လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်၏ အားကစားဆိုင်ရာ လှုပ်ရှားမှုအဖြစ် စုပေါင်း လမ်းလျှောက်ပွဲကျင်းပ

မန္တလေး ဩဂုတ် ၁၂

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်၏ အားကစားဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်တစ်ခုဖြစ်သည့် စုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲအချိန်က အဆိုပါပွဲတော်ပြုလုပ်သည့် မန္တလေးမြို့၊ မန္တလေးတက္ကသိုလ်ဝင်းအတွင်းရှိ ပင်မဆောင်ရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ နံနက် ၅ နာရီခွဲအချိန်တွင် မန္တလေး တက္ကသိုလ်ဝင်း ပင်မဆောင် ရှေ့တွင် စုပေါင်း လမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲကြမည့်သူများ စတင်စုဝေးကာ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေး ဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စုပေါင်းလမ်းလျှောက်ပွဲကို သေနတ် ပစ်ဖောက်၍ ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာမြင့်ထွေး တို့ဦးဆောင်၍ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၄၀၀၀ ခန့်က လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် အထိမ်းအမှတ်တံဆိပ်ပါ တီရှပ်အင်္ကျီများကို ဝတ်ဆင်ကာ မန္တလေး တက္ကသိုလ်ဝင်းအတွင်း လမ်းလျှောက်ပါဝင် ဆင်နွှဲကြသည်။

မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့သို့ ပြန်လည်ရောက်ရှိရာတွင် စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင် ဆင်နွှဲကြသူများအား အအေး၊ မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

လမ်းလျှောက်ပွဲကို လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ(၁) ၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်များ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနအောက်ရှိ အား/ကာ ကျောင်းများနှင့် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ အားကစားကို ချစ်မြတ်နိုးကြသူများ တစ်ခဲနက် ပါဝင် ဆင်နွှဲကြသည်။