ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ရွှေချိန်စက်လှူဒါန်းပွဲနှင့် ရွှေစင်ရွှေပြားစက်ရုံ တည်ဆောက်နိုင်မည့် အခြေအနေ ညှိနှိုင်းဆောင်ရွက်

ရန်ကုန် ဩဂုတ် ၁၂

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးခန်းတွင် ကျင်းပသော Supreme Group မှ ဆွစ်ဇာလန် နိုင်ငံထုတ် တန်ဘိုး သုံးဆယ့်ရှစ်သိန်းငါးသောင်း တန်ဘိုးရှိ ရွှေချိန်စက် (Gold Balance & Printer) အား ရွှေတိဂုံစေတီတော်ကြီး၊ ဂေါပကအဖွဲ့သို့ လှူဒါန်းပွဲအား တက်ရောက်သည်။

လှူဒါန်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရွှေတိဂုံစေတီတော်တွင် ၁ ပေ ပတ်လည် ရွှေစင်ပြားများ တာရှည်တည်တံ့ခိုင်မြဲစွာ ရွှေသင်္ကန်း ကပ်လှူနိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရွှေပြားကြိတ် စက်ရုံကိုလည်း အမြန်ဆုံး လုံခြုံ စိတ်ချစွာ ဆောက်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အဓိကကျသော စက်ကိုပြည်တွင်း၌ ဒီဇိုင်းပြုလုပ်၍ ထုတ်လုပ်လှူဒါန်းခြင်း ဖြစ်ပါကြောင်းနှင့် ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။ လှူဒါန်းရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး Supreme Group မှ ဒေါက်တာစိန်မြင့်က ရှင်းလင်း တင်ပြသည်။

ယင်းနောက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လှူဒါန်းသည့်ရွှေချိန်စက်အတွက် ဂုဏ်ပြုမှတ်တမ်းအား ပြန်လည် ပေးအပ်သည်။ ယင်းနောက် တာဝန်ရှိသူများက ရွှေစင်ပြားစက်ရုံ တည်ဆောက်ရေးအတွက် ဒီဇိုင်းရေးဆွဲပြီး စီစဉ်ဆောင်ရွက် နေပုံကို Power Point ဖြင့်ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်၊ အောက်ပစ္စယံတွင် ရွှေစင်ပြား စက်ရုံလုပ်ငန်း စတင် ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် ပတ်သက်၍ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် ပေးသည်။ ရွှေစင်ရွှေပြား သင်္ကန်းတော်များကို ဥတုမရွေး တာရှည်ကျစ်လစ်ခိုင်မြဲစေရန် အဆင့်မြင့် နည်းပညာကိုအသုံးပြု၍ ရွှေစင်ပြား စက်ရုံငယ်တစ်ခုကို ရွှေတိဂုံ စေတီတော်၊ တောင်ဘက်မုခ်အနီး အောက်ပစ္စယံတွင် လုံခြုံစိတ်ချစွာ စနစ်တကျ တည်ဆောက်၍ ခေတ်မီနည်းစနစ်၊ စက်ကိရိယာများ အသုံးပြုကာ တာရှည်တည်တံ့ ခိုင်မြဲသည့် ရွှေစင်ပြားများကို မကြာမီ စတင်ထုတ်လုပ်၍ ကပ်လှူပူဇော်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ရွှေစင်ပြား ထုတ်လုပ်သည့် ကြိတ်စက်အား စက်မှုဝန်ကြီးဌာနက ခေတ်မီ နည်းစနစ်ဖြင့် ပြည်တွင်း၌ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

MRTV feeds