နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် အဖွင့်အမှာစကားပြောကြား

 
မန္တလေး ဩဂုတ် ၁၁
 
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေး၍ အဖွင့်အမှာစကားပြောကြားသည်။
 
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး  ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တက္ကသိုလ်/ကောလိပ်အသီးသီးမှ ကျောင်းသား ကျောင်းသူများနှင့် လူငယ်ဆိုင်ရာအဖွဲ့အစည်းများမှ လူငယ်များ တက်ရောက်ကြသည်။
 
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် လူငယ်ကိုယ်စားလှယ် ၄ ဦးတို့က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
 
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ လူငယ် လေးများက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် Theme Song ဖြင့် သရုပ်ဖော် ဖျော်ဖြေ တင်ဆက်ကြသည်။
 
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့် အမှာစကား ပြောကြားရာတွင် “လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ကြွရောက်လာကြတဲ့ ဧည့်သည်တော် အားလုံးနဲ့ အထူးသဖြင့်လူငယ်တွေကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ အနာဂတ်ကိုပိုပြီး တော့ ခိုင်မာအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။ လူငယ်တွေကို ပြုစုပျိုးထောင်တယ်ဆိုတာဟာ အနာဂတ်ကို ဦးတည်ပြီးတော့ လုပ်ရတာဖြစ်ပါတယ်။ လူကြီးတွေခင်းခဲ့တဲ့လမ်းကို ပိုပြီး တော့ ကောင်းသွားအောင်၊ ပိုပြီးတော့ ရှေ့မှာဖြောင့်ဖြူးအောင် လူငယ်တွေဆက် လုပ်ဖို့ တာဝန်ရှိပါတယ်။ ကျွန်မတို့နိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့လိုတယ် ဆိုတာကို ခဏခဏ ပြောနေကြပါတယ်။ ကောင်းတဲ့လမ်းနဲ့ မကောင်းတဲ့လမ်းဆိုတာ အင်မတန်မှကွာပါတယ်။ အဲ့ဒီလမ်းပေါ်မှာ သွားရတဲ့လူတွေ အသိဆုံးဖြစ်ပါတယ်။ လမ်း တစ်ခု ကောင်းတယ်၊ မကောင်းတယ်ဆိုတာ ကိုယ်ကိုတိုင်လျှောက်မှ သိတာ၊ ကိုယ်ကိုယ် တိုင် ကားနဲ့သွားတဲ့အခါကြမှ ဘယ်လောက်ဆောင့်နေတယ်။ ဘယ်လောက်ငြိမ်တယ် ဆို တာကို ကျွန်မတို့ သိတာဖြစ်ပါတယ်။
 
“ကျွန်မတို့နိုင်ငံ လျှောက်ရမယ့်လမ်းဟာ ဘယ်လောက်ကောင်းသလဲ၊ မကောင်း ဘူးလဲဆိုတာ နောက်ဆုံး ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေက ဆုံးဖြတ်ရမှာဖြစ်ပါ တယ်။ ဘေးက ဆုံးဖြတ်ပေးလို့ မရပါဘူး။ ပြင်ပကလည်း ဆုံးဖြတ်ပေးလို့ မရပါဘူး။ ဒီလို လမ်းကြီး တည်ဆောက်တဲ့နေရာမှာ အဆက်ဆက်တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ ကောင်းတဲ့လမ်း တစ်ခုဆိုရင် ကြာရှည်ခံတယ်ဆိုတာ လူတိုင်းသိပါတယ်။ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးက ပြည်သူပြည်သားတွေရဲ့၊ အထူးသဖြင့် ကျေးလက် တောရွာမှာနေတဲ့ ပြည်သူပြည်သားတွေရဲ့ အလိုအပ်ဆုံး ကိစ္စတွေထဲမှာ၊ အရာတွေ ထဲမှာ ဘာပါလဲဆို တော့ ရာသီစုံလမ်းဆိုပြီးတော့ ပါပါတယ်။ ရာသီစုံလမ်းဆိုတာ ဘယ်လိုရာသီကိုပဲ ဖြစ်ဖြစ် ခံနိုင်ရည်ရှိတဲ့လမ်းပါ။ မိုးရာသီကြရင် သုံးမရတဲ့လမ်းမျိုး မဟုတ်ဘူး။ နွေရာသီ မှ အလုပ်ဖြစ်တဲ့လမ်းမျိုး မဟုတ်ဘူး။ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ ရာသီစုံ လျှောက်လို့ရတဲ့လမ်း။ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်လမ်းက လည်း ဒီအတိုင်း ဖြစ်ရပါလိမ့်မယ်။ ရာသီစုံဆက်လျှောက်လို့ရတဲ့လမ်းဆိုတာဟာ မိုးထန်လို့ရှိရင်လည်း လျှောက်လို့ရ ရမယ်။ မုန်တိုင်းထန်တဲ့အခါကြလို့ရှိရင်လည်း မပျက်မစီးဖြစ်ရမယ်။ ဒီလို လမ်းမျိုးဖြစ်ဖို့ ပထမ စလုပ်ကတည်းက ကောင်းမွန်တဲ့ ပစ္စည်းတွေနဲ့ ကောင်းမွန်တဲ့ နည်းပညာတွေနဲ့ လုပ်ဖို့လိုပါတယ်။ ခေတ်အဆက်ဆက် ဆက်ပြီးတော့ ထိန်းသိမ်းသွား ဖို့လည်းလိုပါ တယ်။ ကျွန်မတို့နိုင်ငံရဲ့ လမ်းဟာလည်း ဒီအတိုင်းပါပဲ။ ပထမဦးဆုံး အခြေချတဲ့အခါ မှာ ပစ္စည်းကောင်းတွေနဲ့ အခြေချဖို့၊ နည်းလမ်းကောင်းတွေနဲ့ တည်ဆောက်ဖို့လိုပါတယ်။ နိုင်ငံတစ်နိုင်ငံကို တည်ဆောက် တဲ့ ပစ္စည်းကောင်းတွေထဲမှာ အဓိကလိုအပ် ချက်ကတော့ ပြည်သူပြည်သားတွေပဲ ဖြစ်ပါတယ်။ ပြည်သူပြည်သားတွေရဲ့ စိတ်ဓာတ်၊ ပြည်သူပြည်သားတွေရဲ့ အရည် အချင်းတွေဟာ ပစ္စည်းကောင်းတွေပါပဲ။ ဒီပစ္စည်း ကောင်းတွေကို မှန်မှန်ကန်ကန် သုံးဖို့ဆိုတာဟာ စနစ်ပဲဖြစ်ပါတယ်။
 
“ကျွန်မတို့ဟာ ပြည်သူကိုအခြေခံတဲ့စနစ်ကို ဦးတည်နေတယ်ဆိုတာ ပြည်သူ ပြည်သားတွေဟာ မိမိတို့ရဲ့အကျိုးအတွက် ထမ်းဆောင်တဲ့နေရာမှာ အထိရောက်ဆုံး ဖြစ်မယ့် အဖွဲ့အစည်း၊ အစုအဖွဲ့ပဲလို့ ကျွန်မတို့ ဒီလိုပဲသတ်မှတ်ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံရဲ့ ရှေ့အနာဂတ်အတွက် လမ်းကြီးခင်းလိုက်ပြီ။ ခင်းတဲ့အခါကြတော့ အရည်အချင်းရှိတဲ့ ပြည်သူပြည်သားတွေဟာ အဓိက ပထမဦးဆုံး လိုအပ်တဲ့ အရင်း အမြစ်ပါပဲ။ မှန်ကန်တဲ့စနစ်နဲ့ ဒီလမ်းကြီးကိုဆောက်လိုက်မယ်။ ဆောက်ပြီးရင် ဆက်ပြီး တော့ ခေတ်အဆက်ဆက် ထိန်းသိမ်းသွားရပါမယ်။ နိုင်ငံတစ်ခုရဲ့ အခြေအနေဟာ အစဉ်အမြဲ တစ်ပုံစံတည်း ရှိတာမဟုတ်ပါဘူး။ ပြောင်းလဲနေတာပါ။ လမ်းတစ်လမ်းဟာ မိုးရွာတဲ့ခါ မခံနိုင်ဘူးဆိုရင် ဒါလမ်းကောင်းမဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံရဲ့ စနစ်ဟာ ပဋိပက္ခတွေဖြစ်လာတဲ့အချိန်မှာ၊ ဒုက္ခတွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ အင်မတန်မှ ကြီးကျယ် တဲ့စိန်ခေါ်မှုတွေကို ကျော်လွှားဖို့လိုတဲ့ အချိန်မှာဆိုရင် ခံနိုင်ရဲ့လား၊ အလုပ်ဖြစ်ရဲ့လား။ ဒါတွေကို ကျွန်မတို့ကြည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ လူငယ်တွေကို ပြုစုပျိုး ထောင်ပါတယ်။ လူငယ်တွေကို ပြုစုပျိုးထောင်ခြင်းကို အဓိကထားတယ်ဆိုတာဟာ ကျွန်မတို့ ဆောက်လိုက်တဲ့ ပြည်ထောင်စုရဲ့ အနာဂတ်လမ်းကြီးကို ထိန်းသိမ်းသွားနိုင် မယ့် နည်းပညာနဲ့စိတ်ဓာတ်နဲ့ ပြည်စုံနေတဲ့ပုဂ္ဂိုလ်တွေကို မွေးထုတ်ဖို့ပဲဖြစ်ပါတယ်။ လူငယ်တွေဟာ လူကြီးတွေနဲ့စာရင် အတွေ့အကြုံရင့်ကျက်မှု နည်းတယ်ဆိုတာက တော့၊ တစ်ဖက်ကဆိုရင် ဒီလိုအတွေ့အကြုံရင့်ကျက်မှု နည်းတာကြောင့် ပိုပြီးတော့ စိတ်ကရှင်းလင်းတာလဲရှိပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် အဆိုးမြင်တဲ့ဟာ တွေလည်း ပိုပြီးတော့နည်းပါတယ်။ ကိုယ့်ရဲ့အတွေ့အကြုံတွေအရ ဘယ်သူ့ကို ဒေါသထားရမယ်၊ ဘယ်သူ့ကို ခွဲခြားဆက်ဆံရမယ်ဆိုတဲ့ စိတ်တွေဟာ လူငယ်တွေ ထဲမှာ နည်းပါတယ်။ လူကြီးတွေဟာ ကိုယ့်ရဲ့ဘဝအတွေ့အကြုံတွေအရ ကိုယ့်အမြင် တွေ၊ တစ်ခါတလေ ဆိုလို့ရှိရင် တင်းမာသွားတဲ့ဟာတွေလည်း ရှိတတ်ပါတယ်။
 
“လူကြီးနဲ့ လူငယ်ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မှာပါ။ ငြိမ်းချမ်းရေးစကား ဝိုင်းမှာဆိုရင် လူကြီးတွေလည်းပါတယ်။ လူငယ်တွေလည်းပါပါတယ်။ ကျွန်မသတိပြုမိ ပါတယ်။ လူကြီးတွေကပိုပြီးတော့ လက်တွေ့ကျကျပြောတယ်၊ ဆိုတယ်။ လက်တွေ့ ကျကျ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ကိစ္စ၊ သူတို့ရပ်ရွာနဲ့ပတ်သက်တဲ့ကိစ္စတွေကို ချဉ်းကပ် ပါတယ်။ လူငယ်တွေကတော့ အတွေးအခေါ်ဘက်ပိုင်းပိုပြီးတော့ များပါတယ်။ ဒါလည်း မှန်ပါတယ်။ လူငယ်တွေ အတွေးအခေါ်ဘက်ကိုအားသာမှ နောင်လူကြီးဖြစ်လာလို့ရှိရင် အတွေးအခေါ်နဲ့ အတွေ့အကြုံကို ပူးပေါင်းပြီးတော့ တန်ဖိုးရှိတဲ့ လူတွေဖြစ်လာမှာဖြစ် ပါတယ်။ ကျွန်မပြောချင်တာက လူကြီးနဲ့လူငယ်ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင် မှာပါ။ လူကြီးတွေပဲ တော်တယ်လို့ပဲ ပြောလို့မရပါဘူး။ လူငယ်တွေပဲ ကောင်းတယ်လို့ ပြောလို့မရပါဘူး။ ကောင်းတဲ့လူကြီးလည်းရှိတယ်၊ ဆိုးတဲ့လူကြီးလည်းရှိတယ်။ ကောင်းတဲ့ လူငယ်လည်းရှိတယ်၊ ဆိုးတဲ့လူငယ်လည်းရှိပါတယ်။ လူငယ်တွေကို ပြုပြင်ပေးဖို့၊ ပိုပြီး တော့ တိုးတက်အောင် လုပ်ပေးဖို့ဟာ လူကြီးတွေရဲ့ တာဝန်ဖြစ်ပါတယ်။ လူကြီးရဲ့ တာဝန်ဖြစ်ရုံတင် မကပါဘူး အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ အသက်ကြီး လာတာ နဲ့အမျှ ပြန်ပြီးသင်ယူရတာ သိပ်မလွယ်တော့ပါဘူး။ ဒါကတော့ လူ့သဘာဝအရ ဒီလိုပဲ လို့ ပြောရမှာဖြစ်ပါတယ်။
 
“ကျွန်မတို့ရဲ့ လူငယ်တွေကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုတော့ ဘက်စုံဆိုတာ ဘာကိုဆိုလိုတာပါလဲ။ ဘက်စုံဆိုတာဟာ လက်တွေ့ကျကျအပိုင်းရော၊ စိတ်ဓာတ်ရေးရာ အပိုင်းရော၊ အတွေးအခေါ်ပိုင်းရော အဘက်ဘက်ကပေါ့။ အခြေခံ အားဖြင့်တော့ ကျန်းမာရေး ကောင်းရပါမယ်။ လူတစ်ယောက်ဟာ ကျန်းမာရေး မကောင်းလို့ရှိရင် ဘယ်လောက်ပဲ ပညာတွေတတ်နေတတ်နေ ဒီပညာတွေကို သုံးနိုင် ခွင့် အခြေအနေမရှိပါဘူး။ ကျွန်မတို့ လူငယ်တွေ ဘက်စုံဖွံ့ဖြိုးဖို့ဆိုရင် နံပါတ်တစ် ကတော့ လူငယ်တွေ ကျန်းမာရေးကောင်း စေချင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာဘက်က နေလည်း ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ကျွန်မတို့နိုင်ငံမှာ ကလေးတွေ တော်တော်များ များက အင်မတန်မှလှီပါတယ်။ ကြီးထွားသင့်သလောက် မထွားလာတာကို တွေ့ရပါ တယ်။ ဒါကတော့ အာဟာရမပြည့် ဝခဲ့လို့ပါ။ နှစ်ပေါင်းများစွာ အာဟာရမပြည့်ဝခဲ့တဲ့ ကလေးတွေဟာ သေသေချာချာနဲ့ သူတို့ကြီးထွားသင့်သလောက် ထွားလာမှာမဟုတ်ပါ ဘူး။ ဒါကရုပ်ပိုင်းဆိုင်ရာပါ။
 
“ကျန်းမာရေးဘက်ကဆိုရင် အထူးသဖြင့် ဦးတည်နေတာက ပြည်သူ့ကျန်းမာရေး ကို ဦးတည်နေပါတယ်။ ပြည်သူ့ကျန်းမာရေးဆိုတာ ပြည်သူကပါဝင်ရမယ်၊ ပြည်သူ့ အတွက်လည်းဖြစ်တယ်။ ပြည်သူတွေကို ကျန်းမာရေးပညာပေး ခြင်းအားဖြင့်၊ အခြေခံ ကတည်းကစပြီး ကျန်းမာရေးကို ထောက်ပံ့ပေးခြင်းအားဖြင့် ကျွန်မတို့ရဲ့ ပြည်သူပြည် သားတွေ အားလုံးကျန်းမာရေး ကောင်းလာမယ်။ ကလေးတွေဟာ မွေးကတည်းက မဟုတ်ဘူး၊ မိခင်ဝမ်းထဲမှာရှိစဉ် အခါကတည်းကိုက ကျန်းမာရေး ကောင်းဖို့အတွက် မူတွေချပြီးတော့ ကျန်းမာရေးကောင်းအောင်လို့ တည်ဆောက်ဖို့ကြိုးစားပါတယ်။ ဒီ ကလေးတွေဟာ ကျန်းကျန်းမာမာနဲ့ မွေးလာပြီးလို့ရှိရင် ကျန်းကျန်းမာမာနဲ့ရှိနေဖို့ ဆက်ပြီးတော့ ထိန်းသိမ်းထားဖို့လည်းလိုပါတယ်။ အဲဒီဟာတွေကို သေသေချာချာ အစီ အစဉ်ချတဲ့အခါမှာ အစိုးရတစ်ခုတည်း လုပ်ပေးလို့မရပါဘူး။ ဆရာဝန်တွေနဲ့ သူနာပြု တွေချည်းပဲ လုပ်ပေးလို့မရပါဘူး။ မိသားစုတွေကိုက အခြေခံကျန်းမာရေးပညာရှိရပါ မယ်။ ကိုယ့်သားသမီးတွေကို ဘယ်လိုပြုစုပျိုးထောင်ရမယ်၊ ဘယ်လိုအစားအစာမျိုးကို ကျွေးရမယ်၊ ဘယ်လိုဟာမျိုးကို ရှောင်ရမယ်၊ ဘယ်လိုကိုယ်လက်လှုပ်ရှားမှုမျိုးကို ကူညီ ပေးရမယ်။ ဒါတွေဟာ မိသားစုတွေရော၊ ဆရာ/ဆရာမတွေရော၊ မိဘတွေရော သိမှ ဒီကလေး တွေကို မွေးပြီးတဲ့အခါ ဆက်ပြီးတော့ ကောင်းကောင်းမွန်မွန် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ ဖို့အတွက်၊ ဖွံ့ဖြိုးဖို့အတွက် ကူညီသွားနိုင်မှာဖြစ်ပါတယ်။
 
“နောက် ဦးနှောက်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ၂ ခုကို ခွဲခြားပြီးတော့ ပြောချင် ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးတိုးတက်တိုင်း စိတ်ထားကောင်းတာမဟုတ်ပါဘူး။ အင်မတန်မှ ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်တွေ၊ ပညာရေးအရ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေထဲမှာ စိတ်ထား သိပ်မကောင်းတဲ့သူတွေလည်းရှိပါတယ်။ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်တွေ ဟာ အင်မတန်မှ ပြည့်စုံပြီးတော့ ပြည့်ဝတဲ့ နိုင်ငံသူနိုင်ငံသားတွေဖြစ်လာဖို့အတွက် ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လုပ်ရပါမယ်။ စိတ်ဓာတ်မှန်ကန်ဖို့အတွက် လည်းလုပ်ရပါမယ်။ အသက် ၂ နှစ် မပြည့်ခင်အချိန်မှာ အာဟာရမပြည့်ဝလို့ရှိရင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို အသက် ၂ နှစ် မပြည့်ခင်ကာလအတွင်းမှာ အာဟာရပြည့်စုံအောင်လို့ ကျွေးမွေးပြုစုပျိုးထောင်ဖို့ဟာ အင်မတန်အရေးကြီးပါတယ်။ ဦးနှောက်ရဲ့ဖွံ့ဖြိုးမှုကို ထိခိုက်သွားပြီဆိုရင် နောင်ဘယ် လိုပဲ ဘယ်လောက်ပဲကျွေးကျွေး လူက ဝလာတာသာရှိမယ် ဦးနှောက်က ပိုပြီးတော့ ဖွံ့ဖြိုးလာမှာမဟုတ်ပါဘူး။ အသက် ၂ နှစ်မတိုင်မီ ကလေးတွေကို မှန်မှန်ကန်ကန်နဲ့ ဦးနှောက်အရည်အချင်း ပြည့်၀အောင်လို့ ကျွေးမွေးပြုစုစောင့်ရှောက်ဖို့ဆိုတာဟာ မိဘ တွေရဲ့ တာဝန်လည်းဖြစ်တယ်။ ကျန်းမာရေးဌာနရဲ့ တာဝန်လည်းဖြစ်တယ်။ အစိုးရ ရဲ့ တာဝန်လည်းဖြစ်ပါတယ်။ ဒါအားလုံးဝိုင်းပြီးတော့ လုပ်ရမှာပါ။ ဦးနှောက်ကတော့ ဖွံ့ဖြိုးတိုးတက်သွားပြီ။ ဦးနှောက်ဖွံ့ဖြိုးတိုးတက်သွားပြီးရင် ရုပ်ပိုင်းဆိုင်ရာလည်း ဖွံ့ဖြိုး အောင်လို့  အသက် ၂ နှစ်ကျော်တဲ့အခါမှာလည်း ဆက်ပြီးတော့ အာဟာရရှိတဲ့ အစား အစာတွေကို  ကျွေးရပါမယ်။ ကိုယ်လက်လှုပ်ရှားမှု ပြည့်စုံအောင်လို့ ထားရပါမယ်။
 
“ကျောင်းရောက်သွားတဲ့အခါကျရင် ကမ္ဘာကြီးနဲ့ယှဉ်နိုင်အောင်လို့ ကျွန်မတို့ရဲ့ ကလေးတွေကို ပညာသင်ပေးရပါမယ်။ ပညာရေးစနစ်ဟာ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံ သားတွေကို ကမ္ဘာ့အလယ်မှာ တင့်တင့် တယ်တယ်နဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင် အောင် ဦးတည်တဲ့ ပညာရေးစနစ်မျိုးဖြစ်ရပါမယ်။ တခြားသူတွေကို အနိုင်ကျင့်ဖို့လည်း မဟုတ်ဘူး။ ကိုယ့်ကိုကိုယ်ကြွားဖို့လည်း မဟုတ်ဘူး။ ကိုယ့်နိုင်ငံရဲ့ဂုဏ်သိက္ခာအတွက်၊ ကိုယ့်ရဲ့စိတ်ပြည့်ဝဖို့အတွက် ဒီလိုပညာတွေကို ကျွန်မတို့ရဲ့ ကလေးတွေကို သင်ပေးရ ပါမယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေနဲ့ပတ်သက်လို့ ယုံကြည်မှုရှိပါတယ်။ အခွင့် အရေးသာရှိရင်၊ အခွင့်အလမ်းသာရှိရင်၊ မှန်ကန်တဲ့ပံ့ပိုးမှုတွေသာရှိရင် ကျွန်မတို့ နိုင်ငံ သူနိုင်ငံသားတွေဟာ ပညာရေးဘက်မှ အင်မတန်မှ တိုးတက်နိုင်တယ်၊ ထူးချွန်နိုင် တယ်၊ ပြောင်မြောက်နိုင်ပါတယ်။ တချိန်တုန်းကလည်း ကျွန်မတို့နိုင်ငံဟာ ပညာရေးနဲ့ ပတ်သက်လို့ အင်မတန် ဂုဏ်သတင်းကောင်းခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
 
“ကိုယ့်နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိတယ်ဆိုရင် နိုင်ငံသူ နိုင်ငံသား တစ်ယောက်ချင်း တစ်ယောက်ချင်းဟာလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုနှင့် ပြည့်စုံ မှာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးခါစ ကျွန်မတို့နိုင်ငံဟာ စစ်အတွင်းမှာ စစ်ဒဏ်တွေ ခံခဲ့ရပေမယ့် အင်မတန်မှ အခြေအနေအရ တိုးတက်မှုကောင်းပြီး ပညာတတ်တွေ ဦးဆောင်တဲ့နိုင်ငံဖြစ်တဲ့ အခါကြတော့ ကမ္ဘာ့အလယ်မှာ အင်မတန်မှ မျက်နှာပွင့်ပါ တယ်၊ ဂုဏ်သိက္ခာရှိပါတယ်။ ဒါကြောင့် နိုင်ငံ့ရဲ့ဂုဏ်သိက္ခာကြောင့်မိုလို့ တစ်ဦးချင်း တစ်ဦးချင်းကလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါတယ်။ ကျွန်မတို့ ပညာရေးစနစ်ဟာ နိုင်ငံသူနိုင်ငံသားများ ကမ္ဘာ့အလည်မှာ တင့်တင့်တယ်တယ်နဲ့ “ပညာရဲရင့် ပွဲလယ်တင့်” ဆိုတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်လို့ ဖြည့်ဆည်းပေးတဲ့ ပညာရေး စနစ်ဖြစ်စေချင်ပါတယ်။ နည်းပညာတွေ သင်ပေးရုံနဲ့ ကမ္ဘာမှာ ခေတ်စားနေတဲ့ ဘာသာ ရပ်တွေမှာ တိုးတက်ရုံနဲ့ မပြီးသေးပါဘူး။ တစ်ချိန်တည်းမှာ မှန်ကန်တဲ့စိတ်ဓာတ်ကို လူငယ်တွေရဲ့ စိတ်ထဲကို သွင်းပေးလိုက်ဖို့လိုပါတယ်။ ကိုယ့်အရည်အချင်းတွေ ဘယ် လောက်ကောင်းကောင်း ဒီအရည်အချင်းကို မှန်မှန်ကန်ကန်မသုံးဘဲ မကောင်းတဲ့ကိစ္စ တွေအတွက်သုံးမယ်ဆိုရင် ကိုယ်လည်းနစ်နာမယ်။ ကိုယ့်ပတ်ဝန်းကျင်လည်း နစ်နာ တယ်။ နိုင်ငံလည်း နစ်နာပါတယ်။
 
“ကိုယ့်ပတ်ဝန်းကျင်က မကောင်းရင်၊ ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ချမ်းသာမှုမရှိ ရင် ရေရှည်မှာ ကိုယ်ကိုတိုင်လည်း စိတ်ချမ်းသာမှု ရှိနိုင်မှာမဟုတ်ပါဘူး။ စိတ်ပြည့်ဝမှု ရှိနိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ လူငယ်တွေ တကယ်ဘက်စုံဖွံ့ဖြိုးတိုးတက်တယ် ဆိုတာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ငယ်ငယ်ကတည်းက မိဘနဲ့ ဆရာတွေက သင်ပေးရမှာပါ။ ကိုယ်တစ်ယောက်တည်း အတွက် လုပ်တာထက် နှစ်ယောက်အတွက်လုပ်တာက ပိုပြီးတော့ ကောင်းတယ်။ သုံးယောက်အတွက် လုပ်တာက ပိုပြီးတော့တောင် ကျေနပ်စရာကောင်းတယ်။ အများ အတွက်လုပ်တာ ဆိုရင်တော့ ကျေနပ်စရာအကောင်းဆုံးပဲဆိုပြီးတော့ ဒီလိုစိတ်တွေကို ငယ်ငယ် ကတည်းကနေပြီးတော့ သွင်းပေးရပါမယ်။ နောက် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ကိုယ်က လေးစားဖို့၊ ချစ်ခင်ဖို့ ဒါတွေကိုလည်း ငယ်ငယ်ကတည်းက စိတ်ဓာတ်တွေကို လည်း သွင်းပေးရပါမယ်။ ဒါ ဆရာ၊ ဆရာမတွေ လုပ်ရုံနဲ့မပြီးပါဘူး။ မိဘတွေကပါ လုပ်ရပါ မယ်။
 
“ကိုယ့်နိုင်ငံကို တန်ဖိုးထားတယ်ဆိုတာ အမှိုက်ပစ်တဲ့ အသေးအဖွဲလေးတွေက နေစပြီးတော့ ဆင်ခြင်ရပါမယ်။ မိဘတွေ၊ ဆရာတွေက သင်ပေးရမယ်။ ဒါပေမယ့် ဘယ်လောက်ပဲ သင်ပေးသင်ပေး သင်ယူတဲ့သူက သင်ယူမှရပါမယ်။ ဆရာတွေ၊ မိဘ တွေ ဘယ်လောက်တော်တော် သင်ယူတဲ့ကလေးတွေက သင်ယူချင်တဲ့ စိတ်ရှိအောင် လို့ စိတ်ဓာတ်သွင်းပေးဖို့ လိုပါတယ်။ ကိုယ့်ပစ္စည်းထက် အများပိုင်ပစ္စည်းကို လေးစားဖို့၊ တန်ဖိုးထားဖို့ စိတ်တွေသွင်းပေးရပါမယ်။ နိုင်ငံတော်ရဲ့ပစ္စည်းကို မလေးစားတာဟာ ကိုယ့်နိုင်ငံကို မလေးစားတာပါပဲ။ မှန်ကန်တဲ့ စိတ်ဓာတ်တွေကို လူငယ်တွေကို သင်ပေး မယ်၊ လူငယ်တွေကို အလေ့အကျင့်ဖြစ်သွားအောင် လုပ်ပေးမယ်ဆိုရင် ကျွန်မတို့ရဲ့ လူငယ်တွေဟာ ဘက်စုံဖွံ့ဖြိုးပြီလို့ ပြောလို့ရပါပြီ။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာတယ်၊ ချမ်းသာတယ်၊ ထွားကြိုင်းတယ်။ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတယ်၊ တိုးတက်တယ်၊ ပညာရှာဖို့ အခွင့်အလမ်းရတယ်။ စိတ်ပိုင်းဆိုင်ရာဆိုရင် တစ်ချိန်လုံးပဲ အိမ်ကနေစပြီး ကျောင်းရောက်တဲ့အခါကြလို့ရှိရင် မှန်မှန်ကန်ကန်နဲ့ နိုင်ငံသူ နိုင်ငံသား ကောင်းတစ် ယောက် ဖြစ်နိုင်ဖို့အတွက် ပြုစုပျိုးထောင်လိုက်နိုင်မယ်ဆိုရင် ကျွန်မတို့ လူငယ်တွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီလို့ ပြောလို့ရပါတယ်။
 
“နိုင်ငံသူနိုင်ငံသားကောင်း တစ်ယောက်ဖြစ်တယ်ဆိုတာ တကယ်တော့ ကမ္ဘာသူ ကမ္ဘာသားကောင်း တစ်ယောက်ဖြစ်သွားတာပါပဲ။ ကျွန်မတို့နိုင်ငံဟာ ကမ္ဘာကြီးထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေ၊ ပြည်သူတွေဟာ ကမ္ဘာကြီးမှာ နေထိုင်ကြတဲ့ ပုထုဇဉ် လူသားတွေထဲက အစုအဖွဲ့တစ်ခုဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ချစ်ချင်းအားဖြင့် ကိုယ့်ရဲ့အမြင်ဟာ ကျဉ်းသွားရမှာမဟုတ်ပါဘူး။ ငါ့နိုင်ငံမှ ငါ့နိုင်ငံ၊ ငါ့လူမျိုးမှ ငါ့လူမျိုး၊ ကျန်တဲ့သူ ဂရုမစိုက်ဘူးဆိုတဲ့ စိတ်ဆိုရင် ဒါကျဉ်းမြောင်းသွားတဲ့ စိတ်။ ကိုယ်ကကိုယ့်နိုင်ငံကို ချစ်သလို တခြားသူတွေလည်း သူတို့နိုင်ငံကို သူတို့ချစ်မှာ ပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့လေးစားရမယ်။ နောက်ပြီး ကမ္ဘာသူကမ္ဘာသားများအားလုံး ညီညီညွတ်ညွတ်နဲ့ အေးအေးချမ်းချမ်း နေနိုင်ဖို့ကို ကျွန်မတို့ ဦးတည်ရပါမယ်။
 
“တစ်ကမ္ဘာလုံးမှာ အေးအေးချမ်းချမ်းနဲ့ ချစ်ချစ်ခင်ခင် နေဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့ စိတ်ထဲမှာ ဘယ်တော့မှမထားပါနဲ့၊ တကယ်ကြိုးစားမယ်ဆိုရင် မဖြစ်နိုင်ဘူး ဆိုတာဟာ ၁ဝဝ ရာခိုင်နှုန်း မဟုတ်ရင်တောင် ၉၉ ဒသမ ၉ ဆိုရင်တော့ မဆိုးပါဘူး။ အဲ့ဒီထိ ကျွန်မတို့ အောင်မြင်အောင်ကြိုးစားဖို့ စိတ်တွေခိုင်မာရပါမယ်။ ဒီလိုခိုင်မာတဲ့ စိတ်တွေ၊ ကြိုးစားချင်တဲ့စိတ်ဓာတ်တွေကို လူငယ်တွေကို သွင်းပေးဖို့လိုပါတယ်။ အခု ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ သိပ်များတဲ့ခေတ်ကြီးမှာဆိုရင် လောဘတွေကလည်း သိပ်ပြီးတော့ တက်လာပါတယ်။ လောဘ၊ ဒေါသ၊ မောဟမှာ လောဘအန္တရာယ်က အင်မတန်မှ ကြီးပါတယ်။ လောဘနောက်ကလည်း ဒေါသက လိုက်လာတတ်ပါတယ်။ ဒါတွေကို လူငယ်တွေ သတိထားကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖို့အတွက်၊ ဦးနှောက်ပိုင်းဆိုင်ရာ တိုးတက်ဖို့အတွက်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့အတွက် အားလုံးဝိုင်းပြီး ကူညီလို့ရပါတယ်။ နောက်ဆုံး ကိုယ့်ဘာသာကိုယ်လုပ်မှ ရမှာဖြစ်ပါ တယ်။ ကျွန်မတို့ရဲ့ လူငယ်များဟာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ကိုယ့်ကို ကိုယ် လုပ်ယူပါ။ ကိုယ့်ကိုကိုယ်အားကိုးပါ။ နောက် ပူးပေါင်းဆောင်ရွက်စိတ်ရှိပါ။
 
“နောက်တစ်ခုက ကျွန်မတို့နိုင်ငံ တင်မဟုတ်ဘူး ကမ္ဘာတစ်လွှားမှာ ခဏခဏ သင်တန်းတွေပေးပါတယ်။ အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်း၊ ဟောပြောပွဲ စတဲ့ သင်တန်း အမျိုးမျိုးပေးကြပါတယ်။ ဘာအကြောင်းလဲဆိုတော့ ခေါင်းဆောင်ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အကြောင်း။ အဲဒါကို ကျွန်မက အားမပေးချင်ဘူး။ ကျွန်မကတော့ ပူးပေါင်း ဆောင်ရွက်မှုစိတ်ဓာတ် မြှင့်တင်ပေးတဲ့ဟာကို အားပေးချင်တယ်။ အစုအဖွဲ့ တစ်ခု အနေနဲ့ အောင်မြင်အောင်လုပ်ခြင်းဟာ ပိုပြီးအရေးကြီးပါတယ်။ အားလုံးပူးပေါင်းဆောင် ရွက်ခြင်း၊ သူ့နေရာနဲ့သူ အားလုံးအရေးကြီးတာပဲ။ လူတိုင်း လူတိုင်းမှာ သူ့တန်ဖိုးနဲ့ သူရှိပါတယ်။ အဲဒါကို နားလည်ပြီးတော့ ကျွန်မတို့ စုပေါင်းဆောင်ရွက်နိုင်တဲ့၊ ညီညီ ညွတ်ညွတ်နဲ့ လုပ်ကိုင်နိုင်တဲ့ စိတ်ဓာတ်တွေ၊ ဘယ်လိုလုပ်ရမလဲ။ ဘာကြောင့် ကျွန်မ တို့ စုပေါင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်တဲ့ အခြေအနေတွေဟာ အားနည်းနေ သလဲ။ ဒါတွေကို ကျွန်မတို့က ကြည့်ရမှာဖြစ်ပါတယ်။ ငါဘာလို့ ခေါင်းဆောင်မဖြစ်ရပါ လိမ့်ဆိုပြီး စဉ်းစားနေရမှာမဟုတ်ပါဘူး။ အဲ့ဒါတွေက အားပေးသင့်တဲ့ကိစ္စတွေ မဟုတ် ဘူးလို့ ကျွန်မယုံကြည်ပါတယ်။ ဒါကြောင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် ချင်ရင် ပူးပေါင်းဆောင်ရွက်ပါ။ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရလဒ်က ဘာလဲဆိုတော့ မိတ်ဆွေ ကောင်းတွေရခြင်းပဲ။ ပူးပေါင်းဆောင်ရွက်ပြီး အတူလုပ်ခဲ့တဲ့ မိတ်ဆွေများ၊ ရဲဘော် ရဲဘက်များရဲ့ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှု၊ ရင်းနှီးမှု၊ မေတ္တာ ထားမှု၊ ကရုဏာထားမှုတွေဟာ ဘာနဲ့မှမတူပါဘူး။ ဒါကြောင့် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက် မှုထဲမှာ မိတ်ဆွေကောင်းဖြစ်နိုင်ဖို့နဲ့ မိတ်ဆွေကောင်းရနိုင်ဖို့အတွက် အဲဒီလို အရည် အချင်းတွေကိုတော့ ပြုစုပျိုးထောင်ပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်က မိတ်ဆွေ ကောင်းရဖို့ ကိုယ်ကိုတိုင်က မိတ်ဆွေကောင်းတစ်ဦးရဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံမှ ဖြစ်မှာပါ။ ဒါကြောင့် ကျွန်မတို့ လူငယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးပွဲတော်လုပ်တဲ့ အခါမှာ ဘက်စုံဆိုတဲ့ စကားကို အလေးထားပြီး စဉ်းစားစေချင်ပါတယ်။ ဘက်စုံအောင် ဘာတွေ လိုအပ်တယ်။ ရုပ်ပိုင်းဆိုင်ရာ၊ ဦးနှောက်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးအရ ခင်မင်မှု မိတ်ဆွေပိုင်းဆိုင်ရာကိစ္စတွေ အားလုံးနဲ့ပြည့်စုံမယ်ဆိုရင် ကျွန်မတို့ရဲ့ လူငယ် များဟာ နိုင်ငံရဲ့အကျိုးတင်မကပါဘူး ကမ္ဘာပေါ်မှာနေတဲ့ လူသားများ၊ သတ္တဝါများ အားလုံးရဲ့ အကျိုးကိုထမ်းဆောင်နိုင်တဲ့ လူသားကောင်းတွေ ဖြစ်လာမှာပါ။ ပြီးပြည့်စုံ တဲ့လူသားကောင်းတွေ ဖြစ်လာမှာပါ။ ဒီလိုဖြစ်လာပြီဆိုရင် ကျွန်မတို့နိုင်ငံတိုးတက်မယ် ဆိုတာကိုတော့ အထူးတလည် ပြောစရာမလိုပါဘူး။ ကျွန်မတို့နိုင်ငံကနေပြီး ကမ္ဘာကြီး ပိုပြီး ချမ်းမြေ့ရေး၊ ငြိမ်းချမ်းရေး၊ တိုးတက်ရေးအတွက်လည်း အများကြီး အားတွေ ပေးနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။”ဟု ပြောကြားသည်။
 
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည် တော်များ၊ တက္ကသိုလ်/ကောလိပ်အသီးသီးမှ ကျောင်းသားကျောင်းသူများ၊ လူငယ်ဆိုင် ရာ အဖွဲ့အစည်းများမှ လူငယ်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည့် တက္ကသိုလ်/ကောလိပ်အသီးသီးမှ ထူးချွန်ကျောင်း သား ကျောင်းသူများအား ဆုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်သည်။
 
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က China -Myanmar Innovation and Entrepreneurship Competition 2018 ပြိုင်ပွဲ၌ ပထမဆုရရှိသည့် တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှ မောင်တိုးတက်လင်း၊ မမျိုးဟေမန်ဦး၊ မောင်ပြည့်စုံ ကျော်၊ မန္တလေးနည်းပညာတက္ကသိုလ်မှ မောင်ဇော်မင်းမင်းထွန်းနှင့် မောင်မျိုးမောင် မောင်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က Venture Well 2018 OPEN Minds Showcase ပြိုင်ပွဲတွင် ပထမဆုရရှိသည့် နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီးမှ မောင်ထက်ဝေလင်း၊ မောင်ဟိန်းဒွေးစံ၊ မသီရိကိုကို၊ မဗန်လားရွတ်၊ မနှောင်းသက်ထားဝေ၊ Lancang - Mekong Youth Training Camp for Innovation and Enterpreneurship 2018 ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရန်ကုန်တက္ကသိုလ်မှ မမေမြတ်န်ိုး(ရေချယ်)၊ မမေသူစိုးနှင့် မမေ မြတ်န်ိုး(Aurora)၊ China - Myanmar Contest of Innovation ပြိုင်ပွဲတွင် တတိယဆု ရရှိသည့် မန္တလေးကွန်ပျူတာတက္ကသိုလ်မှ မောင်သီဟနိုင်၊ မောင်ချမ်းငြိမ်းသော်နှင့် မောင်သာထက်စံ၊ China - Myanmar Innovation and Entrepreneurship Competition 2018 ပြိုင်ပွဲတွင် တတိယဆုရရှိသည့် မန္တလေးကွန်ပျူတာတက္ကသိုလ်မှ မောင်စိုင်းဆိုင်းလျှန်း၊ မောင်စိုင်းညီညီထွန်းနှင့် မောင်ထက်အောင်ခန့်၊ China - Myanmar Innovation and Entrepreneurship Competition 2018 ပြိုင်ပွဲတွင် တတိယဆု ရရှိသည့် နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီးမှ မောင်သက်ပိုင်မျိုး၊ မယဉ်မေအိနှင့် မဝတ်ရည်သန့်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ချက်(စ်)ပြိုင်ပွဲတွင် တတိယဆုရရှိ သည့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ မောင်မျိုးဆန်းအောင်၊ Youth Innovation Competition on Lancang - Mekong Region's Governance and Development (YICMG) 2018 ပြိုင်ပွဲတွင် The Best Multi-National Team Award ရရှိသည့် ရန်ကုန်တက္ကသိုလ်မှ မမေမြတ်နိုး(ရေချယ်)၊ China - Myanmar Innovation and Entrepreneurship Competition 2018 ပြိုင်ပွဲတွင် Excellent Team Prize ရရှိသည့် မန္တလေးတက္ကသိုလ်မှ မကျော့ကျော့ခင်၊ မအိမှူးခိုင်နှင့် မဆုမြတ်နိုး၊ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ မောင်စည်သူဟန်နှင့် မောင်အောင်မင်းဟိန်း၊ China - Myanmar Innovation and Entrepreneurship Competition 2018 ပြိုင်ပွဲတွင် Excellent Team Prize ရရှိသည့် တောင်ကြီးနည်းပညာတက္ကသိုလ်မှ မောင်မိုးကျော်ဇင်အောင်၊ မောင်နေလင်း နှင့် မောင်ပြည့်ဖြိုးဦး၊ Youth Innovation Competition on Lancang - Mekong Region's Governance and Development (YICMG) 2018 ပြိုင်ပွဲတွင် The Most Valuable Issue Award ရရှိသည့် ရန်ကုန်တက္ကသိုလ်မှ မမေမြတ်နိုး(ရေချယ်)၊ မမေသူစိုးနှင့် မမေမြတ်နိုး(Aurora)၊ The 4th ASEAN Foundation Model ASEAN Meeting 2018 တွင် Best Delegation Award ရရှိသည့် ရန်ကုန်နည်းပညာ တက္ကသိုလ်မှ မောင်ရှင်းသန့်ထွန်း၊ 59th International Mathematical Olympiad တွင် Honorable Mention ရရှိသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ကြသော မောင်ကျော်ထက်လင်းနှင့် မောင်ဝေယံမိုးလွင်တို့ကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
 
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)ကို ဩဂုတ် ၁၃ ရက်အထိကျင်းပမည် ဖြစ်ပြီး ပွဲတော်တွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ၊ မြန်မာကျပန်းစကားပြောနှင့် ကဗျာ ရွတ်ပြိုင်ပွဲများ၊ အနုပညာဆိုင်ရာလှုပ်ရှားမှုများ၊ လူငယ်ဆိုင်ရာဆွေးနွေးပွဲများ၊ စာအုပ် ဈေးရောင်းပွဲတော်၊ အပန်းဖြေအားကစားပြိုင်ပွဲများ၊ ပြဇာတ်ဖျော်ဖြေကပြပွဲများ၊ အလုပ် အကိုင်အခွင့်အလမ်းနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာပြခန်းများ၊ လူငယ်နှင့် ကျန်းမာရေး ဆိုင်ရာ အသိပညာပေးပြခန်း၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးလှုပ်ရှားမှုအစီအစဉ်များ၊ ကျန်းမာရေး၊ အမျိုးသမီးငယ်များ အကြမ်းဖက်မှု ကင်းဝေးရေး၊ မသန်စွမ်းအမျိုးသမီးငယ်များ၏ လက်ရှိအခြေအနေတို့နှင့်စပ်လျဉ်းသည့် အသိပညာပေး ဆွေးနွေးပွဲများ၊ မြန်မာ့အသံခေတ်ပေါ်တီးဝိုင်းနှင့် နိုင်ငံကျော် အဆို တော်များ၏ ဖျော်ဖြေရေးအစီအစဉ်များကို စည်ကားသိုက်မြိုက်စွာဖြင့် ထည့်သွင်း ကျင်းပလျက်ရှိကြောင်း သိရသည်။