြရန်၊ လုပ်ငန်းစီမံကိန်းများ ချမှတ်ရေးဆွဲရာတွင် နိုင်ငံတော်၏ ဦးစားပေးမူဝါဒများနှင့် ကိုက်ညီစွာရေးဆွဲကြရန်၊ တည်ဆောက်ရေးလုပ်ငန်း များအတွက် မြေနေရာရရှိပြီးမှသာ ရန်ပုံငွေတင်ပြ တောင်းခံကြရန်၊ ဒီဇိုင်းပုံစံများရှိပြီး ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူပြီးစီးနိုင်မည့် လုပ်ငန်းများအတွက်သာ တင်ပြတောင်းခံ ကြရန်နှင့် တင်ဒါခေါ်ယူရေး လုပ်ငန်းများကို ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း။

ပြည်သူ့ဘဏ္ဍာငွေများကို အလေအလွင့်ဆုံးရှုံးမှုမရှိအောင် စီမံခန့်ခွဲနိုင်ရန်အတွက် စီမံကိန်း၏ ကုန်ကျစရိတ်ကို အနီးစပ်ဆုံးတိကျမှန်ကန်စွာ ခန့်မှန်းတွက်ချက်တင်ပြရန် လိုပါ ကြောင်း၊ ခန့်မှန်းတွက် ချက်ရာတွင်လည်း ဒေသ၏ကာလပေါက်ဈေးနှင့်အညီ တွက်ချက်နိုင် ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အကြောင်းတစ်ခုခုကြောင့် ပြီးစီးခြင်းမရှိသည့် ပိုလျှံငွေ ကို ခန့်မှန်းတွက်ချက်ပြီး ပြန်လည်အပ်နှံကြရန် ဖြစ်ပါကြောင်း။

သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် အသုံးစရိတ်များ တောင်းခံရာတွင် ထုတ်လုပ်မှုတိုးတက်ရန် တိုက်ရိုက်မသက်ဆိုင်သည့် အသုံးစရိတ်များဖြစ်သည့် ရုံးသုံး စက်ကိရိယာဝယ်ယူခြင်း၊ ပရိဘောဂ ဝယ်ယူခြင်းစသည့် ဌာနအသုံးစရိတ်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေမည့် စီမံကိန်းလုပ်ငန်း အသုံးစရိတ် များအနက် ဌာနအတွက် အသုံးစရိတ် တောင်းခံခြင်းများ ပိုမိုများပြားနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အသုံးစရိတ်များ ကိုရေးဆွဲရာတွင် ဌာနအတွက် အသုံးစရိတ်၊ နိုင်ငံတော်အတွက် အကျိုးပြု သည့် စီမံကိန်း လုပ်ငန်းအသုံးစရိတ်များကို စီမံချက်များချမှတ်၍ သေချာစွာရေးဆွဲပြီး ဌာနအသုံးစရိတ်များ ကို အတတ်နိုင်ဆုံးလျှော့ချသုံးစွဲရန်၊ ဘတ်ဂျက်သည် အကန့်အသတ်ရှိခြင်းဖြစ်သည့်အတွက် ခွဲဝေချထားပေးသည့် အသုံးစရိတ်ဘောင်အတွင်း စီမံကိန်းလုပ်ငန်းအသုံးစရိတ်များကို ဦးစားပေး ထည့်သွင်းရေးဆွဲကြရန်၊ အကျိုးရှိစွာ ထိထိရောက်ရောက်သုံးစွဲရန်၊ ထိုသို့ သုံးစွဲ သည့်အခါတွင်လည်း သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်မည့် အသုံးစရိတ်များဖြစ် ရန်လည်းလိုအပ်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့်ဖွံ့ဖြိုးတိုးတက်မှု မူဝါဒများကို ဌာနဆိုင်ရာများက ဦးစားပေးအလိုက် အကောင် အထည်ဖော်ကြရမည်ဖြစ်ပါ ကြောင်း။

ချင့်ချိန်ဝေဖန်နိုင်သည့် သာမန်ပုဂ္ဂိုလ်တစ်ဦးက မိမိပိုင်ငွေများကို သုံးစွဲရာတွင် ချင့်ချိန် သကဲ့သို့ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် စီမံကိန်းလုပ်ငန်းများနှင့် ဌာနတွင်း အသုံးစရိတ်များကို သုံးစွဲတဲ့အခါ စိစစ်ချင့်ချိန်ပြီးသုံးစွဲကြရန် လိုအပ်ပါကြောင်း။

ပြည်သူ့ဝန်ထမ်းများအနေဖြင့် လက်ရှိတာဝန်ထမ်းဆောင်စဉ် ကာလတွင် ဝန်ထမ်း အိမ်ရာမရှိသည့် အခက်အခဲများ၊ အငြိမ်းစားယူပြီးနောက် နေထိုင်စရာအိမ်မရှိသည့် အခက် အခဲများကို အဆင်ပြေစေရန် ရည်ရွယ်ပြီး အငှားအိမ်ရာနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ် နိုင်ရန် အသုံးစရိတ်များ၊ သဘာဝဘေး အန္တရာယ်များ ကာကွယ်နိုင်ရန်အတွက် သစ်တော ပြန်လည်ထူထောင်ရေးနှင့် ရာသီဥတုပြောင်း လဲမှုလျှော့ချရေးဆိုင်ရာ စီမံကိန်းအသုံးစရိတ် များ၊ လျှပ်စစ်မီးတိုးမြှင့်ရရှိရေး၊ သောက်သုံးရေ၊ စိုက်ပျိုးရေ ရရှိရေးနှင့် လမ်းပန်းဆက်သွယ် ရေးအသုံးစရိတ်များ အစရှိသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများ၏ အသုံးစရိတ်များကို ဦးစားပေး ခွင့်ပြုရသကဲ့သို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေးအသုံးစရိတ်များကိုလည်း တိုးမြှင့်ခွင့်ပြု ပေးခဲ့ပါကြောင်း။

နိုင်ငံတော်၏ စီးပွားရေးမူဝါဒပထမအချက်ဖြစ်သည့် ကောင်းမွန်သော ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ဖြစ်စေရန်အတွက်လည်း ဘဏ္ဍာငွေအရအသုံးခန့်မှန်းချက်များနှင့် အမှန်တကယ် အကောင်အထည်ဖော် နိုင်မှုများကို နီးစပ်နိုင်သမျှ နီးစပ်နိုင်စေရန် ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများသာမက တိုင်းဒေသကြီး/ပြည်နယ် အဆင့်ဌာန၊ အဖွဲ့အစည်း များအနေဖြင့်လည်း ထိထိရောက်ရောက်ကြပ် မတ်ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း။

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက်ရေးဆွဲထားသည့် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း၊ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့နိုင်ရေးအတွက် ဘဏ္ဍာရေးကော်မရှင်အနေဖြင့် ဆွေးနွေး အတည်ပြုပေးကြရန် ပြောကြားသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြည်ထောင်စု၏ အရ/အသုံး ခန့်မှန်းခြေငွေစာရင်းများကို စိစစ်ရာတွင် သာမန် အသုံးစရိတ် ပိုင်းအား ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ယာယီအမှန်စာရင်းကို အခြေခံပြီး ငွေစာရင်း ခေါင်းစဉ်အလိုက် ကုန်ကျစရိတ်နှင့် အနီးစပ်ဆုံး ခန့်မှန်းစေခြင်း၊ ငွေလုံးငွေရင်း အသုံးစရိတ် များအတွက် Project အလိုက် လုပ်ငန်းဖြစ်မြောက်နိုင်စွမ်း Feasibility Study ပိုင်းကို ကြိုတင်ဆောင်ရွက်စေခြင်းနှင့် ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်သည့် တည်ဆောက်ရေး၊ ဝယ်ယူရေး၊ အခြားစသည့် လုပ်ငန်းများကို စီမံကိန်းရေး ဆွဲရေးဦးစီးဌာန နှင့် ညှိနှိုင်းရေးဆွဲထားသည့် အသုံးစရိတ်များကိုသာ လျာထားခွင့်ပြုခဲ့ ပါကြောင်း။

ထို့ပြင် နေပြည်တော်တွင်တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းအတွက် နေပြည်တော် ကောင်စီ၏ ငွေလုံးငွေရင်း အသုံးစရိတ်တွင် Infrastructure အပါအဝင် ကျပ် ၅၀ ဘီလီယံ လျာထား ပေးခဲ့ပြီး ဌာန၊ အဖွဲ့အစည်းများက ဝယ်ယူရန် တင်ပြလာသည့် ရုံးသုံး မော်တော်ယာဉ်များကိုလည်း ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှာရှိ သည့် ဘဏ္ဍာသိမ်းယာဉ်များမှ ခွဲဝေပေးခြင်း၊ ခွဲဝေပေးနိုင်မှုမရှိပါက ဗဟိုစက်ပစ္စည်းစာရင်း အင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ စုစည်းဝယ်ယူပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည့် အတွက် ၎င်းကိစ္စရပ်တွင် သက်ဆိုင်ရာဌာနများ၏ အသုံးစရိတ်ကို စိစစ်လျှော့ချခဲ့ပါကြောင်း၊ ထုတ်လုပ်မှုနှင့် မသက်ဆိုင်သည့် Luxury အသုံးစရိတ်များကိုလည်း စိစစ်လျှော့ချပြီး ရုံးသုံးစက်ပစ္စည်းကိရိယာများကို ယခင် (၃)နှစ်အတွင်းရရှိပြီးသည့် အခြေအနေနှင့် နှိုင်းယှဉ် ပြီး စိစစ်ခွင့်ပြုပေးခဲ့ပါကြောင်း။

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) အဆင့်ဆင့်စိစစ်ပြီးသည့် ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေငွေစာရင်းချုပ်မှာ ရငွေစုစုပေါင်း ငွေကျပ် ၂၀၀၅၁ ဘီလီယံ၊ သုံးငွေစုစုပေါင်း ငွေကျပ် ၂၄၉၅၄ ဘီလီယံ၊ စုစုပေါင်းလိုငွေ ပမာဏ ငွေကျပ် ၄၉၀၃ ဘီလီယံဖြစ်ပြီး လိုငွေနှင့်ဂျီဒီပီအချိုးမှာ ၄ ဒသမ ၆၂ ရာခိုင်နှုန်း ဖြစ်ပါကြောင်း။

အဆိုပါ ရငွေ/သုံးငွေ စုစုပေါင်းမှာ ပြည်ပအကူအညီရငွေ ကျပ် ၆၈၂ ဘီလီယံ၊ ပြည်ပချေးယူရငွေ ကျပ်၂၁၉၁ ဘီလီယံတို့ ပါဝင်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များ၏ လိုငွေအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးငွေ ကျပ် ၁၇၉၄ ဘီလီယံသည်လည်း သုံးငွေစုစုပေါင်းတွင် ပါဝင်ပြီးဖြစ်ပါကြောင်း။

ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များ၊ အရေးပေါ်သုံးစွဲရမည့် ကိစ္စ ရပ်များအတွက် အရေးပေါ်ရန်ပုံငွေကျပ် ၁၀၀ ဘီလီယံကိုလည်း ထည့်သွင်းလျာထားပါ ကြောင်း၊ ယခုနှစ်တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့်အညီ ငွေကျပ် ၂၀ ဘီလီယံကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ အတွက် နိုင်ငံတော်က ထည့်သွင်းလျာထားပါကြောင်း။

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ စက်တင်ဘာလ အထိ) ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ/အသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၎င်းကို အခြေပြုရေးဆွဲထား သည့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးကော်မရှင်က သုံးသပ်ပြီး အတည်ပြုပေးနိုင်ရန် တင်ပြအပ်ပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဘဏ္ဍာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းအတွက် နှစ်လတ်ဘဏ္ဍာရေး မူဘောင်အရ ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ စုစုပေါင်းထောက်ပံ့ ပေးနိုင် မည့်ငွေရပ်မှာ ငွေကျပ် ၁၇၉၃ ဒသမ ၁၀၀ ဘီလီယံဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ရေးဆွဲတင်ပြလာသည့် ရသုံးခန့်မှန်းခြေငွေ စာရင်းမှာ စုစုပေါင်း ရငွေကျပ် ၁၀၆၅ ဒသမ ၆၃၂ ဘီလီယံ၊ စုစုပေါင်းအသုံးစရိတ် ငွေကျပ် ၂၈၅၈ ဒသမ ၇၃၂ ဘီလီယံ နှင့် လိုငွေကျပ် ၁၇၉၃ ဒသမ ၁၀၀ ဘီလီယံ ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်များ၏ အရ/အသုံး ခန့်မှန်းခြေငွေစာရင်းများကို စိစစ်ခဲ့ ရာတွင် သာမန်အသုံးစရိတ်စုစုပေါင်း ငွေကျပ် ၈၇၆ ဒသမ ၇၇၁ ဘီလီယံနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၁၉၇၂ ဒသမ ၁၆၁ ဘီလီယံသုံးစွဲရန် လျာထားသည်ကို တွေ့ရှိရပါ ကြောင်း၊ သာမန်နှင့် ငွေလုံးငွေရင်းအချိုးမှာ သာမန်အသုံးစရိတ်အနေဖြင့် ၃၁ ရာခိုင်နှုန်း၊ ငွေလုံးငွေရင်း အသုံးစရိတ်အနေဖြင့် ၆၉ ရာခိုင်နှုန်း တောင်းခံထားသည်ကို တွေ့ရှိရ ပါကြောင်း။

သာမန်အသုံးစရိတ်များကို စိစစ်ရာတွင် လစာစရိတ်ချီးမြှင့်ငွေ အသုံးစရိတ်ကို စုစုပေါင်းသာမန် အသုံးစရိတ်၏ ၄၀ ရာခိုင်နှုန်းနီးပါး အများဆုံးသုံးစွဲထားပြီး ဒုတိယ အများဆုံးအဖြစ် ပြင်ဆင်ထိန်းသိမ်း စရိတ်များကို စုစုပေါင်းသာမန်အသုံးစရိတ်၏ ၃၀ ရာခိုင်နှုန်းခန့် သုံးစွဲရန်လျာထားသည်ကို စိစစ်တွေ့ ရှိရပါကြောင်း၊ ကျန် ၃၀ ရာခိုင်နှုန်းကို ခရီးသွားလာစရိတ်၊ ပစ္စည်းများဝယ်ယူခြင်း၊ ဆောင်ရွက်ပေးခြင်း တို့အတွက် ကုန်ကျစရိတ်၊ ပညာရေးနှင့် လူမှုရေးအသုံးစရိတ်၊ ပင်စင်၊ ထောက်ပံ့ငွေအသုံးစရိတ်၊ ဆည်မြောင်းတာ တမံ၊ ရေကန်၊ ရေနုတ်မြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးစရိတ်၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်လမ်းများအတွက် အသုံးစရိတ်များကို သုံးစွဲထားသည်ကို တွေ့ရှိရပါကြောင်း။

ငွေလုံးငွေရင်း အသုံးစရိတ်များကို စိစစ်ရာတွင် လမ်းတံတားတည်ဆောက်ရေး လုပ်ငန်းများအတွက် စုစုပေါင်းငွေလုံးငွေရင်း အသုံးစရိတ်၏ ၃၆ ရာခိုင်နှုန်း၊ ကျေးလက် လမ်း၊ ရေရရှိရေးနှင့် အခြားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ၃၈ ရာခိုင်နှုန်း၊ ရုံး အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းအတွက် ၁၆ ရာခိုင်နှုန်း၊ ရုံးသုံး စက်ပစ္စည်း၊ ပရိဘောဂ၊ ရုံးသုံးယာဉ်နှင့် လုပ်ငန်းသုံးယာဉ်များ ဝယ်ယူခြင်းအတွက် ၁၀ ရာခိုင်နှုန်း သုံးစွဲထားသည်ကို တွေ့ရှိရပါကြောင်း။

အထူးကိစ္စအနေဖြင့် တင်ပြလိုသည်မှာ မြောင်းမြကြိုးတံတား ပျက်စီးမှုကြောင့် ပြည်သူများ သွားလာမှုလွယ်ကူစေရေး ပြေးဆွဲလျက်ရှိသည့် ကူးတို့ယာဉ်များအတွက် လိုအပ်သည့် စက်သုံးဆီ၊ စက်ဆီ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် ၎င်းဝန်ထမ်းများအတွက် တစ်နှစ်စာကုန်ကျစရိတ် ငွေကျပ် ၅၄၅ ဒသမ ၃၇၃ သန်းကို ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေး နှစ်တွင် ကျခံသုံးစွဲနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြလာသည့် ကိစ္စဖြစ်ပါကြောင်း။

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ တိုင်း ဒေသကြီး/ပြည်နယ်များသို့ ထောက်ပံ့ငွေပမာဏကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ တစ်ဆင့် အကြောင်းကြားပြီးသည့် နောက်ပိုင်းမှသာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြ လာခြင်းဖြစ်သည့်အတွက် အဆိုပါငွေကျပ် ၅၄၅ ဒသမ ၃၇၃ သန်းကို ဧရာဝတီတိုင်း ဒေသကြီးသို့ ထောက်ပံ့မည့်ငွေရပ်တွင် ထပ်မံတိုးမြှင့်ပေးနိုင်ရန်နှင့် ထပ်မံတိုးမြှင့်ပေးပါက ပြည်ထောင်စုမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ စုစုပေါင်း ထောက်ပံ့ပေးရမည့် ငွေရပ်မှာ ငွေကျပ် ၁၇၉၃ ဒသမ ၆၄၅ ဘီလီယံ ဖြစ်လာမည်ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်များ၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲ တင်ပြလာသည့် အရ/အသုံးခန့်မှန်းခြေ ငွေစာရင်းများကို ဘဏ္ဍာရေးကော်မရှင်က ဆွေးနွေး သုံးသပ် အတည်ပြုပေးနိုင်ရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဘဏ္ဍာရေးကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်းပြီး ထောက်ခံ ဆွေးနွေးကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အနည်းဆုံး သုံးစွဲမှုကို အဓိက မထားဘဲ အများဆုံးအကျိုးရှိအောင် သုံးစွဲသည့်မူကို အဓိက ထားစေလိုပါ ကြောင်း၊ ငွေကြေး သက်သာစေလိုမှုဖြင့် အဆင့်အတန်းမမှီသော စီမံကိန်းများကို အကောင် အထည်ဖော်ပါက ရေရှည်တွင် နိုင်ငံတော်အတွက် အကျိုးမရှိပါကြောင်း၊ မလိုအပ်သည့် နေရာများတွင် လျှော့ခြင်းအားဖြင့် မိမိတို့၏အလုပ်ကို ထိခိုက်စေခြင်းကို မဖြစ်စေလိုပါ ကြောင်း၊ ငွေကြေး နည်းနည်းသုံးခြင်းသည် အဓိကမဟုတ်ပါကြောင်း၊ ရှိသည့်ငွေကြေးကို နိုင်ငံအတွက် အကျိုးအများဆုံးဖြစ်အောင် အဓိကထားပြီး ဆောင်ရွက်စေလိုပါကြောင်း၊ ဘတ်ဂျက်နှင့်ပတ်သက်၍ ပြင်ပမှ စီးပွားရေးပညာရှင်အချို့က ထောက်ပြ သည်မှာ မိမိတို့၏ လွှတ်တော်ထဲတွင် ဘတ်ဂျက်ကို ဆွေးနွေးရန်ပေးထားသည့် အချိန်မှာ အင်မတန် နည်းပါးပါ ကြောင်း၊ ယင်းကို စဉ်းစားရန်လိုအပ်ပါကြောင်း၊ ဘတ်ဂျက်နှင့်ပတ်သက်၍ လွှတ်တော်ထဲ တွင် သေသေချာချာ အချိန်ပြည့်ပြည့်၀၀ ဆွေးနွေးခွင့်ပေးမှသာ အများပြည်သူများကလည်း ဘတ်ဂျက်နှင့် ပတ်သက်၍ အကောင်းအဆိုး၊ အကျိုးအကြောင်းကို နားလည်မည်ဖြစ်သည့် အတွက် ယင်းအကြံဉာဏ် ကိုလည်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ လွှတ်တော်များအနေဖြင့် လေးလေးနက်နက် စဉ်းစားသင့်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၈)ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရ/အသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာဥပဒေကြမ်းများကို ဆွေးနွေးသုံးသပ်ပြီး အတည်ပြုနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ဘဏ္ဍာရေးကော်မရှင် ၏ထောက်ခံချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စု ၏ ဘဏ္ဍာငွေ အရ/အသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့်အညီ ဇူလိုင်လ (၁၅) ရက်မတိုင်မီ တင်သွင်းသွားမည်ဖြစ်ပါကြောင်း။

ဘဏ္ဍာရေးကော်မရှင်က အတည်ပြုထားသည့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရ/အသုံးခန့်မှန်းခြေ ငွေစာရင်းတွင်ပါဝင်သည့် ရငွေနှင့် အသုံး စရိတ်များနှင့်ပတ်သက်ပြီး ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် လွှတ်တော် ကော်မတီအသီးသီးက စိစစ်မေးမြန်းမှုများကို ခံယူရမည်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ် အဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များ၏စိစစ်မေးမြန်းမှု၊ ဆွေးနွေးသုံးသပ်မှုတို့ကို ခံယူသွားကြရ မည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကော်မတီများနှင့် လွှတ်တော်အစည်းအဝေးများတွင် မိမိတို့ဌာန၏ ရငွေ/ သုံးငွေ များနှင့်ပတ်သက်ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များနှင့် ဌာနအကြီးအကဲများက အသေးစိတ် ပြည့်ပြည့်စုံစုံနှင့် ခိုင်ခိုင်မာမာ ရှင်းလင်းတင်ပြနိုင်အောင် ပြင်ဆင်ထားကြရန် မှာကြားလိုပါကြောင်း။

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အား ယခင်ဘဏ္ဍာရေးနှစ်များနှင့် မတူဘဲ ဘဏ္ဍာရေး နှစ်ပြောင်းလဲ လိုက်သည်နှင့်အညီ နိုင်ငံတော်၏စီးပွားရေးမူဝါဒနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကို အထောက် အကူပြုသည့် လူမှုစီးပွားဘဝမြှင့်တင်ရေး အသုံးစရိတ်များနှင့် မိမိတို့ဝန်ကြီး ဌာန၏ အကောင် အထည်ဖော်ရမည့်စီမံကိန်း၊ စီမံချက်များနှင့် ပြည်သူလူထု အကျိုးစီးပွားကို ဖြစ်ထွန်းပြီး အောင်မြင်အောင် အကောင်အထည်ဖော်ကြရမည်ဖြစ်ပါကြောင်း။

အသုံးစရိတ်များတောင်းခံရာတွင် ပြည်ထောင်စုက တောင်းခံမည့် အသုံးစရိတ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များက တောင်းခံမည့် အသုံးစရိတ်များကို ထပ်မနေစေရန်၊ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း။

နိုင်ငံတော်ဘတ်ဂျက်နှင့် မလုံလောက်သည့် ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်များကို ပြည်ပ အကူအညီအထောက်အပံ့များ၊ ပြည်ပချေးငွေများဖြင့် ရယူဆောင်ရွက်ရသည့် နေရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ပြည်ပချေးငွေများ သည် မလွဲမသွေပြန်လည်ပေး ဆပ်ရမည့် ငွေများဖြစ်သည့်အတွက် သုံးစွဲရာတွင် နိုင်ငံတော် အတွက် ထိရောက်သည့် အကျိုးရလဒ်များ ရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ပြည်သူ့အတွက်အစိုးရက သုံးစွဲသင့်သည့် အသုံးစရိတ်များကို သုံးစွဲရမည်ဖြစ်ပြီး ရငွေများကိုလည်း တိုးတက်ရှာဖွေကြရမည်ဖြစ်ပါကြောင်း၊ ရငွေကိုတိုးစေသည့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ကြိုးပမ်း လုပ်ဆောင်နိုင်ရေး၊ အခွန်အကောက်ရငွေ တိုးတက်ရရှိရေးနှင့် သက်ဆိုင်ရာဌာနများက မိမိတို့ တာဝန် ယူကောက်ခံရမည့် အခြားရငွေများကို မူဝါဒဖြင့် ဖြစ်စေ၊ လုပ်ငန်းဆောင်ရွက်မှု နည်းစနစ် များဖြင့်ဖြစ်စေ တိုးတက်ရရှိအောင် စီမံကြီးကြပ် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

ဘဏ္ဍာငွေရရှိမှု၊ သုံးစွဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တည် ဆောက်ရေး၊ ဝယ်ယူရေး လုပ်ငန်းများကို တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ကြရန်၊ ငွေကြေးသုံးစွဲရာတွင် ဘဏ္ဍာရေး စီမံခန့်ခွဲမှု စည်းမျဉ်းစည်းကမ်းနှင့်အညီသုံးစွဲကြရန်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ တာဝန်ယူမှု အဆင့်ဆင့်ရှိရန်၊ ဘတ်ဂျက်ဥပဒေပါ ရငွေ သုံးငွေ ရည်မှန်းချက်များပြည့်မီအောင် ဆောင်ရွက်ကြရန်တို့ကို အခြေခံပြီး ပြုပြင်ပြောင်းလဲ မှုများကို ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ ပူးပေါင်းညှိနှိုင်းပြီး စဉ်ဆက်မပြတ် အထူးကြပ်မတ်ဆောင်ရွက် သွားကြရန် ပြောကြားသည်။

Ref; Myanmar President Office