ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) နှင့် တွေ့ဆုံ

ရန်ကုန် ဩဂုတ် ၁၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူအာဆန် မာမွတ်အာလီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) နှင့် ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန်မြို့ရှိ  ဆီဒိုးနား ဟိုတယ်၌ တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသောပြဿနာများ ငြိမ်းချမ်းပြေလည်သွားစေရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်မွမ်းမံ တည်ဆောက်ရေး ကိစ္စများတွင် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံရာသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သံအမတ်ကြီး မစ္စတာ မန်ဂျူရုလ် ကရင်ခမ်ချောင်ဒရီ၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) နာယက ဒေါက်တာတင်လှ၊ ဥက္ကဋ္ဌ ဦးသောင်းထိုက်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးခင်မောင်ဌေးနှင့် ဦးညွန့် မောင်ရှိန်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ သာဉာဏ် နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်၊ ရန်ကုန် တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)