နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များစာပေစကားဝိုင်း အခမ်းအနား မန္တလေးမြို့၌ကျင်းပ

 
မန္တလေး  ဩဂုတ်  ၁၁
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ စာပေစကားဝိုင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
 
စာပေစကားဝိုင်းသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊  သူရဦးအောင်ကို၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် နိုင်သက်လွင်၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဗိုလ်ချုပ်အောင်သူနှင့် ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တက္ကသိုလ်၊  ကောလိပ်အသီးသီးမှ ကျောင်းသားကျောင်းသူများ၊ လူငယ်ဆိုင်ရာအဖွဲ့အစည်းများမှ လူငယ်များ တက်ရောက်ကြသည်။
 
စကားဝိုင်းတွင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “စာပေ စကားဝိုင်းလုပ် တယ်ဆိုတာဟာ စာပေရဲ့တန်ဖိုးပါ။ စာပေရဲ့တန်ဖိုးဆိုတာ ကြီးကြီးကျယ်ကျယ် ပြောနေတာမဟုတ်ပါဘူး။ စာပေကိုဘာဖြစ်လို့ချစ်ကြသလဲ။ စာပေချစ်သူများက ဘာဖြစ်လို့ စာပေကိုချစ်သလဲ။ စာပေချစ်ခြင်းအားဖြင့် ကျွန်မတို့ဟာ ကိုယ့်အကျိုးရော ကိုယ့်ရဲ့ပတ်ဝန်းကျင်ရဲ့အကျိုးရော ဘာတွေဖြစ်နိုင်သလဲဆိုတာ သိချင်တာဖြစ်ပါတယ်။ နောက်ပြီးတော့ ရိုးရိုးသားသားပဲ ဘာဖြစ်လို့ ဒီလိုစာပေမှာ မွေ့လျော်ရတာ ကိုယ့်အတွက် စိတ်ချမ်းသာမှုရ သလဲဆိုတာကိုလည်းပြောစေချင်တာဖြစ်ပါတယ်။
 
စာပေစကားဝိုင်းမှာပါဝင်တဲ့  ကျောင်းသူကျောင်းသားတွေက ဘာတွေ ပြင်ဆင်ခဲ့သလဲတော့မသိဘူး။ သိချင်တာက စာပေချစ်မြတ်နိုးတယ်။  ဘာဖြစ်လို့ချစ်မြတ်နိုးတာလဲ။ စာပေချစ်မြတ်နိုးတယ်ဆိုတာ တကယ်တော့ စာအုပ်ချစ်မြတ်နိုးတာ။ စာပေဆိုတာ စာအုပ်နဲ့ ဆက်နွယ်နေတယ်။  စာအုပ်မရှိဘဲနဲ့ စာပေမရှိနိုင်ဘူး။ အဲဒီတော့ ဘာဖြစ်လို့ချစ်မြတ်နိုးလဲဆိုတာ သိချင်တယ်။ နောက်ပြီးတော့  ကိုယ့်အတွက် ဘယ်လိုအကျိုးအမြတ်ရသလဲ။ အကျိုးအမြတ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာပြောတာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာပေါ့။ ဘယ်လို ကျေနပ်မှုပေးသလဲဆိုတောပေါ့။
 
နောက်တစ်ခုက ပညာရေးလောကမှာ ကျောင်းပညာ၊ တက္ကသိုလ် ပညာ၊ အဲဒီလောကမှာ ယောက်ျားလေးတွေ ပိုမိုစိတ်ဝင်စားပြီးတော့ ပိုမိုပြီး ထွန်းတောက်အောင်လုပ်ဖို့ ဘာတွေလို နေသလဲဆိုတာကို သိချင်တယ်။ မိန်ကလေးတွေက အားလုံးအလွတ်ကျက်တယ်။ မိန်းကလေးတွေက စကားနားထောင်ပြီးတော့ အလွတ်ကျက် ဆိုကျက်လိုက်တာပဲ။ အဲဒီတော့စာမေးပွဲမှာအမှတ်တွေ အများကြီးရတယ်။ ယောက်ျားလေးတွေက အဲဒီလိုဖြစ်တဲ့အခါကျတော့ ကျွန်မတို့ စိုးရိမ်ပူပန်တာဘာဖြစ် လာသလဲဆိုတော့ ဒီအထက်တန်းကျောင်းကို ပြီးအောင်မသင်တဲ့ ယောက်ျားလေးနှုန်းဟာ တက်လာတယ်။
 
အဲဒီဟာ ကျွန်မတို့နိုင်ငံအတွက် မကောင်းဘူး။ ဒါကြောင့်မို့ကျွန်မတို့ဟာ တက္ကသိုလ်ပညာ မသင်ရင်တောင်မှ အသက်မွေးဝမ်းကျောင်း ပညာကိုသင်စေချင်တယ်။ တကယ်တော့ပိုပြီးတော့လည်း အားပေးချင်တယ်။ တက္ကသိုလ်ပရဝဏ်မှာ လာပြီးတော့ အသက်မွေးဝမ်းကျောင်း ပညာဘက်ကို ပိုပြီးတော့အားပေးပါတယ် ဆိုတာ ပြောတဲ့အခါကျတော့ အားမနာတမ်းပြောသလို ဖြစ်နေမှာဆိုပေမယ့် ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်အရ တစ်ကမ္ဘာလုံးရဲ့လိုအပ်ချက်အရ အသက်မွေးဝမ်းကျောင်းပညာကို ကျွန်မတို့ အားပေးရမယ်။ ဒီဟာဟာ ကမ္ဘာ့ရေစီးကြောင်းပဲ။ 
 
တက္ကသိုလ်ပညာဆိုတာက လက်တွေ့ကျကျ သုံးနိုင်တာရှိတယ်။ လက်တွေ့ကျကျ မသုံးနိုင်တာရှိတယ်။ ဥပမာဆိုရင် ကျွန်မသမိုင်းကို အင်မတန်စိတ်ဝင်စားတယ်။ သမိုင်းကို စိတ်ဝင်စားတယ်၊  သမိုင်းကိုမြတ်နိုးတယ်။  သို့သော်ငြားလည်း သမိုင်းဆရာ ဆရာမတွေပဲ အများကြီးမွေးထုတ်လို့ မရဘူး။ လက်တွေ့ကျကျ ကိုယ့်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးလိုအပ်ချက်အရ အသက်မွေးဝမ်းကျောင်း ပညာကျောင်းတွေကို အားပေးချင်တယ်။
 
တစ်ချိန်တည်းမှပဲ တက္ကသိုလ်ပညာရေးကို အဆင့်မြှင့်စေချင်တယ်။ တက္ကသိုလ်ပညာရေးမှာ သုတေသနဘက်မှာ အထူးသဖြင့် ဒီနိုင်ငံက အင်မတန်မှ အားနည်းပါတယ်။ အဲဒီဘက်တွေကို အားပေးချင်တာ။ တက္ကသိုလ်ရောက်တဲ့ ကျောင်းသူကျောင်းသားတွေဆိုရင်လည်း အမျိုးသမီးတွေနဲ့ အမျိုးသားတွေ မျှစေချင်တယ်။ အခုကျတော့ မိန်ကလေးတွေကများ များလာပြီးတော့ ယောက်ျာလေးတွေက တက္ကသိုလ်သွားတဲ့နှုန်း နည်းလာတယ်။
 
အဲဒီလိုနည်းလာလို့ အသက်မွေးဝမ်းကျောင်းပညာဘက်ကို သွားတယ်ဆိုရင်တော့ ကျေနပ်တယ်။ ဒါပေမယ့် အဲဒီလိုလဲ မဟုတ်ဘူး။ အဲဒီလိုမဟုတ်တော့  ကျောင်းဆက်မနေတဲ့ ကလေးတွေ ဘာဖြစ်သွားသလဲဆိုတာ အများကြီးစိတ်ပူရတယ်။ လက်ဖက်ရည်ဆိုင် ရောက်သွားသလား၊ လက်ဖက်ရည်ဆိုင်ဆိုရင်သိပ်မဆိုးဘူး။ လက်ဖက်ရည်ဆိုင်ကနေတဆင့် အရက်ဆိုင် ရောက်သွားသလား။ အဲဒီလိုဟာမျိုးတွေ စဉ်းစားရတယ်။ စိတ်မလေသွားစေချင်ဘူး။ လူငယ်တွေ စိတ်လေသွားလို့ရှိရင် ကျွန်မတို့နိုင်ငံအတွက် ဆုံးရှုံးမှုဖြစ်တယ်။ လူငယ်တွေအတွက်လည်း ဘဝမှာဆုံးရှုံးမှုဖြစ်နိုင်တယ်။
 
၃ မိနစ်ဆိုတဲ့ အင်မတန်မှ တိုတောင်းတဲ့အချိန်လေးအတွင်းမှာ  ဘာဖြစ်လို့ စာပေကိုချစ်မြတ်နိုးတယ်။ စာဖတ်ခြင်းဟာကိုယ့်အတွက် ဘယ်လိုအကျိုးရှိတယ်လို့မြင်သလဲ ကိုယ့်နိုင်ငံအတွက် ဘယ်လိုအကျိုးရှိနိုင် သလဲ။ အချိန်ရှိရင် ယောက်ျားလေးတွေပိုပြီးတော့ ကျောင်းပညာ၊ အတန်းပညာ၊ အသက်မွေးဝမ်းကျောင်းပဲဖြစ်ဖြစ် တက္ကသိုလ်ပဲဖြစ်ဖြစ် ပိုပြီးတော့ အဲဒီမှာ စိတ်ပါဝင်စားစွာနဲ့ သင်နိုင်အောင် ယောက်ျားလေးတွေက မိန်းကလေးတွေလောက်မထက်မြက်လို့ မဟုတ်ဘူးနော်။ စိတ်ပါဝင်စားမှုနည်းလို့ မိန်းကလေးတွေလောက် အမှတ်မများတာပေါ့။ အလွတ်ကျက်တာကိုသိပ်ဝါသနာမပါလို့ပေါ့၊ အလွတ်ကျက်တယ်ဆိုတာကလည်း ဒီစနစ်ကိုတော့ ပြောင်းရမယ်။ အလွတ်ကျက်ပြီးမှ အမှတ်ရတယ်ဆိုတဲ့စနစ်ကိုပြောင်းရမယ်။ ကိုယ့်အတွေးအခေါ်ကို ကိုယ်သုံးပိုင်ခွင့်ပေးတဲ့ စနစ်မျိုးကို ပြုစုပျိုးထောင်ရမယ်။´´ ဟု ပြောကြားသည်။
 
မောင်ကောင်းမြတ်ထက်
(ဒုတိယနှစ်ကိုရီးယားဘာသာ၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်)
စာဖတ်ဝါသနာကို ငယ်ငယ်လေးကတည်းက ပုံပြင်စာအုပ်တွေ၊ ကာတွန်းစာအုပ်တွေ ဖတ်ရင်းကတစ်ဆင့် ဝါသနာပါခဲ့ပါကြောင်း၊ ယင်းနောက် မိခင်၏ အထောက်အပံ့နှင့် စာစီစာကုံး၊ ကဗျာများဝင်ပြိုင်ပြီး၊ ထိုမှတစ်ဆင့် စာဖတ်ဝါသနာပါခဲ့တာဖြစ်ပါကြောင်း။
 
မိမိအနေဖြင့် ဆရာကြီးမြသန်းတင့်၏  ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်ဆိုသည့် စာအုပ်ကိုဖတ်ခဲ့ ပါကြောင်း၊ ထိုစာအုပ်သည် မိမိ၏အတွေးကို ပြောင်းလဲပေးနိုင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါကြောင်း၊ ထိုစာအုပ်သည် လူငယ်များ၏အားမာန်၊ လူငယ်များ၏ တက်ကြွမှုများကို ပြသထားသည့်စာအုပ်ဖြစ်ပါကြောင်း၊ ဆယ်ကျော်သက်လူငယ်များ၏ တန်ဖိုးကိုလည်း ပြသထားပါကြောင်း၊ ထိုစာအုပ်ကို ဖတ်ခြင်းအားဖြင့် လူငယ်နှင့် လူကြီးကြားတွင် ဖြစ်တတ်သည့်ပြဿနာများကိုလည်း တွေ့ရပါကြောင်း၊  လူငယ်များ၏အမြင်နှင့် လူကြီးများ၏အမြင် မတူသည့်အခါ ဖြစ်ပေါ်လာသည့်ပြဿနာများကို တွေ့ရပါကြောင်း။
 
ယင်းပြဿနာများကို မည်သို့ဖြေရှင်းသင့်သည်၊ လူငယ်တွေဘက်က မည်သို့တွေးသင့်သည်၊ လူကြီးများရှုထောင့်က မည်သို့ကြည့်ကြမည်ဆိုသည်ကို ယင်းစာအုပ်ကပြသထားပါကြောင်း၊ ယင်းစာအုပ်သည် လူငယ်များ၏ အတွေးအခေါ်များကို ပြောင်းပေးနိုင်ပါကြောင်း၊ စာအုပ်တစ်အုပ် ဖတ်နေသည့်အချိန်တွင် ဘဝအမောများမရှိတော့ဘဲ  စာအုပ်ထဲတွင်စီးမျောရင်း စာအုပ်ကပေးချင်သည့် ရသကိုရပါကြောင်း၊ စာအုပ်ကပေးချင်သည့် သတင်းစကားကိုလည်းရပါကြောင်း၊ ထို့ကြောင့် စာအုပ်ဖတ်ရခြင်းကို ချစ်ခင်မြတ်နိုးပါကြောင်း ဆွေးနွေးသည်။
 
မခင်ရတနာထွန်း
(စတုတ္ထနှစ် အီလက်ထရွန်းနစ်အင်ဂျင်နီယာ ၊ နည်းပညာတက္ကသိုလ်-မန္တလေး)
မိမိအနေဖြင့် ရသစာပေနှင့် သုတစာပေတွင် ရသစာပေကို ပိုပြီးကြိုက်နှစ်သက် ပါကြောင်း၊ ငယ်ငယ်က တည်းက စာဖတ်ခဲ့ပါကြောင်း၊ အခုထိလည်း အချိန်အားရင်စာဖတ်ပါကြောင်း၊ အကြိုက်ဆုံးစာရေးဆရာများစွာ ရှိပါကြောင်း၊ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာအုပ်များကို ပထမဦးဆုံးဖတ်ခဲ့ပါကြောင်း၊ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ နွေကန္တာဦးဝတ္ထုကို ကြေးမုံသတင်းစာတွင် တစ်ရက်တစ်ပိုင်းပါသည်မှအစပြု၍ ဝတ္ထုစပြီးဖတ်ခဲ့ပါကြောင်း၊ မိမိအနေဖြင့် ခေတ်စနစ်နှင့် လူ့သဘောများကိုဖော်ပြသည့် ဝတ္ထုများ ဖတ်ရသည်ကို အကြိုက်ဆုံးဖြစ်ပါကြောင်း ဆွေးနွေးသည်။
 
မချိုချိုငြိမ်းသာ
(တတိယနှစ်ဆေးဘက်ဆိုင်ရာ ခန္ဓာသန်စွမ်းမှုနည်းပညာ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်)
ငယ်ငယ်လေးကတည်းက စာဖတ်ခဲ့ပါကြောင်း၊ ငယ်ငယ်ကတည်းက အထိမ်းအမှတ်ပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ ပြိုင်ရန်အတွက် စာကိုကြိုပြီးဖတ်လေ့ရှိခဲ့ပါကြောင်း၊ ဆယ်တန်းအောင်ပြီးသည့်အခါ စာကိုဖတ်ရမည်ဆိုသည့် အသိရောက်ခဲ့ပါကြောင်း၊ စပြီးဖတ်ခဲ့သည့်စာအုပ်မှာ ဆရာချစ်ဦးညို၏ လင်္ကာဒီပချစ်သူစာအုပ်ဖြစ်ပါကြောင်း၊ ယင်းစာအုပ်ကိုဖတ်ပြီး ဆရာ၏ မတူညီသည့် အမြင်တစ်ခုကို ရခဲ့ပါကြောင်း၊ စာအုပ်ဖတ်ပြီးသည့်အခါ ဆရာ၏စာပေအပေါ် သီဖွဲ့ပုံနှင့် စိတ်ကူးများကိုကြိုက်ခဲ့ပါကြောင်း။
 
အသက် ၁၈ နှစ်ကျော်လာသည့်အခါ ဆရာမဂျူး၏စာများကို ဖတ်ဖြစ်လာပါကြောင်း၊ မိန်းကလေးတစ်ယောက်တွင် ရှိသင့်သည့် စိတ်ဓာတ်ခွန်အားများကို ရလာခဲ့ပါကြောင်း၊  ဦးနှောက်ဖြင့် စဉ်းစားခြင်းနှင့် နှလုံးသားဖြင့်ဆုံးဖြတ်ခြင်းသည် မည်သည့်အရာက ပိုပြီးအဆင်ပြေမည်ဆိုသည်ကို လေ့လာလိုပါကြောင်း ဆွေးနွေးသည်။
 
မဂျေးနက်
(ဒုတိယနှစ်ဂုဏ်ထူးတန်းနိုင်ငံတကာဆက်ဆံရေး၊ ရတနာပုံတက္ကသိုလ်)
စာဖတ်ဝါသနာကို ကိုးတန်းနောက်ပိုင်းမှ ဝါသနာပါလာခြင်းဖြစ်ကြောင်း၊ မူဆယ်မြို့အထက- (၁) ၌ စာကြည့်တိုက် စတင်လာဖွင့်သည့်အချိန် စာကြည့်တိုက်တွင် မဂ္ဂဇင်းများ၊ ကာတွန်းများဖတ်ရင်းနှင့် စာဖတ်ဝါသနာပါလာပါကြောင်း၊ စာဖတ်နေချိန်တွင် မိမိ၏ စိတ်အမောများပြေပြီး  စာထဲတွင် စီးမျောသွားပါကြောင်း၊  ရသစာပေဝတ္ထုဖတ်ရှုသည့် အချိန်တွင်  တဖြည်းဖြည်းဖတ်ရင်း ဖတ်ရင်းနှင့် ဇာတ်ရှိန် တက်သွားသည့်အခါ မိမိ၏ စိတ်များအကြောင်းအရာတွင် မျောပါသွားပါကြောင်း၊ နောက်ပိုင်းတွင် နိုင်ငံရေး စာပေများ ဖတ်ဖြစ်ပါကြောင်း၊  နိုင်ငံရေးစာပေများ ဖတ်ရှုလေ့လာရခြင်းကို သဘောကျလာပါကြောင်း ဆွေးနွေးသည်။
 
မောင်ငြိမ်းကိုလွင်
(အလုပ်သင်ဆရာဝန်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်)          
နိုင်ငံရေးစာပေတွေ ဖတ်မယ့်အစား ရသစာပေများ ပိုဖတ်သင့်သည်ဆိုသည့် အချက်ဖြစ်ပါကြောင်း၊ ဂျူး၏ “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” ဆိုသည့်စာအုပ်သည် အချစ်ဝတ္ထုသက်သက်ဟု ထင်ကြပါကြောင်း၊ ဇာတ်လမ်းအရ ချစ်ကြသည့်သူများအနေဖြင့်  တစ်ယောက်နှင့် တစ်ယောက်နားလည်မှု မရှိကြသည့်အခါ၊ တစ်ယောက်ကို တစ်ယောက် အလျော့ပေးဖို့ မဆုံးဖြတ်ကြသည့်အခါမှာ လမ်းခွဲရသည့်အခြေအနေ ရောက်သွားပါကြောင်း၊ ယင်းဇာတ်လမ်း၏ သင်ခန်းစာမှာ နိုင်ငံတွင် ဖြစ်ပျက်နေသည့်  ငြိမ်းချမ်းရေးကိစ္စနှင့် အတူတူပင်ဖြစ်ပါကြောင်း၊ တစ်ဖက်နှင့် တစ်ဖက်လျှော့သင့်သည်များကို လျှော့ရမည်ဟုထင်ပါကြောင်း၊ ယင်းသို့ လျှော့လ်ိုကခြင်းသည် အရှုံးပေးလိုက်ခြင်းမဟုတ်ပါကြောင်း၊ ရသစာပေဖတ်ရင်း လူများ၏ စိတ်ဓာတ်၊ လူများ၏ စိတ်နှလုံးသားကို ခံစားမိသည်ဟု ယူဆပါကြောင်း။
 
နောက်တစ်ခုပြောကြားလိုသည်မှာ စာစီစာကုံး ကိစ္စဖြစ်ပါကြောင်း၊ ကလေးများက စာစီစာကုံး(၇)အုပ်၊ (၈)အုပ်ကိုဝယ်လာပါကြောင်း၊ ဝယ်ပြီး ဖြတ်ညှပ်ကတ်လုပ်ကြပါကြောင်း။ 
 
စု၊ တု၊ ပြု ဆိုတာရှိပါကြောင်း၊ စုတာ ပြုတာကောင်းပါကြောင်း၊ စု၊ တု၊ ဖန်တီးပါမှ ကလေးများသည် အတွေးအမြင်သစ်များ ဖန်တီးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဖြစ်စေချင်သည်မှာ ငယ်ဘဝကတည်းက ကလေးများကို အမူကျင့်ကောင်းများ လုပ်ရန်ဆိုပါက စာစီစာကုံးက အခြေခံရမည် ဖြစ်ပါကြောင်း၊ စာစီစာကုံးကို မိမိ Level နှင့်ကိုက်သည့် စာစီစာကုံးများ ရေးနိုင်မည်ဆိုပါက ကလေးများအတွက်၊ မြန်မာစာအတွက် ကောင်းမွန်ပြီး ၎င်းတို့၏ အတွေး အခေါ်အပိုင်းလည်း ပိုထက်မြက်မည်ဟု ထင်မိပါကြောင်း ဆွေးနွေးသည်။
 
မောင်စိုးပြည့်
(တတိယနှစ် ဂုဏ်ထူးတန်းနိုင်ငံတကာဆက်ဆံရေး၊ ရတနာပုံတက္ကသိုလ်မှ)
စာဖတ်ရခြင်းကို ကြိုက်နှစ်သက်ခြင်းမှာစာဖတ်ခြင်းဖြင့် မိမိဘဝတစ်ခုလုံးကို ပြောင်းလဲစေခဲ့၍ ဖြစ်ပါကြောင်း၊ မိမိသည် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှ ရွာလေးတစ်ရွာမှ ကျောင်းတက်ရပါကြောင်း၊  ကျေးရွာတွင်  စာကြည့်တိုက်ငယ်လေးတစ်ခုရှိပြီး စာအုပ်များ မပြည့်စုံသော်လည်း   ကာတွန်းစာအုပ်၊ ဝတ္ထုစာအုပ်  တော်တော်များများ ရှိပါကြောင်း၊ မိမိ၏ ဖခင်သည် ၂ဝဝ၈ ခုနှစ်တွင် ဆုံးသွားသည့်နောက်ပိုင်း  စာအုပ်များကို ပိုဖတ်ဖြစ်ခဲ့ပါကြောင်း၊ အကြိုက်ဆုံးစာအုပ်မှာ ဆရာမြသန်းတင့်၏ ဓားတောင်ကိုကျော်၍  မီးပင်လယ်ကိုဖြတ်မည်ဆိုသည့် စာအုပ်ကိုဖတ်ပြီးအခက်အခဲကြုံတိုင်း ယင်းစာအုပ်ကိုဖတ်ပြီး ဘဝကို ရှေ့ဆက်ခဲ့ပါကြောင်း။
 
ဆရာမြသန်းတင့်၏စာအုပ်တွင် ပင်လယ်ပြင်တွင် ကြုံတွေ့ခဲ့ရသည့် ပြဿနာများကို အခြေခံပြီးဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်ဆိုသည့်စာအုပ်ကို ရေးထားခြင်းဖြစ် ပါကြောင်း၊ ၎င်းတို့၏ ဘဝနှင့်ရင်းပြီးတွေ့ကြုံခဲ့ရသည့် ခံစားချက်များကိုဖတ်ရှုပြီးဘဝတွင် ကြုံတွေ့ခဲ့ရသည့် ပြဿနာများကို  ယင်းအတွေ့အကြုံများနှင့်နှိုင်းယှဉ်ပြီး မိမိတို့ဘဝတွင် မည်သို့ကောင်းအောင် ရှေ့ဆက်မည်ဆိုသည့် အတွေးများရပြီး စာဖတ်ရတာကိုပိုပြီးတော့ နှစ်သက်လာပါကြောင်း ဆွေးနွေးသည်။ 
 
မောင်စိုင်းပန့်နော်ဆိုင်
(ဒုတိယနှစ်ကွန်ပျူတာနည်းပညာ၊ မန္တလေးကွန်ပျူတာတက္ကသိုလ်)
စာပေဖတ်ခြင်းအားဖြင့် အသိပညာ၊ အတတ်ပညာများ များစွာပေးစွမ်းနိုင်ပါကြောင်း၊  မိမိတို့လိုအပ်သည့် အသိပညာများကို စာအုပ်များတွင် ရှာ၍ရန်ိုငပါကြောင်း၊ ဘဝအတွက် စာအုပ်များမှနေ၍  ဆက်လျှောက်သွားမည့် Motivation များကိုလည်း ပေးပါကြောင်း၊ လူငယ်များ အားလုံးလည်း စာဖတ်သင့်ပါကြောင်း၊ မိမိတို့ မျိုးဆက်တွင်ဖြစ်နေသည့် ပြဿနာတစ်ခုမှာ Digital Device ၊ Mobile Device များ ပေါ်လာသည့်အခါ  ဖတ်နိုင်သည့် အရင်းအမြစ်များ ပေါပေါများများရနိုင်လာပါကြောင်း၊ ထို့ကြောင့် စာဖတ်သည့်အင်အား နည်းနည်းလျော့သွားစေသည်ဟု မြင်မိပါကြောင်း၊ မိမိအနေဖြင့် သုတစာပေများဖတ်ပါကြောင်း။
 
နိုင်ငံတော်တည်ဆောက်ရာတွင်   အတတ်ပညာ လိုအပ်ပါကြောင်း၊ လိုအပ်သည့်အရာကို စာအုပ်များမှ ရနိုင်ပါကြောင်း၊ ဆရာကြီး မြသန်းတင့်သည် မိမိတို့နိုင်ငံနှင့် ကိုက်ညီမည့် အကြောင်းများကို ဘာသာပြန်ပေးန်ိုငပါကြောင်း၊ နိုင်ငံတွင်ရှိသည့်ပညာရှင်များကို အကြံပေးလိုသည်မှာ မိမိတို့လူငယ်များအတွက် သုတစာပေများ ရေးပေးရန် အကြံပြုပါကြောင်း။
 
မိမိသည် ကဗျာကို အလွန်စိတ်ဝင်းစားပါကြောင်း၊ ကျောင်းများတွင် ကဗျာကို အလွတ်ကျက်ခိုင်းကြပါကြောင်း၊ ထိုသို့ အလွတ်ကျက်ခြင်းသည် ကဗျာ၏ ခံစားမှု၊ ကဗျာ၏ ရသ မပေါ်လွင်သည်ဟု မြင်မိပါကြောင်း ဆွေးနွေးသည်။ 
 
မစုမြတ်ဝတီအောင်
(စတုတ္ထနှစ် အင်္ဂလိပ်စာ၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်)
စာဖတ်ရာတွင် ရသစာပေကို ပိုပြီးဖတ်ဖြစ်ပါကြောင်း၊ ဆရာမ မစန္ဒာ၏ ဘဝအိပ်မက် ပန်းအိပ်မက်ဆိုသည့်စာအုပ်ကို ဖတ်လိုက်ရာတွင်  မိမိခံယူချက် လုံးဝကိုပြောင်း သွားပါကြောင်း၊  ယင်းစာအုပ်တွင်  သားသမီးများ  နိုင်ငံခြားကိုထွက်သွားသဖြင့်  အထီးကျန်ဆန်နေရသည့် ဦးဘပွား၏ အကြောင်းကို ရေးသားထားပါကြောင်း၊ လူကြီးတစ်ယောက်ခံစားရသည့် အထီးကျန်မှုကို လုံးဝခံစားနိုင်ပါကြောင်း။ ဒါကို ရသစာပေကသာ လုပ်နိုင်သည်ဟု ထင်ပါကြောင်း။
 
ယင်းစာအုပ်သည် မိမိအတွေးအခေါ်ကို လုံးဝပြောင်းလဲသွားစေပါကြောင်း၊ လူကြီးများ၏ အထီးကျန်မှုကို စာနာသွားန်ိုင်ပြီး  မိမိ၏ဘေးတွင် တန်ဖိုးထားရမည့် သူများကိုလည်း တန်ဖိုးထားရကောင်းမှန်း သိလာပါကြောင်း၊ မိမိဘဝ၏ အတွေးအခေါ် တော်တော်များများကို ရသစာပေများက ပြောင်းလဲပေးန်ိုငခဲ့ပါကြောင်း၊  ထို့ကြောင့် ရသစာပေသည် အရေးပါသည်ဟု ထင်မြင်မိပါကြောင်း ဆွေးနွေးသည်။
 
မဆောင်းမွန်မွန်ကို
(အီလက်ထရွန်နစ် အင်ဂျင်နီယာ၊ မန္တလေးနည်းပညာတက္ကသိုလ်)
ငယ်ငယ်ကတည်းက မိခင်က ရုပ်ပြစာအုပ်များဝယ်ပေးသည့်အတွက် စာဖတ်သည့် အကျင့်ရလာပါကြောင်း၊ စာအုပ်ကို လွန်စွာမြတ်နိုးပါကြောင်း၊ အခုအချိန်တွင် အမြဲတမ်းမိမိနှင့်အတူ စာအုပ်တစ်အုပ် အမြဲတမ်းပါကြောင်း၊ အားလပ်သည့် အချိန်များတွင် ယင်းစာအုပ်များက်ို ဖတ်ဖြစ်ပါကြောင်း၊ ကြီးလာသည့်အခါ အတ္ထုပ္ပတ္တိ များကိုဖတ်ဖြစ်ပါကြောင်း၊ အတ္ထုပ္ပတ္တိများကို ဖတ်ခြင်းအားဖြင့် လူအမျိုးမျိုး၏အကြောင်းအရာကို ကိုယ်ကသိရပြီး သင်ခန်းစာ အများကြီးရပါကြောင်း၊ လူငယ်များအနေဖြင့် ကိုယ့်လိုအင်ဆန္ဒ၊ ရည်ရွယ်ချက်များကို မိမိကသာလျှင် အဓိကဇာတ်ဆောင် အနေဖြင့် ဖော်ကျူးနိုင်ရမည်ဖြစ်ပါကြောင်း၊ 
မိမိအနေဖြင့် စာပေကိုဖတ်ရင်း မိမိ၏ နှလုံးသားအာဟာရကို ဖြည့်စွက်ရင်းနှင့် မိမိ၏ ဦးနှောက်ကိုလည်း လေ့ကျင့်ခန်းလုပ်နေသည်ဟု ခံစားရပါကြောင်း၊ ယင်းအချိန်တွင် စာဖတ်ခြင်းကို တော်တော်နှစ်ခြိုက်လာပြီး အမြဲတမ်း အားလပ်အချိန်တိုင်း စာဖတ်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
 
မနန္ဒာလမင်းအေး
(ကွန်ပျူတာသိပ္ပံအင်ဂျင်နီယာ၊ မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်)
ငယ်ငယ်တုန်းက အထက်တန်းကျောင်းများတွင် ယောင်္ကျားလေး တော်တော်များများသည်  ကျောင်းစာတွင် တော်ကြပါကြောင်း၊ တက္ကသိုလ်ရောက်သည့်အခါတွင် ပြောင်းလဲသွားကြပါကြောင်း၊ မိဘ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားသလို ဖြစ်သွားကြပါကြောင်း၊ ၎င်းတို့မှာ ကျောင်းစာအပြင်  ဂိမ်းဆိုင်များသို့ သွားကြသည်ကို မြင်ပါကြောင်း၊ ယောက်ျားလေး ၁၀ ယောက်တွင် ၈ ယောက်လောက်မှာ ဂိမ်းများကို မစား မသောက်ဘဲ မအိပ်ဘဲဆော့ကြပါကြောင်း၊ သူတို့၏ ကျောင်းစာများ လစ်ဟင်းလာပါကြောင်း၊ ၎င်းတို့၏  မြင့်မားသည့် တွေးခေါ်မှုများကိုလည်း ဆုံးရှုံးစေပါကြောင်း။
 
၎င်းတို့အနေဖြင့် ဂိမ်းဆိုင်သို့မသွားဘဲ စာကြည့်တိုက်များသို့သွားခဲ့မည်ဆိုပါက  အခွင့်အလမ်းများ ပိုမိုများလာပြီး မိဘများကလည်း စိတ်ကျေနပ်မှု ရလာမည်ဟု ထင်ပါကြောင်း၊ ဆရာကြီး မြသန်းတင့်ရေးထားသည့် လေလွင့်သူဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်ရန် ပြောချင်ပါကြောင်း။
အဓိကအားဖြင့် ယောက်ျားလေးများ ကျောင်းစာတွင် မတော်သည်မှာ စာကြည့် တိုက် မသွားဘဲ ဂိမ်းဆိုင်များသို့ သွားခြင်းကြောင့်ဟု မြင်ပါကြောင်း၊ ဂိမ်းဆိုင်များကို အခွန်အခများစွာ ကောက်ပြီး ထိန်းချုပ်သင့်သည်ဟု ထင်မြင်မိပါကြောင်း ဆွေးနွေးသည်။
မပပလင်း
(တတိယနှစ်ဆေးဝါးသိပ္ပံပညာ၊ ဆေးဝါးတက္ကသိုလ်)
ဆရာတစ်ဦးကပြောပါကြောင်း၊ လူတစ်ယောက်အသက်ရှင်ရန် နှလုံးသားနှင့် ဦးနှောက်သည် Balance ညီရမည်ဖြစ်ပြီး ဦးနှောက်သေသွားပါက အလိုလို နှလုံးခုန်နှုန်းက ရပ်တန့်သွားပြီး နှလုံးသားကရှင်သန်သော်လည်း ဦးနှောက်က သေသွားပြီဆိုပါက လူတစ်ယောက်သည် ကောင်းကောင်းမရှင်သန်နိုင်ပါကြောင်း၊ လောကကြီးတွင် အသက်ရှင် နေထိုင်နိုင်ရေး နှလုံးသားအတွက် ရသစာပေ၊ ဦးနှောက်အတွက် သုတစာပေ နှစ်ခုစလုံး လိုအပ်သည်ကို ဆွေးနွေးချင်ပါကြောင်း။
 
ရသစာပေသည် လူတစ်ယောက်ကို ကြီးမြတ်စေနိုင်ပြီး နှလုံးသားကို နူးညံ့စေ နိုင်ပါကြောင်း၊ ရလဒ်အနေဖြင့် နိုင်ငံတွင် မှုခင်းဖြစ်ပွားမှု ပြဿနာများလျော့နည်း နိုင်သည်ဟုယုံကြည်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးက မှုခင်းပြဿနာများကို နည်းနိုင်သမျှနည်းအောင် ကုသပေးသည်ဆိုပါက ရသစာပေဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းသည် လူတစ်ယောက်၏ နှလုံးသားကို အစကတည်းက မကောင်းတာ မလုပ်မိအောင်၊ နူးညံ့အောင် သင်ကြားပေးလိုက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံအေးချမ်းသာယာရန် ထိုထက်မက ငြိမ်းချမ်းရန်အတွက် ရသစာပေဖွံ့ဖြိုးမှုသည် အရေးကြီးသည့်  အခန်းကဏ္ဍက ပါဝင်သည်ဟု မြင်ပါကြောင်း ဆွေးနွေးသည်။
 
မပန်ဆုပြည့်အိမ်
(မဟာအရည်အချင်းစစ် နိုင်ငံရေးသိပ္ပံအထူးပြု၊ မန္တလေးတက္ကသိုလ်)
ဆရာကြီးပါရဂူ၏ ဝေသာလီစာအုပ်သည် တရားဓမ္မ၏ အနှစ်သာရများကို သီကုံးရေးဖွဲ့ထားပါကြောင်း၊ နောက် ဖခင်တစ်ယောက်၏ မေတ္တာတရားကိုလည်းခံစားရပါကြောင်း၊ နိုင်ငံကြီးနှစ်ခု၏ စနစ်နှစ်ခုကို နှိုင်းယှဉ်ရေးထားသည့်အတွက် နိုင်ငံရေးစနစ်၏ အခြေခံသဘော တရားများကို ကောင်းကောင်းမွန်မွန် နားလည်စေသည့် စာအုပ်ဖြစ်သည့်အတွက် ရင်ထဲတွင် ကျန်ခဲ့သည့် စာအုပ်တစ်အုပ်ပါကြောင်း၊ နိုင်ငံတစ်ခုဖြစ်သည့် ဝေသာလီနိုင်ငံသည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ပုံစံမျိုး ကျင့်သုံးပါကြောင်း။
 
မာဂရပြည်သည် ပဒေသရာဇ်စနစ်ကို ကျင့်သုံးပါကြောင်း၊ ယင်းစနစ်နှစ်ခုတွင် အားလုံးအတွက် စံပြဖြစ်သည့်စနစ်က ဝေသာလီန်ိုင်ငံ၏ အုပ်ချုပ်ရေးစနစ်ဖြစ်ပါကြောင်း၊ ပြည်သူဆိုတာလည်းမရှိ၊ အစိုးရဆိုတာလည်းမရှိ၊ အားလုံးက ပြည်သူ၊ အားလုံးက အစိုးရဖြစ်ပါကြောင်း၊ ယင်းန်ိုင်ငံအတွင်းရှိ သူတွေအားလုံး မကြာခဏစည်းဝေးတိုင်ပင်ပြီး ညှိညှိနှိုင်းနှိုင်း ဆောင်ရွက် ကြပါကြောင်း။
 
အများသဘောတူထားသည့် ဆန္ဒကို အနည်းစုက မကြိုက်သော်လည်း အားလုံး တက်ညီ လက်ညီ၊ တာဝန်သိ နိုင်ငံသားများအနေဖြင့် လုပ်ဆောင်ကြပါကြောင်း၊ ဝေသာလီနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်သည် ခိုင်ခံ့ကောင်းမွန်သည့်တွက် အင်အားကြီးနိုင်ငံ မာဂရက ဘယ်လိုပင် တိုက်ခိုက်တိုက်ခိုက် မအောင်မြင်ပါကြောင်း၊ ဘာကြောင့်ဆိုသော် ကောင်းမွန်သည့်နိုင်ငံရေး စနစ်၊ တာဝန်သိတတ်သည့် ပြည်သူများ၊ အကျိုးဆောင်စိတ်ရှိသည့် နိုင်ငံ့ခေါင်းဆောင်များကြောင့် ဖြစ်သည်ဆိုသည့် နိုင်ငံရေးစနစ်တစ်ခုကို သိသိသာသာမှတ်သားမိပါကြောင်း ဆွေးနွေးသည်။
 
မဖြိုးဖြိုးသန္တာလွင်
(ဒုတိယနှစ်ဂုဏ်ထူးတန်း(ဂီတ)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်)
ငယ်ငယ်ကစပြီး ကာတွန်း၊ ညအိပ်ယာဝင်ပုံပြင်များ ဖတ်ရာမှ စာဖတ်ဝါသနာပါခဲ့ပါကြောင်း၊ စာဖတ်ရာတွင်လည်း စိတ်ဝင်စားသည့် စာပေများကိုသာ ရွှေးချယ်ပြီးဖတ်ပါကြောင်း၊ မိမိကိုအားပေးသည့် စာအုပ်များမှာ ဆရာမိုးရှင်း၏  သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့၊ ဆရာကောင်းသန့်ရဲ့ သမီးလေးဖတ်ဖို့  စာအုပ်များဖြစ်ပြီး ယင်းစာအုပ်များသည် စာပေကို ပိုပြီးချစ်မြတ်နိုးလာစေပါကြောင်း၊  စာပေဖတ်ခြင်းသည် လူများ၏စိတ်ကို ယဉ်ကျေးအောင်ဆုံးမသွန်သင်နိုင်ပါကြောင်း၊ တစ်ယောက်ချင်းက စာပေကို ဖတ်ရှုလေ့လာကြပြီး လူအားလုံးက  ၎င်းတို့၏စိတ်ကို  စာပေများနှင့် ယဉ်ကျေးအောင် လုပ်ထားမည်ဆိုပါက ငြိမ်းချမ်းမှုဆိုသည်မှာ အားလုံး၏  လက်တကမ်းတွင် ရှိမည်ဟု ထင်မြင်ကြောင်း ဆွေးနွေးသည်။
 
မောင်လင်းထက်လွင်
(နောက်ဆုံးအမ်ဘီဘီ အပိုင်း(ခ)၊ ဆေးတက္ကသိုလ်)
မိမိသည် စာဖတ်တတ်စအရွယ်ကတည်းက စာဖတ်ဝါသနာထုံခဲ့သူမဟုတ်ပါကြောင်း၊ သို့သော် သိချင်သည့် အချက်အလက်များ သိရဖို့အတွက် ခံစားသည့် အရာများ၊ ခံစားချင်သည့်အတွက် စာဖတ်ဖြစ်ပါကြောင်း၊ မိမိ၏ အသိုင်းအဝိုင်းကြောင့် ၎င်းတို့ပြောသည့် အကြောင်းအရာများကို သိချင်ခံစားချင်ပြီး စာဖတ်ဖြစ်ပါကြောင်း၊ လက်ရှိတက္ကသိုလ် ရောက်လာသည့် အချိန်တွင်လည်း အသိုင်းအဝိုင်းတစ်ခုတွေ့မိပါကြောင်း၊ ယင်းအသိုင်းအဝိုင်းကြောင့်လည်း စာများကိုအရင်ကထက် ပိုပြီးဖတ်ဖြစ်လာပါကြောင်း၊ စာဖတ်ဝိုင်းသာမက အခြားသောဂီတနှင့်ပတ်သက်ပြီး သီချင်းကို ဘယ်လိုမြင်သည်၊ ဘယ်လိုကောင်းသည် ဆိုသည်ကို ပြန်ဆွေးနွေးသည့် အသိုင်းအဝိုင်းလေးတစ်ခု ဖြစ်ပါကြောင်း။
 
မေတ္တာရပ်ခံလိုသည်မှာ ကျောင်းတိုင်း ကျောင်းတိုင်းတွင် အသိုင်းအဝိုင်းများပိုပြီး အားကောင်းလာအောင်၊ ဝါသနာတူရာ စုဖွဲ့ထားသည့် အစုအဖွဲ့များ၊ ကျောင်းသားများ ကိုယ်တိုင်ဦးဆောင်နေသည့် အစုအဖွဲ့များ  ပိုပြီးအားကောင်းလာအောင် လုပ်စေလိုပါကြောင်း၊  နောက်တစ်ခုမှာ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းများကို ကျောင်းတာဝန်ရှိသူများ၊ အစိုးရတာဝန်ရှိသူများအနေဖြင့်အသိုက်အဝန်းများကို ပိုပြီးတော့ အားကောင်း လာအောင် မြေတောင်မြှောက်ပေးသင့်ပါကြောင်း ဆွေးနွေးသည်။
 
မောင်ဝင်းသီဟ
(တတိယနှစ်သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)၊ သူနာပြုတက္ကသိုလ်)
မိမိသည် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ကျေးရွာတစ်ရွာမှ ကျောင်းသား တစ်ယောက်ဖြစ်ပါကြောင်း၊ ကျေးရွာ ဖြစ်သည့်အတွက်စာအုပ် ရရှိရန် ခက်ခဲပါကြောင်း၊ သို့သော် ရသမျှစာအုပ်များ အားလုံးကို ဖတ်ရှုခဲ့ပါကြောင်း၊ ကိုးတန်း၊ ဆယ်တန်းရောက် ရှိသည့်အခါ ကဗျာများ စတင်ဖတ်ရှုပါကြောင်း၊ ထိုအချိန်မှ စ၍ ယခုတက္ကသိုလ်ရောက်သည့် အချိန်အထိ ကဗျာများ၊ ကဗျာဆိုင်ရာအရေးအသားများကို စွဲစွဲလန်းလန်း ဖတ်ရှုဖြစ်ပါကြောင်း။
 
ကဗျာနှင့်ပတ်သက်၍ ဆွေးနွေးလိုပါကြောင်း၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ မြန်မာစာအုပ်များတွင် ဆုံးမစာကဗျာများမှစ၍ ရတုတေးထပ်အထိ ကဗျာမျိုးစုံပါဝင်ပါကြောင်း၊ ကဗျာများစွာ သင်ယူကျက်မှတ်ခဲ့ရပါကြောင်း၊ ယခုခေတ်တွင် ဖွံ့ဖြိုးနေသည့် မော်ဒန်ခေါ် ခေတ်ပေါ်ကဗျာများအား မိမိတို့ကျောင်းသားများအနေဖြင့် သင်ယူရန် မထိုက်တန်ဘူး လားဆိုသည်ကို သိလိုပါကြောင်း၊ 
 
ယခင်ကဗျာများကို ဖြုတ်ပြစ်ရမည်ဟု မဆိုလိုပါကြောင်း၊ မထည့်သင့်ဘူးဟူ၍လည်း မဆိုလိုပါကြောင်း၊ မိမိတို့၏ခေတ်ကာလအခြေ အနေကို လူငယ်များ၏ ပစ္စုပ္ပန်ကာလအမြင်ဖြင့် တွေ့မြင်ရမည်ဟု ဆိုလိုခြင်းဖြစ်ပါကြောင်း၊ လူငယ်များကို လက်ရှိအမြင်ဖြစ် ကင်းကွာအောင် မလုပ်သင့်ဟု ထင်မြင်မိပါကြောင်း  ဆွေးနွေးသည်။
 
မောင်သန့်ဇင်
(ဒုတိယနှစ် အင်္ဂလိပ်စာအထူးပြု၊ မန္တလေးတက္ကသိုလ်)
မိမိအနေဖြင့် ဆရာတက်တိုး၏ ဆောင်းပါးတစ်ပုဒ်ကို ဆွေးနွေးလိုပါကြောင်း၊ ဆောင်းပါးတွင် အသက်လေးဆယ်အရွယ် သားတစ်ယောက်နှင့် နာမကျန်းဖြစ်နေသည့် ဖခင်တစ်ယောက်ရှိပြီး ဖခင်သေဆုံးခံနီးမှ သူနာပြုတစ်ယောက်ခေါ်ယူ၍ ဖခင်အား ပြုစုနိုင်ခဲ့ပါကြောင်း၊ သို့သော် သူနာပြုခေါ်ယူပြီး  လေးငါးရက်အကြာ ဖခင်သေဆုံးသွားပြီး ဖခင်၏ ဈာပနာအတွက် သောကမရောက်ရဘဲ ဆေးဖိုးအတွက် သောကရောက်နေရပါကြောင်း၊ ဖခင်အတွက် မပူပင်ဘဲ ပိုက်ဆံအတွက် ပူပင်နေသည့်သားကို အပြစ်တင်ရ မလား။ လေးငါးရက်နေပြီး သေဆုံးသွားသည့်ဖခင်ကို အပြစ်တင်ရမလား စသည်ဖြင့် ရှုထောင့်များကွဲသွားပါကြောင်း၊ ထိုအရာကို ဖတ်ရှု၍ အကြောင်းအရာတစ်ခုကို တွေးသည့်အခါ ရှုထောင့်ပေါင်းစုံမှ စဉ်းစားတွေးခေါ်သင့်သည်ဆိုသည့် အသိပညာကို ရရှိခဲ့ပါကြောင်း၊ ဆရာတက်တိုး ရေးသားသကဲ့သို့ အိပ်စက်ခြင်း၏အရသာကို နိုးမှ သိသလို၊ စာအုပ်တစ်အုပ်၏ အရသာကို စာဖတ်ပြီးမှ သိရှိပါကြောင်း၊ စာအုပ်တစ်အုပ်၏ အရသာကို သိရှိရန် စာဖတ်ပြီးသည့်အခါ တွေးတောခြင်းကို ဆောင်ရွက်ကြရန် အကြံပေးလိုပါကြောင်း ဆွေးနွေးသည်။
 
မောင်အောင်ကောင်းမြတ်ထွန်း
(ပထမနှစ်ဆေးဝါးသိပ္ပံပညာအထူးပြု၊ ဆေးဝါးတက္ကသိုလ်)
ဆဋ္ဌမတန်းတွင်ပါရှိသည့် ထိပ်ဆုံးသို့ဆိုသည့် ကဗျာက မိမိ၏ စိတ်အဟာရကို ပေးစွမ်းခြင်း ဖြစ်ပါကြောင်း၊ ယင်းကဗျာသည် ဘယ်လောက်ပင် ကျရှုံး၊ ကျရှုံး တစ်နေ့ ထိပ်ဆုံးသို့ ရောက်မည်ဆိုသည့် ပတ်ဝန်းကျင်တွင်ရှိသည့် အနေအထားအားလုံးကို ခြံရံပြီး မိမိတို့ကို အကောင်းဆုံး ကြိုးစားရမည်ဆိုသည့်အသိရစေပြီး စာစပြီးဖတ်ရန် ခွန်းအားပေးခဲ့တာ ဖြစ်ပါကြောင်း၊ ဆရာ ချစ်ဦးညိုရေးသားသည့် လင်္ကာဒီပချစ်သူဆိုသည့် စာအုပ်သည် မိမိ၏ အမြင်အားလုံးကို  ပြောင်းလဲစေခဲ့ပါကြောင်း။
 
ဆရာဖေမြင့်ရေးသားသည့် မည်သို့ပင်ဖြစ်စေ ဆိုသည့် စာအုပ်တွင် ကိုယ်ရှိသည့်အခြေအနေမှာပင် အကောင်းဆုံးနားလည်လက်ခံပြီး အကောင်းဆုံးကြိုးစားပါဆို သည့်စကားကို အကြိုက်ဆုံးဖြစ်ပါကြောင်း၊ ဘယ်လောက်ပင် ကျရှုံးခဲ့၊ ကျရှုံးခဲ့ နောက်တစ်ကြိမ် အကောင်းဆုံးကြိုးစားမည်ဆိုသည့် စကားကို ဆရာကြီးက အကောင်းဆုံး ခွန်အားပေးပြီး ရေးသားခဲ့သည့်အတွက် မိမိကို ရသများစွာ ပေးစွမ်းနိုင်မည့် စာအုပ်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
 
မောင်အောင်ခန့်ဇော်
(ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ၊ မန္တလေးနည်းပညာတက္ကသိုလ်)
ရသစာပေအပေါ်တွင် မိမိ၏အမြင်သည် မိမိတို့၏ စိတ်ခံစားမှု ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ ချစ်ချင်းအားလုံးကို တစ်ဖက်သူရင်ထဲသို့ ရောက်သွားအောင် စာရေးသူကရေးသည့် စာဟုမြင်ပါကြောင်း။
 
မျိုးဆက်သစ်များနှင့် ရေးသူများအကြား မျိုးဆက်တစ်ခုလောက် ပျက်သွားသည့် အချိန်တွင်ရှေးကဖြစ်ခဲ့သည့် ဖြစ်ရပ်များအပေါ်မူတည်ပြီး သိရှိနိုင်ဖို့အတွက် သမိုင်းဆိုသည်လို အပ်ပါကြောင်း၊ ဆရာမ မသီတာစမ်းချောင်း၏ စာအုပ်ထဲတွင် ထောင်တွင်း၌ ဝိပသနာတရားကို မည်သို့တရားအားထုတ်ခဲ့သလဲဆိုသည်မှာ မိမိအတွက် ရသစာပေထဲ ကရရှိခဲ့သည့် သမိုင်းဖြစ် ပါကြောင်း၊ ဆရာမ ဂျွန်စော၏ ကျောင်းသားအရေးအခင်းကိစ္စများတွင် သူတို့ဘယ်လိုမျိုး ဆောင်ရွက်ခဲ့သလဲဆိုသည်မှာ ရသစာပေထဲကရခဲ့သည့် သမိုင်းများဟုမြင်ပါကြောင်း၊ ကဗျာသည် အကြောင်းအရာ လေးလေးနက်နက်တစ်ခုကို ပြောမည်ဆိုပါက ထိထိရောက်ရောက် ပြောလို့ရနိုင်သည့် အရာတစ်ခုဟုမြင်ပါကြောင်း၊ ခေတ်ပေါ်ကဗျာများကို ကျောင်းသင်ရိုး ညွှန်တမ်းများတွင် သင်ကြားရန်အတွက် အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။
 
မောင်အောင်မြင်သူ
(စတုတ္ထနှစ်ခရီးသွားလုပ်ငန်းပညာ၊ မန္တလာဒီဂရီကောလိပ်)
ကျောင်းသားများ ကျောင်းစာပေဘက်တွင် မိန်းကလေးများထက် ဘာကြောင့် အားနည်းရသည်ကို ဆွေးနွေးလိုပါကြောင်း၊ ပထမဆုံး ပြောလိုသည်မှာ ကဗျာစာဆိုကြီးများ၊ တီထွင်သူများတွင် ယောက်ျားလေးများက မိန်းကလေးများ ထက်သာပါကြောင်း၊  ယောက်ျားလေးများ၏ မွေးကတည်းကပါလာသည့် စွမ်းရည်သည် မိန်းကလေးများထက်ကိုယ်ပိုင်တီထွင်နိုင်စွမ်း ပိုပြီးမြင့်မားပါကြောင်း၊ ယခုခေတ်တွင် ယောက်ျားလေးများသည် ဂိမ်းကဦးစားပေးလာပါကြောင်း၊ ယခုခေတ်စားသည့် ဂိမ်းများတွင် Mission များ များပါကြောင်း၊ ဦးနှောက်ကိုပိုပြီးတော့ အသုံးချမှု တွေများပါကြောင်း၊  အဖွဲ့များနှင့် ပူးပေါင်းလုပ်ရသည့်အတွက် ဂိမ်းမှာပင် နစ်မျောသွားပါကြောင်း။
 
နောက်တစ်ချက်မှာ ငယ်စဉ်အခါက မိဘများသည် ကိုယ့်သားသမီး၏ အားသာချက်ကို အသုံးချနိုင်စွမ်း မပေးကြပါကြောင်း၊ ကျောင်းစာကိုသာ လုပ်ခိုင်းကြပါကြောင်း၊ ဘောလုံးကန်၊ ဘတ်စကတ်ဘော ကစားချင်ကြသည့် ကျောင်းသားများ ကျောင်းစာကိုသာ ကျက်နေရပါကြောင်း၊ ကျက်ဖြေစနစ်တွေနှင့် မိဘမျေား၏ စွဲနေသည့်အကျင့်များကပင် ကျောင်းသားများကို ပိုပြီးအားနည်းစေခြင်းဖြစ်ပါကြောင်း။
ယခုတက္ကသိုလ်များတွင် ဖြစ်နေသည်မှာ ဘာသာတစ်ခုကိုသင်ပြီဆိုပါက ဘာသာပြန်ပေးနေကြပါကြောင်း၊ ဘာသာပြန်ရုံနှင့် မလုံလောက်ဘဲ သင်သည့်အကြောင်းအရာကို တကယ်နားလည်အောင် သင်ပေးရမည်ဖြစ်ပါကြောင်း၊  ယင်းတို့ကို ပြောင်းလဲပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
 
မောင်အောင်မြင့်မြတ်
(ပဉ္စမနှစ်လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ နည်းပညာတက္ကသိုလ်-မန္တလေး)
ယနေ့စကားဝိုင်းဆွေးနွေးပွဲတွင် အပိုင်း သုံးပိုင်းဖြင့် ဆွေးနွေးလိုပါကြောင်း၊ ပထမအပိုင်းအနေဖြင့် လူငယ်များ စာဖတ်ရန်အတွက် မည်ကဲ့သို့ ပြုစုပျိုးထောင်ပေးသင့်သည်ကိုလည်းကောင်း၊ ဒုတိယအပိုင်းတွင် လူငယ်များ စာဖတ်နှုန်း ကျသွားခြင်းနှင့် တတိယအပိုင်းတွင် စာဖတ်နှုန်းပြန်လည်မြင့်တက်လာစေရန် မည်ကဲ့သို့ ပြုပြင်သင့် သည်ဆိုသည်ကိုလည်းကောင်း ဆွေးနွေးလိုပါကြောင်း။
 
ယခုခေတ်တွင် ကလေးများသည် Youtube မှတစ်ဆင့် ကာတွန်းကားများကို ၎င်းတို့ဘာသာ ကြည့်တတ်နေကြပြီဖြစ်ပါကြောင်း၊ ထိုအရာမှာ မိဘများသည် ကလေးများအပေါ် အချိန်မပေးနိုင်သည်နှင့် ဆိုင်ပါကြောင်း၊ ငယ်ငယ်ကတည်းက စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ ကြီးသည့်အခါမှ အလေ့အကျင့် အတင်းလုပ်ယူ၍ မရပါကြောင်း၊ ထို့ကြောင့် မိဘများအနေဖြင့် ကလေးများကို ငယ်စဉ်ကတည်းက စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်စေရန် အချိန်ပေးဆောင်ရွက်သင့်ပါကြောင်း။
 
နောက်တစ်ချက်အနေဖြင့် စာပေနှင့် ပတ်သက်လာရင် ကလေးငယ်များကို ၎င်းတို့ဘာသာ ယှဉ်ပြိုင်ခိုင်းခြင်းကသာ ကောင်းမွန်ပါကြောင်း၊ သို့မဟုတ်ဘဲ မိဘများ ပါဝင်ကာ ယှဉ်ပြိုင်ခိုင်းပါက ကလေးငယ်များသည် ဘာသာရပ်အပေါ်မှာ အတင်းအကျပ်ခိုင်း၍သာ လေ့လာသင်ယူရသည့် အခြေအနေသို့ ရောက်ရှိနိုင်ပါကြောင်း။
 
ထို့ပြင် ကလေးများကို စာစီစာကုံး ရေးခိုင်းသည့်အခါ ကလေးများသည် လွယ်ကူသည့် ဈေးမြင်ကွင်း၊ ကျောင်းသွား ကျောင်းပြန် မြင်ကွင်းစသည့် ခေါင်းစဉ်များကိုပင် ကိုယ်တိုင် စဉ်းစားရေးခြင်းမဟုတ်ဘဲ စာအုပ်များထဲမှ ကောင်းနိုးရာရာ ထုတ်နုတ်ယူကြ ကြောင်း၊  လူငယ်များ စာဖတ်နိုင်ရန် ရပ်ကွက်များတွင် စာကြည့်တိုက်များ ဖွင့်လှစ်ပေးထားပါကြောင်း၊ သို့သော် စာမဖတ်ဖြစ်ကြပါကြောင်း၊ ထို့ကြောင့် လူငယ်များ အများဆုံးတည်ရှိသည့် တက္ကသိုလ်စာကြည့်တိုက်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသင့်ပါကြောင်း။
 
မိမိတို့ နည်းပညာတက္ကသိုလ် (မန္တလေး)တွင် ကျောင်းသားအင်အား ၃ဝဝ၀ ကျော်ရှိပါကြောင်း၊  စာကြည့်တိုက်မှာ ပေ ၅၀၊ ၃၅ ပေလောက်သာရှိပါကြောင်း၊ ထို့ကြောင့် ကျောင်းသား ၃ဝဝ၀ လုံးအတွက် နည်းပညာ ဗဟုသုတများရရှိရန်၊ သုတရသရရှိန်အတွက် စာပေဖတ်ရှုရန် စာအုပ်လုံလုံလောက်လောက် မရှိပါကြောင်း၊ စာဖတ်ချိန်တွင် စာမဖတ်တော့ဘဲ ဂိမ်းကစားခြင်းကို အာရုံရောက်သွားသည်များလည်း ရှိပါကြောင်း၊ ယောက်ျားလေး အများစုသည် ကဗျာကို သဘောကျနှစ်ခြိုက်ကြပါကြောင်း၊ ကဗျာသည် ပြောလိုသည့် အကြောင်းအရာကို တစ်ကြောင်း၊ တစ်ပိုဒ်တည်းဖြင့် ကျစ်လစ်စွာ ဖော်ပြထားပြီး ထို့မှတစ်ဆင့် အတွေးအခေါ်များစွာ ဖြန့်ကျက်နိုင်သည့်အတွက် ဖြစ်ပါကြောင်း။
 
ရသစာပေ တစ်ခုအားကောင်းလာပါက ဂီတအဖြစ် ပြောင်းလဲသွားပါကြောင်း၊ ဥပမာ ဆရာဇော်ဂျီ၏ ဗေဒါလမ်းကဗျာသည် ကဗျာတစ်ဆင့် သီချင်းအဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရပါကြောင်း၊ ထိုအရာကို ရသ၊ ကဗျာ၊ဂီတတို့သည် ဆက်စပ်နေသည်ဟု ထင်မြင်မိပါကြောင်း၊ မိမိအနေဖြင့် လူငယ်များအတွက် ပြည့်စုံကောင်းမွန်သည့် စာကြည့်တိုက်များ ဖန်တီးပေးနိုင်ရန် အကြံပြုလိုပါကြောင်း”ဆွေးနွေးသည် ။
 
ဆွေးနွေးချက်များအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ``စာအုပ်တစ်အုပ်ကြောင့် သူတို့ဘဝတွေ ပြောင်းလဲသွားတယ်ဆိုပြီးပြောတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေ ရှိခဲ့ပါတယ်။ တစ်ခါတလေမှာ စာအုပ်တစ်အုပ်ရဲ့ ထိမိမှုက သူတို့ရဲ့ ဘဝလမ်းကြောင်းကို ပြောင်းစေတယ်ဆိုတော့ ရသစာပေဆိုတာ ဘယ်လောက် လူသားတွေရဲ့ စိတ်ဓာတ်အပေါ်မှာ ဩဇာရှိသလဲဆိုတာကို ပြတာပဲဖြစ်တယ်။ ဒါကြောင့်လည်း ကမ္ဘာကျော်စာရေးဆရာကြီး တွေဆိုရင် သူတို့ရဲ့နိုင်ငံ၊ သူတို့ရဲ့ယဉ်ကျေးမှု ပြင်ပကိုကျော်ပြီးတော့ တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်တဲ့ အခြေအနေရှိနေတာပါ။ ရသစာပေကိုလေ့လာခြင်းအားဖြင့် အခြားလူသားတွေကိုလည်း နားလည်နိုင် ပါတယ်´´
``စာအုပ်တွေက မတူညီတဲ့အမြင်တွေကိုဖော်ပြတယ်။ လင်္ကာဒီပချစ်သူဆိုရင် သာမန်အမြင်အရမဟုတ်ဘဲ ဒဿဂီရိဘက်က နည်းနည်းသနားတဲ့၊ ကြင်နာတဲ့၊ နားလည်မှုပေးတဲ့ စာအုပ်မျိုးဖြစ်တယ်။
ဒီလိုစာအုပ်တွေဖတ်ခြင်းအားဖြင့် ကိုယ့်အမြင်ကို ကျယ်စေတယ်။ အတွေးအခေါ်အသစ်တွေကိုရစေတယ်။
 
သိပ္ပံမှာကျတော့ အဖြေက တစ်မျိုးပဲရှိတာများတယ်။ သိပ္ပံအမြင်နဲ့ကြည့်ရင် အဖြေမှန်တစ်မျိုးပဲရှိတယ် လို့ထင်ကြတယ်။ လူမှုရေး၊ နိုင်ငံရေးမှာ အဖြေမှန်တစ်ခုတည်းရှိတယ် ဆိုတာမဟုတ်ဘူး။ အဖြေမှန်က နှစ်ခုသုံးခုဖြစ်နိုင်တယ်။ ဒါပေမယ့် လူ့ဘဝမှာဆိုရင်  လမ်းတစ်ခုပဲ ရွေးရမယ်။ ရွေးတဲ့အခါမှာ ကိုယ်ရွေးတဲ့ လမ်းဟာအမှန်ဆုံး၊ အကောင်းဆုံးထင်လို့ရွေးတာပါ။ ရွေးပြီးရင် အောင်မြင်အောင် ကြိုးစားရမယ်။ အကယ်၍ အောင်မြင်မှုမရှိဘူး၊ ဒီလမ်းကတော့ လျှောက်ကြည့်တဲ့အခါမှာ မဟုတ်သေးပါဘူးလို့ထင်ရင်ပြောင်းရဲတဲ့ သတ္တိရှိရမယ်။ ပြောင်းသင့်ပြီဆိုတဲ့ အသိကလည်းရှိရမယ်။ အဲဒီအခါမှာ ရသစာပေက အများကြီး အထောက်အပံ့ပေးတယ်။ နောက်ဆုံးကျတော့ ရသစာပေရဲ့ အင်အားက အတွေးကို ကျယ်ပြန့်စေတာပဲ ဖြစ်တယ်။´´
 
``နိုင်ငံရေးစာပေထက် ဝတ္ထုကောင်းကောင်းတစ်ခုက ပိုပြီးတော့ နိုင်ငံရေး အကြောင်းပိုသင်ပြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးဆိုတာ လူတွေအကြောင်းပဲ။ လူသားအချင်းချင်းဆက်ဆံမှုအကြောင်းပဲ။ လူသားတွေရဲ့ စိတ်နေစိတ်ထား၊ လူသားတွေရဲ့ဆက်ဆံမှုနဲ့ပတ်သက်လို့ နားမလည်ရင် နိုင်ငံရေးကို ဘယ် တော့မှ အောင်အောင်မြင်မြင်လုပ်လို့မရဘူး။ နိုင်ငံရေးဆိုတာ ပြည်သူလူထုကို အခြေခံ ရမယ်။ ပြည်သူလူထုကို အခြေမခံတဲ့နိုင်ငံရေးဆိုတာ တကယ်တော့ အများကိုအကျိုးပြု တဲ့နိုင်ငံမျိုးမဟုတ်နိုင်ဘူး။ ဒါကြောင့်မို့ နိုင်ငံရေးနဲ့ပတ်သက်ရင် အမြဲပဲစာဖတ်နေတာ။
 
ကျွန်မကပြောတယ်။ ရသစာပေလေးဖတ်ပါဦး။ အဲဒီဟာတွေဖတ်တာဟာ လူသားတွေရဲ့ဆက်ဆံမှု၊ လူသားတွေရဲ့ခံစားချက်တွေအကြောင်း ပိုပြီးတော့ကိုယ့်ကို သိစေတယ်။ နောက်တစ်ခုက အရေးသားကောင်းကောင်းကို သင်ပေးတယ်။ ကောင်းတဲ့စာပေတွေကိုဖတ်မှ ကိုယ်လည်းကောင်းကောင်း ရေးနိုင်တယ်။ သင်္ချာစာအုပ်တွေ ဖတ်ခြင်းအားဖြင့်လည်း ဘယ်လိုမှ စာစီစာကုံး ကောင်းကောင်းရေးနိုင်မှာမဟုတ်ဘူး။ စာစီစာကုံးကို အလွတ်ကျက်ပြီးရေးတဲ့ခေတ်ကတော့ ကုန်လောက်ပြီလို့ မျှော်လင့်ပါတယ်။ အဲဒီတော့ စာစီစာကုံးကို အလွတ်ကျက်ပြီးမရေးနိုင်ဘူးဆိုရင် ကိုယ့်ရဲ့အလေ့ အကျင့်အရကိုရေးတတ်ရမယ်။ ကောင်းကောင်းရေးတတ်ရမယ်။ ကောင်းကောင်းရေး တတ်တယ်ဆိုတော့ ကောင်းတဲ့စာတွေ ဖတ်ခြင်းအားဖြင့်ပဲ ကောင်းတဲ့စာတွေကိုရေး တတ်တာပဲ။ ကောင်းတဲ့အတွေးအခေါ်တွေလည်း ပါလာပါတယ်။  ကျွန်မတို့ရဲ့ နိုင်ငံမှာ ကလေးသူငယ်တွေအတွက် စာကြည့်တိုက်တွေ လုံလုံလောက်လောက်လည်း မရှိဘူး။ စာအုပ်ဆိုင်တွေလည်း လုံလုံလောက်လောက်မရှိဘူး။
 
စာကြည့်တိုက်တွေရှိတယ်ဆိုရင် ငယ်ငယ်ကတည်းက ကောင်းတဲ့စာပေတွေကို ဖတ်တဲ့အလေ့အကျင့်ရှိလာတယ်။ အဲဒါကြောင့်မို့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေပြီးတော့ လူငယ်တွေကို ငယ်ငယ်ကတည်းက စာဖတ်တဲ့အလေ့အကျင့်၊ ငယ်ငယ်ကတည်းက စာအုပ်တွေနဲ့ရင်းနှီးမှု ဖြစ်သွားအောင်လုပ်ပေးနေပါတယ်။
 
``စာစီစာကုံးတွေကိုအလွတ်ကျက်ပြီးရေးတာက လုံးဝမဖြစ်သင့်ပါဘူး။ စာစီစာကုံးဆိုတာ ကိုယ့်ရဲ့အတွေးအခေါ်ကို ရေးတာပဲ။ စာစီစာကုံးတွေကိုအလွတ်ကျက်ပြီးရေးတဲ့ စနစ်ကို ဖျက်ဖို့ဆိုရင် ဆရာ ဆရာမတွေလည်း နည်းနည်းပြန်သင်ဖို့လိုပါလိမ့်မယ်။ ဆရာ ဆရာမတွေကိုက ကလေးတွေကို အလွတ်ကျက်ခိုင်းတဲ့စနစ်မှာ ကြီးလာရတဲ့အခါကျတော့ အလွတ်ပဲကျက်ခိုင်းနေတယ်။
 
ဆရာ ဆရာမတွေကိုယ်တိုင်က ပိုပြီးတော့ ဝါယမစိုက်ထုတ်ရမယ်။ ဆရာ ဆရာမတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာလည်း  ဆယ်စုနှစ်ပေါင်းများစွာပုံစံက တစ်မျိုးဖြစ်နေတဲ့အခါကျတော့ ကလေးတွေကို သင်ပေးတဲ့အခါမှာလည်း ပုံစံကတစ်မျိုး ဖြစ်နေတာပါ။ ဒီ ဆရာ ဆရာမတွေကို အပြစ်ဆိုလို့လည်းမရဘူး။ ပညာရေးစနစ်တစ်ခုဆိုတာ ကျောင်းသားတွေလည်းပါတယ်။ ဆရာ ဆရာမတွေလည်းပါတယ်။ ဆရာ ဆရာမတွေဆိုတာ တစ်ချိန်တစ်ခါက သူတို့ဟာ ကျောင်းသားတွေပဲ။ ကိုယ်ကျောင်းသား ဘဝတုန်းက အလွတ်ကျက်ခဲ့ရင် ကိုယ်ဆရာ ဆရာမဖြစ်လာတဲ့အခါကျရင် လိမ်မာတဲ့ ကျောင်းသားတွေက အလွတ်ကျက်တယ်ဆိုတဲ့ စိတ်ပဲရှိမှာပဲ။ အလွတ်မကျက်တဲ့ ကျောင်းသားတွေက ပျင်းတယ်။ မလိမ်မာဘူး။ ကလန်ကဆန်လုပ်တယ်ဆိုတဲ့အမြင် ကဖြစ်လာမှာပါ။
 
အဲဒါကြောင့်မို့ ပညာရေးစနစ်ကို ပြုစုပျိုးထောင်တယ်။ ပြောင်းလဲအောင် လုပ်တယ်ဆိုတာ တော်တော်မှခက်ပါတယ်။ နေ့ချင်းညချင်းပြောင်းလို့မရဘူး။ ဆရာ ဆရာမတွေ ရဲ့အရည်အချင်းကိုလည်း ပြန်မြှင့်တင်ပေးရမယ်။ ကလေးတွေရဲ့စိတ် ဓာတ်ကိုလည်း မြှင့်တင်ပေး ရမယ်။ မိဘတွေရဲ့စိတ်ဓာတ်ကိုလည်း မြှင့်တင်ပေးရမယ်။ 
 
စာစီစာကုံးဆိုတာဟာ ကိုယ့်အတွေးဉာဏ်နဲ့ ကိုယ်လုပ်ရမယ်။ တကယ်တော့ စာစီစာကုံးတွေရေးခိုင်းတယ်ဆိုတာ ကျောင်းပညာသင်တဲ့ တောက်လျှောက်မှာ ဒီကလေးရဲ့ ပညာတိုးတက်မှု ဘယ်လောက်ရှိနေပြီလဲဆိုတာ ဆရာမတွေအနေနဲ့ သုံးသပ်နိုင်အောင်လို့ လုပ်တာပါ။ စာမေးပွဲဆိုတာလည်း ဒီလိုပဲ။ စာမေးပွဲက အမှတ်စာရင်းပြိုင်ပွဲမဟုတ်ဘူး။ မိဘချင်းပြိုင်ဖို့မဟုတ်ဘူး။ ဒီကလေးရဲ့ တိုးတက်မှု ဘယ်လောက်ရှိနေပြီလဲ။ ဒီကလေးဟာ တိုးတက်သင့်တဲ့ကိန်းနဲ့ တိုးတက်နေရဲ့လား။ ဘယ်တွေမှာအားနည်းနေလဲ။ အဓိကက စာမေးပွဲဆိုတာ ဒါပဲဖြစ်ရမယ်။ အဲဒီဟာကို ဦးတည်ပြီး ကျွန်မတို့ရဲ့ပညာရေးစနစ်ကို ဆောက်တည်ဖို့တော့ ကြိုးစားနေပါတယ်။ ကလေးတွေရော၊ မိဘတွေရော၊ ဆရာတွေရော  အားလုံးဝိုင်းပါရမယ်။´´
 
``ဆရာမဂျူးက အများအားဖြင့် ရေးတတ်တာကတော့ အမျိုးသားနဲ့ အမျိုးသမီးတွေ အကြားက ဆက်ဆံရေးပေါ့။  ခုနက ပြောသွားတဲ့အထဲမှာ တကယ်ချစ်ရင် နားလည်ရမယ်ဆိုတာပြောင်းပြန်ပဲ။ တကယ်နားလည်မှ တကယ်ချစ်နိုင်မယ်။ နားလည်မှု မရှိဘဲနဲ့ တကယ်ချစ်တယ်ဆိုတာ ဘယ်တော့မှာ မဖြစ်နိုင်ဘူး။ လူတစ်ယောက် အကြောင်းကို တကယ်မသိဘဲနဲ့ သူ့ကို တကယ်ချစ်တယ်လို့ ဘယ်လိုပြောနိုင်မလဲ။ သူ့အကြောင်းသိမှ သူ့ကို ချစ်နိုင်လား။ မချစ်နိုင်ဘူးလားဆိုတာ ပြောနိုင်တာပေါ့။
 
အဲဒါကြောင့်မို့ ကျွန်မတို့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတဲ့နေရာမှာလည်း အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှု အဲဒါကို အရင်ပြောတယ်။ အပြန်အလှန် နားလည်ပြီဆိုရင် အပြန်အလှန် လေးစားပြီဆိုရင် ချစ်သွားကြမှာပဲ။ အဲဒီဟာနှစ်ခု မရှိဘဲနဲ့တော့ ရေရှည်ခံမယ့် ချစ်မေတ္တာမျိုးဆိုတာတော့ မဖြစ်နိုင်ဘူးလို့ ကျွန်မတော့ ဒီလိုပဲထင်ပါတယ်။
 
ဆရာမြသန်းတင့်ကတော့ ဘာသာပြန်စာအုပ်တွေ အများကြီးပြန်ခဲ့ပါတယ်။ အဲဒီဟာလည်း မိမိနိုင်ငံအတွက် အင်မတန်မှ အရေးကြီးပါတယ်။ တစ်ချိန်တစ်ခါတုန်းကဆိုရင် စာပေဗိမာန်ဆိုတာ အရင်ဖဆပလခေတ်တုန်းက ဝန်ကြီးချုပ် ဦးနုကဦးဆောင်ပြီးတော့ ထူထောင်ခဲ့တာပါ။ အရင်တုန်းကလည်း လွတ်လပ်ရေးတိုက်ပွဲ ကာလတုန်းကလည်း နဂါးနီစာအုပ်အသင်းတို့ ဆိုတာလည်း ဘာသာပြန်စာအုပ်တွေလည်း အားပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံက ပြည်သူ ပြည်သားတွေအနေနဲ့ ကိုယ့်မြန်မာစာပေတစ်ခုတည်းကိုပဲ ဖတ်တတ်တယ်ဆိုရင်တောင်မှ တစ်ကမ္ဘာလုံးရဲ့ ရသစာပေတွေရော၊ သုတစာပေတွေရောရဲ့ အနှစ်သာရတွေကို ရနိုင်အောင်လို့ဆိုပြီးတော့ အဲဒီလို ဘာသာပြန်တွေကို ဦးစားပေးခဲ့တာဖြစ်ပါတယ်။
 
ဘာသာပြန်စာအုပ်တွေလည်း ဖတ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့စာရေးဆရာတွေရေးတဲ့ စာအုပ်တွေနဲ့ ပြင်ပကစာရေးဆရာတွေရေးတဲ့ စာအုပ်တွေနဲ့ တခါတလေမတူဘူး၊ တခါတလေမဟုတ်ပါဘူးမတူကြပါဘူး။အမြင်ချင်းမတူတာပေါ့နော်။ ဒီအမြင်ချင်းမတူတာတွေကို တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ပြီးတော့ ပိုပြီးတော့ ကိုယ့်ရဲ့အမြင်ကျယ်လာနိုင်တယ်။ ရသစာပေကြတော့ တကယ့်ကို သူတို့ရဲ့ လူမှုရေးအရဒဿနိကတွေ ဘာတွေကျတော့ မတူတာတွေကို တွေ့လာတယ်။ သူတို့အမြင်တွေကဒီလိုရှိပါလား။ တစ်ခေတ်နဲ့တစ်ခေတ်နဲ့မတူဘူး။ နိုင်ငံတစ်နိုင်ငံထဲမှာတောင်မှ  တစ်ခေတ်ထဲမှာ အတွေးအခေါ်အမျိုးမျိုးရှိသလို ခေတ်အလိုက်လည်း ပြောင်းသွားတဲ့ အတွေးအခေါ်တွေရှိတယ်။´´
 
``ကိုယ်ဝါသနာပါတဲ့ သုတစာပေတွေချည်းပဲဖတ်ပြီး သုတစာပေချည်းပဲရေးမယ်ဆိုရင် ရသက ဘယ်ရောက်သွားမလဲ။ နှစ်ခုစလုံးကတော့ ချိန်ခွင်လျှာ ညီမျှရမှာပေါ့။ နောက် Digital ခေတ် ဖြစ်လာတဲ့အခါမှာ အတိုင်းအတာတစ်ခုအထိ စာအုပ်တွေဖတ်တာ နည်းနည်းကျဆင်းလာတယ်လို့ ပြောကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိစ္စတစ်ခုကိုသိချင်ရင် Internet ကနေ ရှာရင် ခပ်မြန်မြန်နဲ့ ရတယ်။ အရင်ခေတ်တုန်းကဆိုရင် အချက်အလက်တစ်ခုကို သိချင်ရင် စာအုပ်တွေ တော်တော်များများ လိုက်ဖတ်ရတယ်။ ဖတ်ပြီးတော့ ရှာရတယ်။
 
သုတစာပေနဲ့ပတ်သက်လို့ပြောရရင် သုတဆိုတာက ကျယ်ကျယ်ပြန့်ပြန့် သုတလည်းရှိတယ်။ ကျဉ်းကျဉ်းမြောင်းမြောင်း သုတလည်းရှိတယ်။ ကျဉ်းကျဉ်းမြောင်းမြောင်း ဆိုတာကတော့ ကျောင်းစာအုပ်တွေလိုပေါ့။ တက္ကသိုလ်ပြဋ္ဌာန်းတဲ့ စာအုပ်တွေလိုပေါ့။ သင်္ချာတို့၊ ရူပဗေဒတို့ စသည်ဖြင့်ပေါ့။ တချို့ကျတော့ သုတစာပေဆိုတာ အခြေခံအားဖြင့် သိပ္ပံတို့ ဘာတို့ကို အခြေခံထားတယ်ဆိုရင် ပိုပြီးတော့ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်တဲ့ သုတစာပေတွေလည်း ရှိတယ်။ ဒီတော့ သုတကသာတယ်၊ ရသကသာတယ် ဘယ်ဟာကသာတယ်လို့ ပြောလို့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစကားဝိုင်းကတော့ အဓိကအားဖြင့်ရသစာပေဘက်ကို ဦးစားပေးပြီးတော့ ဆရာဦးဖေမြင့်နဲ့ ကျွန်မနဲ့ စဉ်းစားပြီးတော့ စီစဉ်ထား တာဖြစ်ပါတယ်။
 
ကဗျာကို အလွတ်ကျက်ခိုင်းတာကတော့ လုံးဝမှားတယ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့်ကဗျာရဲ့ အနှစ်သာရကို ကိုယ်ကစွဲသွားရင် ဘယ်သူမှ မကျက်ခိုင်းဘဲနဲ့လည်း ကိုယ့်ဟာ ကိုယ်ကျက်ကြတာပဲ။ ကျောင်းမှာတုန်းကဆိုရင် ကဗျာကို အများကြီးကျက်ခဲ့ရတယ်။ ဒါပေမယ့် တချို့ဟာတွေကတော့ အခုထက်ထိခေါင်းထဲမှာမမေ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစကတည်းက ခံစားချက်ရှိလို့၊ အစကတည်းက စိတ်ဝင်စားလို့၊ တန်ဖိုးထားလို့။  နောက်စောစောက ပြောသွားတဲ့ကိစ္စထဲမှာ ပညာရေးမှာ ယောက်ျားလေးတွေ မိန်းကလေးတွေနဲ့ ရင်ပေါင်တန်းနိုင်အောင်လို့ ဘယ်လိုလုပ်ရမလဲဆိုတာ ဆရာမျိုးသိမ်းကြီးနဲ့ ကျွန်မနဲ့ ခဏခဏ စဉ်းစားတယ်။ အဲဒီအထဲမှာ ကျွန်မတို့ ဘယ်လို သုံးသပ်သလဲဆိုတော့ ယောက်ျားလေးတွေရဲ့ အားသာချက်နဲ့ မိန်းလေးတွေရဲ့ အားသာချက်က မတူဘူး။ အားကစားမှာတော့ ယောက်ျားလေးတွေက ပိုပြီးတော့ တောင့်တင်းလို့ ပိုပြီးတော့ ထူးချွန်နိုင်တယ်ဆိုတာတော့ အားလုံးကသိမြင်ပြီးသားပါ။ သို့သော်လည်း ကဗျာတို့၊ အနုပညာတို့ဘက်မှာကျတော့ ယောက်ျားလေးတွေက ပိုပြီးတော့ အားသာတာလည်း သတိပြုမိပါတယ်။
 
ဒါကြောင့်မို့ ကဗျာကို အားပေးချင်တယ်ဆိုတာ ကဗျာတစ်ပုဒ်ထဲမှာဆိုရင် စာအုပ်ကြီးတစ်အုပ်ထက်တောင် အတွေးအခေါ်ပေါင်းများစွာ ရှိတယ်။ ကဗျာတစ်ပုဒ်ထဲမှာကို အတွေးအခေါ်တွေက တစ်လိုင်းချင်းတစ်လိုင်းချင်း ရှိတဲ့ကဗျာမျိုးလည်းရှိတယ်။ ဒါပေမယ့် ကိုယ်ကရှာပြီးတော့ ဖတ်တတ်ရမယ်။ နောက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းကတော့ မတူဘူး။ ရသစာပေဆိုတာ ဒီလ်ိုပါပဲ စဉ်းစားစရာ အဖက်ဖက်က ရှိပါတယ်။´´
 
``ရသစာပေက ထွက်ပေါက်တစ်ခုပေးတယ်လို့ ထင်ပါတယ်။ ဥပမာဆို ဆရာမ မစန္ဒာတို့၊ မိုးမိုး (အင်းလျား)တို့ဆို မဆလ ခေတ်ကလူမှုရေး၊ နိုင်ငံရေးကိစ္စတွေကို သူတို့ရဲ့ ရသစာပေတွေကို ဖတ်ခြင်းအားဖြင့် အများကြီးနားလည်နိုင်တယ်။ အဲဒီတုန်းကလည်း လွတ်လွတ်လပ်လပ် ရေးချင်သလို ရေးလို့မရဘူး။ ဆင်ဆာကလည်း အင်မတန်မှတင်းကျပ်တယ်။ လူမှုရေးနဲ့ ပတ်သက်တဲ့ စာတမ်းတွေ စာအုပ်တွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတမ်းတွေ၊ စာအုပ်တွေကို ကိုယ်ရေးချင်သလို ရေးလို့ မရဘူးဆိုပေမယ့် အဲဒီ ခေတ်တုန်းက လူမှုရေး အခြေအနေ၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေကို ရောင်ပြန်ဟပ်အောင်လို့ အဲဒီ ဆရာမတွေက တော်တော်ရေးနိုင်တယ်။
 
ဒါကြောင့် ရသစာပေကဆိုရင် ပညာပေးပုံကလည်း ညင်ညင်သာသာလေးနဲ့ ပေးသွားနိုင်တယ်။ အဲဒါကြောင့် ရသစာပေတွေက  အင်မတန်မှ တန်ဖိုးရှိပါတယ်လို့ ပြောချင်တာပါ။  တချို့ သုတစာပေတွေ မထုတ်နိုင်တဲ့ အချိန်မှာ ရသစာပေကနေပြီးတော့ ဟာကွက်ကလေးတွေကို ဖြည့်ပေးနိုင်တာပေါ့။ ´´
 
အတ္ထုပ္ပတ္တိစာပေဆိုတာ သုတရော ရသရော နှစ်ခုစလုံးပါတာပါ။ ဒါပေမယ့်လည်း လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို ရေးတယ်ဆိုရင် စိတ်ဝင်စားအောင်ရေးမှလည်း ဆက်ပြီးတော့ ဖတ်ချင်တာပေါ့။ ဒါပေမယ့် အတ္ထုပ္ပတ္တိကို ဖတ်ခြင်းအားဖြင့် အချက်အလက် သုတ၊ တစ်ဖက်ကဆိုရင် သုတစာပေပေါ့။ အဲဒီကနေ ခပ်ဆင်ဆင်က သမိုင်းနောက်ခံဝတ္ထုတွေရှိတယ်။ သမိုင်းနောက်ခံ ဝတ္ထုဆိုတာ ဝတ္ထုပဲ။ သို့သော်လည်း သမိုင်းကိုနောက်ခံတယ်။ သမ်ိုင်းအချက်အလက်တွေကို အသုံးပြုထားတာပေါ့။ တချို့ကလည်း ပိုပြီးတော့ တိတိကျကျ အသုံးပြုတယ်။ တချို့ကလည်း သိပ်ပြီးတော့ တိတိကျကျမဟုတ်ဘူး။ အဲဒီတော့ သမိုင်းနောက်ခံဝတ္ထုကောင်းတွေ ရေးတယ်ဆိုရင် သမိုင်းစာအုပ်တစ်ခုကို ဖတ်သလောက် ကိုယ့်မှာ သုတလည်းရတယ်။ ဒါပမယ့် ရသလည်းရှိတယ်ဆိုတော့ ဖတ်ရတာလည်း စိတ်ချမ်းသာတာပေါ့။
 
အတ္ထုပ္ပတ္တိအကြောင်းကို ဖတ်တဲ့အခါကျရင် အဲဒီလူအကြောင်းသာ မဟုတ်ဘဲနဲ့ ရေးတဲ့သူအကြောင်းလည်း အများကြီးသိနိုင်တယ်။ ဒါကြောင့်မိုလို့ ရသစာပေပဲဖြစ်ဖြစ် သုတစာပေပဲဖြစ်ဖြစ် ကိုယ်က တစ်ချိန်တည်းမှာ တစ်ဆင့်တစ်ဆင့် ပညာရနေသလိုပဲ တစ်ဆင့်ကတော့ ရေးထားတဲ့ကိစ္စ။ တစ်ဆင့်ကတော့ ရေးတဲ့သူအကြောင်း ရေးတဲ့သူရဲ့ ပတ်ဝန်းကျင်အကြောင်း ဒီနှစ်ခုစလုံးက်ို အနည်းဆုံးပေါ့။ ကျန်တဲ့အဆင့် ဆင့်တွေ၊ အလွှာတွေရှိနိုင်သေးတယ်။ ဒါကြောင့်မိုလို့ စာဖတ်တယ်ဆိုတာဟာ ကိုယ့်ရဲ့ဘဝလေး၊ ကိုယ့်ဘဝရဲ့ ဘောင်အပြင်ဘက်ကို ထွက်ပြီးတော့ တစ်ခြားသူတွေရဲ့ ဘဝဘောင်ထဲကို   ဝင်လို့ရတယ်။ တစ်ခြားသူတွေက ဘယ်လိုတွေးခေါ်တယ်၊ တခြားသူတွေက ဘယ်လို နေခဲ့တယ်၊ ဘယ်လိုဖြတ်သန်းခဲ့ရတယ်။ ငါတို့ဆို ဒီလိုနေနိုင်မလား၊ ဒီလို ဖြတ်သန်းနိုင်မလား၊ ငါတို့ရဲ့ အခြေအနေနဲ့ရော ဘယ်လိုကွာလဲဆိုတာ အဲဒီလို နှိုင်းယှဉ်ပြီးတော့ စဉ်းစားနိုင်တဲ့အခါကျတော့ ကိုယ့်အတွေးအခေါ်သစ်တွေ လည်းပေါ်လာတယ်။ လူ့ လောကအကြောင်းလည်း နားလည်မှုတွေကိုအများကြီးရနိုင်တယ်။´´
 
``ထူးချွန်လူငယ်တွေ ဂိမ်းစွဲသွားရင် တခြားဟာဘာမှ လုပ်လို့မရဘူး။ စာမကျက်လို့ ဂိမ်းထဲရောက်တာမဟုတ်ဘူး။ ဂိမ်းဆိုင်ထဲ ရောက်သွားရင် အဲဒါစွဲသွားရော။ စွဲသွားတယ်ဆိုရင် အရက်စွဲသလိုပဲ၊ လောင်းကစားစွဲသလိုပဲ၊ ဒါဟာလည်း စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုးပဲ။ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ သူတို့ကို ကုယူတယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေနဲ့ကုယူတဲ့ အဆင့်ကိုရောက်တယ်။ ကျွန်မတို့နိုင်ငံမှာ ဒီလိုလုပ်ဖို့ဆိုတာ အင်မတန်မှခက်ပါတယ်။
 
ဂိမ်းဆိုင်တွေကို အခွန်တွေတိုးကောက်လိုက်တာနဲ့ အဆင်ပြေသွားမလား ဆိုတော့ ပြေချင်မှလည်းပြေမယ်။ ဟိုဘက်ဒီဘက်ကလည်း စဉ်းစားရမယ်။ ကလေးတွေ ဂိမ်းဆိုင်ထဲမရောက်အောင် ဘယ်လိုလုပ်ရမလဲ။ ဂိမ်းဆိုင်ထဲရောက်လို့စာမဖတ်တာ မဟုတ်ဘူး။ အစကတည်းက ဂိမ်းဆိုင်ထဲရောက်လို့စာမဖတ်တာ။ အစကတည်းက စာဖတ်တဲ့ကလေးတွေက သူတို့ဘာသာ သူတို့ စာဖတ်နေမှာပါ။          
 
အရင်တုန်းကဆိုရင် အိမ်မှာသားသမီးတွေ ဘာစာအုပ်ဖတ်နေသလဲ မိဘတွေက သိတယ်။ ဘယ်သူ့ဆီက ဘာစာအုပ်ငှားခဲ့တယ်။ ဘာလုပ်နေလဲ သိတယ်။ အခု ဟန်းဖုန်းလေး တစ်ခုရှိတယ်။ ဟန်းဖုန်းထဲမှာ ဘာတွေ ကြည့်နေသလဲ ဘယ်မိဘက သိမလဲ။ တစ်ချိန်လုံး ကြည့်နေနိုင်တာမှမဟုတ်တာ။ ၂၄ နာရီလုံးကလေးဟာ ဘာတွေ ကြည့်နေတာလဲ၊ ဘယ် Program တွေကြည့်နေတာလဲ။ ဘယ်ဂိမ်းတွေဆော့နေတာလဲ မိဘတစ်ယောက်ဟာ သိဖို့ဆိုတာ ၂၄ နာရီကလေးဘေး မှာရှိမှဖြစ်မယ်။ အဲဒီလို နေဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ 
 
ခေတ်ကြီးကတစ်ချိန်လုံး ပြောင်းလဲလာတာနဲ့အမျှ စိန်ခေါ်မှုတွေကလည်း ပြောင်းလဲလာတယ်။ ကျွန်မတို့နိုင်ငံက ဖွံ့ဖြိုးတိုးတက်စနိုင်ငံဆိုတော့ အားလုံးဝိုင်းရုန်းမှ ဖြစ်မယ်။ ကျွန်မတို့ နိုင်ငံက ဖွံ့ဖြိုးဖို့အများကြီးလိုတဲ့နိုင်ငံဆိုတော့ နိုင်ငံသူ၊ နိုင်ငံသားတွေက ငါတို့လည်းအား လုံးတပိုင်တနိုင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိရမယ်။ ဒီလိုပြဿနာတွေ ဆိုရင် အားလုံးပဲဝိုင်းပြီးဖြေရှင်းရမယ်။ 
 
နောက်ပြီး ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထတွေကိုအားပေးဖို့အတွက် ဝိုင်းဖွဲ့ပြီးတော့ ကစားတာတို့၊ ကဗျာရွတ်မယ်ဆိုလည်းအတူတူ တီးကြ၊ ဆိုကြ သူငယ်ချင်းတွေ တစ်ပတ်တစ်ခါ နှစ်ခါလုပ်မယ်ဆိုပြီး ကိုယ့်အတွက် စိတ်ချမ်းသာစရာရော၊ ကိုယ့်ရဲ့အသိုင်းအဝိုင်းအတွက် သာယာစရာရော ဒါမျိုးတွေကိုအားပေးဖို့  အားလုံး ဝိုင်းစဉ်းစားရမယ်။  ဒီဂိမ်းဆိုင်တွေနဲ့ ပတ်သက်လို့ကတော့ စဉ်းစားရမှာပါ။ ဘယ်လိုပုံစံနဲ့ စီးပွားရေး ဘက်ကလည်း ကြည့်ရမယ်။  ပညာရေးဘက်က လည်းကြည့်ရမယ်။ ကလေးတွေရဲ့ စိတ်ဓာတ်ဖွံ့ဖြိုး တိုးတက်ရေးဘက်လည်းကြည့်ရမယ်။ အဲဒီဟာကတော့ ဝန်ကြီးဌာန တွေစုပြီးတော့ ခေါင်းချင်းရိုက်ပြီး တော်တော်အဖြေရှာရမယ်။´´
           
``မိဘတွေက ဘာဖြစ်လို့ သားသမီးတွေ ရသစာပေဖတ်မှာကို စိတ်ပူလဲဆိုတော့ သူတို့ကိုယ်တိုင်လည်း ရသစာပေအကြောင်း ထဲထဲဝင်ဝင် မသိလို့ပါ။ ရသစာပေမှာ ကောင်းတာရှိသလို မကောင်းတာရှိတယ်။ မကောင်းတဲ့ စာပေတွေကို သားသမီးတွေဖတ်မိမှာ စိုးရိမ်လို့ပဲထင်ပါတယ်။ ဒါကတော့ ခွဲခြားပြီး သိဖို့လိုတယ်။ မိဘတွေ ကိုယ်တိုင်ကလည်း စာပေနဲ့ရင်းနှီးဖို့လိုတယ်။ ပြီးတော့ ဒီနိုင်ငံမှာလည်း စာအုပ်တွေ များများရှိဖို့လိုတယ်။ စာကြည့်တိုက်တွေမှာ အဆင့်ရှိရှိနဲ့ စာအုပ်တွေထားမယ်ဆိုရင် စာကြည့်တိုက်ကနေ ငှားတဲ့စာအုပ်တွေဟာ အန္တရာယ်မဖြစ်နိုင်ဘူးဆိုတာ မိဘတွေ သဘောပေါက်ဖို့လည်း လိုတယ်။
 
မိဘတွေဘက်က နားလည်မှုရှိသလို၊ သားသမီးတွေ ဘက်ကလည်း နားလည်မှု ရှိရမယ်။ နောက်စည်းနဲ့ကမ်းနဲ့ ကျောင်းစာတော့ ကျက်ရမယ်။ ကျွန်မတို့နိုင်ငံမှာ ကျောင်းသူ၊ ကျောင်းသားတွေ၊ ကလေးတွေက  ကျောင်းသွားတာနဲ့၊ ကျူရှင်သွားတာနဲ့၊ ဂိုက်နဲ့စာကျက်တာနဲ့ ဘာမှ တခြားဟာလုပ်ဖို့အချိန် မရှိတာဘဲ။ အဲဒါ လုံးဝမကောင်းဘူး။ မိဘတွေရော၊ ဆရာတွေရော ဒီဟာကို သေသေချာချာ ပြန်ပြီးစဉ်းစားရပါမယ်။ လူငယ်တွေမှာ အပိုချိန်ရှိရမယ်။ ကျောင်းစာနဲ့ပဲ တစ်နေ့ ၂၄ နာရီလုံးလည်လိုက် နေလို့မဖြစ်ဘူး။ ကျောင်းစာလုပ်တာက လုပ်တာ၊ ပြင်ပ ကိုယ့်ရဲ့ဝါသနာ လုပ်သင့်လုပ်ထိုက်လည်းလုပ်ဖို့ အခွင့်အရေးရှိရမယ်။
 
ဒီစကားဝိုင်းမှာ အဓိကထားပြီးပြောတာ ရသစာပေရဲ့အကျိုးတွေပါ။ သုတစာပေဆိုတာ လည်းရှိရမယ်။ သုတစာပေချည်းဖတ်နေလို့မဖြစ်ဘူး။ အခုဆိုရင် သုံးလေးယောက်ရှိပြီ။ စာအုပ်တစ် အုပ်ဖတ်ခြင်းအားဖြင့် ရသစာပေပေါ်မှာ ဘဝအမြင်ပေါ်မှာ အတွေးအခေါ် ပြောင်းသွားတာ၊ စာအုပ်တစ်အုပ်က ဒီလိုပြောင်းသွားစေတယ်ဆိုရင်၊ စာအုပ်ပေါင်းများစွာ ဖတ်မယ်ဆိုရင် ကိုယ့်ရဲ့အတွေးအခေါ်တွေ ဘယ်လောက် ကျယ်ပြန့်နိုင်တယ်၊ ဘယ်လောက် ကွန့်မြူးလာနိုင်တယ်ဆိုတာ သိဖို့လိုပါတယ်။ နောက် ကဗျာကိုဝါသနာမပါတဲ့သူကို ကဗျာကို အတင်းဖတ်ခိုင်းရင်လည်း အကျိုးရှိမှာမဟုတ်ဘူး။ ကိုယ့်ဝါသနာနဲ့လည်းဆိုင်တာပေါ့။ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ဖို့က အရေးကြီးပါတယ်။ မိဘတွေနဲ့တော့ အပေးအယူလုပ်မှာပါ။´´
 
``ဆရာကြီးပါရဂူကတော့ နည်းနည်းထူးခြားပါတယ်။ သမိုင်းနောက်ခံအချက်အလက်တွေကို သုံးပြီးတော့ ရေးလေ့ရေးထရှိပါတယ်။ အရင်ခေတ်တွေနဲ့ ဒီခေတ်တွေမတူဘူး။ဟိုအရင်တုန်းက ခေါမခေတ်ဟာ တိုက်ရိုက်ဒီမိုကရေစီစနစ်ကျင့်သုံးလို့ရတဲ့ ခေတ်ဖြစ်ပါတယ်။ အခုခေတ်မှာ တိုက်ရိုက် ဒီမိုကရေစီဆိုတာ ဘယ်လိုမှ သုံးလို့မရပါဘူး။ ၅၂ သန်းစလုံးကတက်ပြီး အစိုးရလုပ်နေမယ်ဆိုရင် ဘယ်တော့မှ အလုပ်မဖြစ်တော့ဘူး။ ဒါကြောင့် ကိုယ်စားပြု ဒီမိုကရေစီဆိုတာပေါ်လာတာပါ။ ပြည်သူတွေက သူတို့ရဲ့ကိုယ်စားလှယ်တွေကို သူတို့ရွေးချယ်တယ်။ သူတို့ရွေးချယ်တဲ့ကိုယ်စားလှယ်တွေက နိုင်ငံရဲ့အုပ်ချုပ်ရေးကို တာဝန်ယူရတယ်။ ဒါပေမယ့်လည်း စည်းလုံးညီ ညွတ်ရေးနဲ့ ဆင်ခြင်တုံတရားရှိရေးကျတော့ ဘယ်ခေတ်မှာအဆို တူတူပဲ။ ဆင်ဆင်ခြင်ခြင် စည်းစည်းလုံးလုံးလုပ်မှ အောင်မြင်နိုင်တယ်။ ကိုယ်စားပြုဒီမိုကရေစီ ပဲဖြစ်ဖြစ်၊ တိုက်ရိုက်ဒီမိုကရေစီပဲဖြစ်ဖြစ် အပေးအယူဆိုတာရှိရမယ်။ မျှမျှတတရှိရမယ်။ နိုင်ငံရဲ့ ကောင်းကျိုးကိုရှေ့ထားရမယ်။ ကိုယ်လိုချင်တာ ကိုယ့်ဆန္ဒကို ရှေ့ထားလို့မဖြစ်ဘူး။
 
ရသနဲ့ သုတ နှစ်ခုစလုံးက ရှိဖို့လိုတယ်။ စောစောကပြောသွားသလို ဦးနှောက်နဲ့နှလုံးသားလိုပါ။ အခုထိတော့ ဦးနှောက်အစားထိုးတာတော့ ခက်လိမ့်မယ်။ နှလုံးသားကတော့ အစားထိုးလို့ရနေပြီလို့ ထင်ပါတယ်။ ဘယ်လောက်ကြာကြာခံသလဲ ဆိုတာတော့ တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ ဘယ်လိုပဲပြောပြော ဦးနှောက် ဘက်ကနေစဉ်းစားရမယ်။ နှလုံးသားဘက်ကလည်း စဉ်းစားရမယ်။ ရသရော၊ သုတရော အခုချိန်မှာ ရသက မျက်နှာငယ်နေတဲ့အတွက် ရသဘက်က ရပ်တည်ရမှာဖြစ်ပါတယ်။ ရသမှာလည်းတန်ဖိုးရှိတယ်။ ရသဆိုတာလည်း လူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်၊ ဉာဏ်ပညာရွှင်လန်း တိုးတက်မှုအတွက် အများကြီး အထောက်အကူဖြစ်တယ် ဆိုတာကို ပြောချင်တာပါ။´´
 
``လူတွေကယဉ်ကျေးလာတဲ့အခါမှာ ဂီတတွေကို ဖန်တီးလာကြတယ်။ ဂီတတွေကို ဖန်တီးလာပြီးတော့ ဂီတနဲ့ယဉ်ကျေးမှုက တဖြည်းဖြည်းဆက်စပ်လာပါတယ်။  အဲဒီယဉ်ကျေးမှုဆိုတာက ငြိမ်းချမ်းရေး နဲ့ဆက်စပ်မှုရှိတယ်။ အဓိကကတော့ လူတွေရဲ့စိတ်တွေကို ဂီတကယဉ်ကျေးအောင် စွမ်းဆောင် ပေးနိုင်ပါတယ်။ ငြိမ်းချမ်းရေးဂီတပွဲတော်ဆိုတာရှိသလို ငြိမ်းချမ်းရေးစာပေပွဲတော်ဆိုတာလည်း ရှိပါတယ်။ ဂီတကို ဘယ်လို စာပေကနေပြီး အကျိုးပြုသလဲ၊ စာပေကို ဂီတက ဘယ်လိုအကျိုးပြုသလဲ။ အနုပညာသည် တစ်ယောက်က သူ့ရဲ့အနုပညာအားနဲ့ တိုင်းပြည်အတွက် ဘယ်လို အကျိုးရှိအောင် လုပ်ပေးမှာလဲ။ ပြီးရင် တခြားနိုင်ငံတွေနဲ့ ဆက်သွယ်တဲ့အခါမှာ မြန်မာတွေရဲ့ယဉ်ကျေးမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းထားမယ်။ ဆက်လက်ပြီး မျိုးဆက်သစ်တွေကို မွေးထုတ်ပေးမယ်။ ရှေးဟောင်း အနုပညာတွေကို ဖော်ထုတ်မယ်။ လူငယ်တွေအနေနဲ့ ထပ်ပြီးတော့ ဖန်တီးစရာတွေလည်း အများကြီးရှိပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် နိုင်ငံကို အကျိုးပြု နိုင်မယ်လို့ ထင်ပါတယ်။´´
 
``စာဖတ်ဝိုင်းတွေ၊ ကျောင်းသားသမဂ္ဂတွေရော ကျောင်းသားအစုအဖွဲ့နဲ့ လုပ်တတ်တဲ့ အလေ့အကျင့်ကို ငယ်ငယ်ကတည်းကနေပြီး ကျွန်မတို့အားပေးချင်တယ်။ မိန့်ခွန်း ပြောတုန်းကလည်းပြောသွားပါတယ်။ အစုအဖွဲ့နဲ့ လုပ်ရတာပိုပြီးတော့ ပျော်စရာကောင်းတယ်။ အဲဒီထဲမှာ လူတွေကအားနည်းချက် လည်းရှိတယ်။ အားသာချက်လည်းရှိတယ်။ အစုအဖွဲ့နဲ့နေတယ်ဆိုရင် တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်ကနေပြီးတော့ ဖြည့်ဆည်းပေးလို့ရတယ်။ တစ်ယောက်ရဲ့ အားသာချက်ကို  အားလုံးကဝိုင်းပြီးတော့ ပိုပြီးတော့ အားသာလာအောင်၊ ပိုပြီးတော့ တန်ဖိုးရှိလာအောင်လည်း  လုပ်ပေးလို့ရတယ်။ အဲဒီလို အစုအဖွဲ့နဲ့လုပ်တယ်ဆိုတာ တစ်ယောက်ထဲလုပ်တာထက် အများကြီးပိုပြီးတော့ ထိရောက်တယ်။ တစ်ယောက်ထဲ သီချင်းနားထောင်နေတာထက် အစုအဖွဲ့နဲ့နားထောင်ပြီး ဆွေးနွေးရ တာဟာ ကိုယ်မစဉ်းစားမိသေးတဲ့ အရာတွေအများကြီး စဉ်းစားမိတယ်။
 
ဒါကြောင့် ဒီလိုအစုအဖွဲ့တွေနဲ့ လုပ်တာကို အများကြီးအားပေးချင်တယ်။ ကျောင်းသားအဖွဲ့အစည်းများ အနုပညာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်  ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်  ဒီဟာတွေကို တန်ဖိုးရှိရှိနဲ့ ကြီးထွားလာဖို့အတွက် အတတ်န်ိုင်ဆုံး အားပေးပြီးတော့ ကူညီပေးပါ့မယ်။´´
 
``အခုကျောင်းတွေမှာသုံးနေတဲ့ ကဗျာစာအုပ်တွေက အားလုံး မစုံလင်ဘူး ဆိုတာတော့ မှန်ပါတယ်။ ဒါတွေကိုလည်း ပြန်ပြီးလေ့လာရမယ်။ ခေတ်အဆက်ဆက် ကဗျာအကြောင်းသင်တယ် ဆိုရင်တော့ ခေတ်အဆက်ဆက်က ကဗျာတွေဖြစ်ရမယ်။ ဘာလို့လဲဆိုရင် ရေးနည်း၊ ရေးပုံပြောင်းလဲတာတွေ၊ အသုံးအနှုန်းတွေပြောင်းလဲလာတယ်။ အမြင်တွေ ပြောင်းလဲလာတယ်။
 
ခေတ်နဲ့အညီ စဉ်းစားသွားရတယ်။ ခေတ်ကပြောင်းသွားမှာပဲ။ မပြောင်းနဲ့လို့တော့ ပြောလို့မရဘူး။ ကဗျာတွေဆိုတာ သူ့ခေတ်၊ သူ့အခါကို ရောင်ပြန် ဟပ်တယ်ဆိုရင် ရေးတဲ့သူရဲ့ အနေအထားကိုလည်း ရောင်ပြန်ဟပ်တယ်။ သူ့ခေတ်၊ သူ့အခါ၊ သူ့အမြင်၊ သူ့ရဲ့ အဆင့်တွေကိုလည်း ကြည့်ပြီးတော့ ကဗျာတွေကို လေ့လာရမယ်။
 
အတိတ်ကိုသိမယ်ဆိုရင် ပစ္စုပ္ပန်အတွက်၊ အနာဂတ်အတွက် အသုံးချဖို့ပဲ။ အခု အမေ တို့ရဲ့ မျှော်မှန်းချက်က တောင်သူလယ်သမားနဲ့ ထန်းတက်သမား သားသမီးတွေလည်း အဆင့်မြင့်ပညာကို သင်ချင်တယ်ဆိုရင်သင်နိုင်ဖို့ပါ။ ဒီခေတ်ရဲ့ အားသာချက်က ပြောင်းနိုင်ပြင်နိုင်တဲ့အခြေအနေ ရှိပါတယ်။´´
 
``စာပေဆိုတာ အတွေးအခေါ်တွေကို ပေးဖို့ဖြစ်တယ်။ လောကကြီးထဲမှာ အဖြေတစ်ခုတည်းရှိတယ်ဆိုပြီး ဆုပ်ကိုင်ထားတဲ့သူတွေဟာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားထဲမှာ အဆင်ပြေဖို့အတွက် အထောက်အကူ မဖြစ်ဘူး။ အတွေးအခေါ်၊ နှလုံးသားဆိုင်ရာ၊ လူ့ဘဝဆိုင်ရာ ကိစ္စတွေကျတော့ အဖြေတွေ အမျိုးမျိုးရှိတယ်။ ဒါတွေကို ရသစာပေကပိုပြီးတော့ နားလည်ပေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ကျယ်ရမယ်။ သဘောထားကြီးရမယ်။ နားလည်မှုပေးရမယ်။ တစ်ဖက်တည်းကပဲ ကြည့်နေမယ်ဆိုရင် မကောင်းဘူးပေါ့။ လူတစ်ယောက်ကို အမြဲပဲ မှားတယ်၊ မှန်တယ် လွယ်လွယ်ကူကူနဲ့ မဆုံးဖြတ်ရဘူးဆိုတာကို ရသစာပေက သင်ခန်းစာပေးတယ်လို့ မြင်ပါတယ်။´´
 
``နယ်တွေမှာ စာအုပ်ကို လွယ်လွယ်ကူကူ မရနိုင်ဘူးဆိုတာ၊ စာအုပ်တန်ဖိုးဈေးကြီးတယ်ဆိုတာ မှန်ပါတယ်။ စာကြည့်တိုက် တွေလည်းမများပါဘူး။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ ပထမဦးဆုံး ရွှေ့လျား စာကြည့်တိုက်တွေ စပြီးလုပ်တာက ကော့မှူးမှာ စပြီးလုပ်တာ ဖြစ်ပါတယ်။
 
အခုဆိုရင် ၁၁ မြို့ကို ရောက်သွားပါပြီ။ ရွေ့လျားစာကြည့်တိုက်တွေက အဓိကကျောင်းတွေကိုပဲ ဦးတည်ရတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းတွေမှာ စာကြည့်တိုက်တွေမရှိဘူး။ ပထမဆုံး စာကြည့်တိုက်လုပ်မယ်ဆိုပြီး ကျွန်မစဉ်းစားတဲ့အခါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို  စီမံခန့်ခွဲပေးနေတဲ့ ကျွန်မမိတ်ဆွေတွေအားလုံးက မဖြစ်နိုင်ဘူးဆိုပြီး ငြင်းတယ်။ ကျွန်မက ဖြစ်နိုင်တယ်။ မဖြစ်နိုင်ဘူးဆိုပြီး ငြင်းမနေနဲ့ ဖြစ်အောင်လုပ်ဆိုပြီး  ဒါကို စီစဉ်လိုက်တဲ့အခါ တော်တော်ကိုအောင်မြင်တယ်။
 
ရွေ့လျားစာကြည့်တိုက်ကို စပြီးဖွင့်လှစ်တဲ့နေမှာဆိုရင် နာရီပိုင်းအတွင်းမှာ စာအုပ်တွေအားလုံးငှားလို့ရတယ်။ ဘယ်သွားသွား စာကြည့်တိုက်အသစ်တွေဖွင့်တဲ့ အခါမှာ အင်မတန်မှ အောင်မြင်တယ်။ ကလေးတွေအတွက်ဆိုရင် ကလေးတွေနဲ့ သတင့်တော်မယ့်စာအုပ်၊ လူငယ်ပိုင်းဆိုရင် လူငယ်ပိုင်းနဲ့ သင့်တော်မယ့်စာအုပ် သုတစာပေနဲ့ ရသစာပေတွေလည်းပါတယ်။ ရွေ့လျားစာကြည့်တိုက်ရဲ့ အဓိက ရည်ရွယ်ချက်က ကလေးတွေစာ ဖတ်ခြင်းရဲ့အရသာ သိသွားအောင်လို့ အဲ့ဒါ တော်တော်အောင် မြင်ပါတယ်။ ဒါတွေလည်း ပြန်ကြားရေးဝန်ကြီး ဆရာဦးဖေမြင့်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး တတ်နိုင်သလောက် ကျယ်ပြန့်အောင်လုပ်နေပါတယ်။
 
စာကြည့်တိုက်တွေ ပြန့်ပွားရေးကို အဓိကထားပြီး ဒေါက်တာဖေမြင့်နဲ့ ကြိုးစားနေပါတယ်။ ဒေါက်တာမျိုးသိမ်းကြီးကလည်း ကျောင်းတွေမှာ စာကြည့်တိုက်တွေကို တိုးတက်မှုရအောင်လို့ ဝေဆာအောင်လုပ်နေပါတယ်။ ပြီးခဲ့တဲ့အပတ်က ပေတောဆိုတဲ့ ရွာလေးကို သွားတဲ့အခါ ရွာက ကလေးတွေက တော်တော် တက်တက်ကြွကြွရှိတယ်။ သူတို့ကို မေးကြည့်တယ်။ ကလေးတွေဖတ်ဖို့ စာအုပ်ရှိလားလို့။ စာအုပ်ဗီရိုလေးတော့ အနည်းဆုံးရှိစေချင်တယ်။  စာကြည့်ခန်းမဟုတ်ရင်တောင်မှ ကလေးတွေအတွက် စာအုပ်တွေသေတ္တာ နှစ်လုံးလှူလိုက်ပါတယ်။ လှူလိုက်တဲ့အတွက် ကလေးတွေမှာ ဖတ်စရာစာအုပ်လေးရှိသွားမယ်။ ဗီရိုလေးရှိသွားမယ်။ စာအုပ်ငှားပြီးဖတ်တတ်တဲ့ အလေ့အကျင့်လည်းဖြစ်သွားမယ်။ ကိုယ်ဟာ အသက်ရှင်နေသရွှေ့ ကိုယ်ပတ်ဝန်းကျင်ကို ပိုပြီးတော့ ကောင်းသွားအောင်လုပ်နိုင်မယ့် အခွင့်အရေးတွေ ပေါ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်ပြီးတော့ လုပ်သွားမယ်ဆိုရင်  အောင်မြင်နိုင်မှာဖြစ်ပါတယ်။´´
 
``ပညာရေးစနစ်ကို တိုးတက်အောင်လုပ်ရမယ်။ ကလေးတွေဟာ ငယ်ငယ်ကတည်းက ဗဟုသုတကြွယ်ဝအောင်၊ ကောင်းကောင်မွန်မွန် ရေးတတ်အောင် အနုအလှကိုခံစားတတ်အောင်၊ ကဗျာနဲ့ပတ်သက်ရင် အများဆုံးကဗျာတွေဟာ ဘာသာရေး သို့မဟုတ် အချစ်ရေးနဲ့ဆိုင်တယ်။
 
ကျွန်မတို့ နိုင်ငံကနေ အဆင့်မြင့်တဲ့ စာရေးဆရာ၊ ရသဆရာတွေထွက်ပေါ်လာအောင် ပညာရေးအဆင့်ကိုမြှင့်ရမှာပဲ ကျွန်မတို့ မြန်မာစာတစ်ခုတည်းမြှင့်လို့မရဘူး။ အဘက်ဘက် ပညာရေးစနစ်မြင့်လာတာနဲ့အမျှ အင်မတန်မှ အဆင့်မြင့်တဲ့စာပေတွေ ထွက်လာမှာဖြစ်ပါတယ်။ အဲဒါကို ကြိုးစားပါမယ်။ ပညာရေးဝန်ကြီးကလည်း ဒါကိုနား ထောင်နေပါတယ်။´´
 
``အနုပညာ၊ ကဗျာ၊ အားကစားတွေကို သင်ရိုးညွှန်းတမ်းထဲမှာ ပါပြီးတော့ အောင်မြင်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ပါလာအောင် ပြောရမယ်ဆိုရင် အမှတ်ရအောင်၊ ဒီဟာတွေကိုလည်း အမှတ်ပေးတဲ့ ဘာသာရပ်တွေလို ဖြစ်လာအောင်လို့ လုပ်မယ့်ဟာကိုလည်း ဦးတည်နေပါတယ်။
 
နောက်ပြီးတော့ အဓိကကြိုးစားနေတာက teamwork ပါ။ အစုအဖွဲ့နဲ့ အလုပ်လုပ် တတ်အောင်။ အဲဒါကိုတော့ ကျွန်မကို ဆရာတစ်ယောက်ကပြောပါတယ်။ မိန်းကလေးတွေနဲ့ ယောက်ျားတွေနဲ့ယှဉ်ရင် ယောက်ျားလေးတွေက အစုအဖွဲ့နဲ့ လုပ်တဲ့နေရာမှာ ပိုပြီးတော့ ကောင်းကြတယ်လို့ပြောတယ်။ ပိုပြီးတော့ အောင်မြင်တယ်။ မိန်းကလေးတွေက အစုအဖွဲ့နဲ့ လုပ်တဲ့နေရာမှာ အားနည်းတယ်။ အစုအဖွဲ့နဲ့ လုပ်တဲ့ကိစ္စတွေအတွက်၊ ဘာသာရပ်တွေအတွက် အမှတ်တွေပေးမယ်ဆိုရင် ယောက်ျားလေးတွေဘက်က အားသာချက်တွေပေါ် လာမှာပေါ့။ နည်းအမျိုးမျိုးနဲ့တော့ နှစ်ဘက်စလုံးကို မျှတအောင်လုပ်ရမှာပဲ။
ကျွန်မတို့ တကယ့်ကို စဉ်းစဉ်းစားစားနဲ့ သုတေသနလုပ်ပြီးတော့ အဖက်ဖက် ကနေလေ့လာပြီးတော့   ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရော တန်းတူညီတူတိုး တက်နိုင်အောင်၊ ကိုယ့်ရဲ့အားသာချက်ကို ကိုယ်အပြည့်အဝ အသုံးချနိုင်အောင်လို့ အဲသလိုပညာရေးစနစ်မျိုးကို ထူထောင်ဖို့ ကြိုးစားနေပါတယ်။´´  
 
``ကျောင်းရဲ့ သင်ရိုးညွှန်းတမ်းတွေမှာကို တစ်ပတ်တစ်ခါလောက် စာကြည့်တိုက်တွေမှာ စာဖတ်တဲ့အလေ့အကျင့်ရှိဖို့ပါ။ စာကြည့်တဲ့အခန်းမရှိရင် Library အချိန်လို့ခေါ်လိုက်လို့ရတာပေါ့။ စာကြည့်တိုက် အချိန်ဆိုရင်၊ ကိုယ့်မှာစာကြည့်ခန်းမရှိရင် ကိုယ့်ရဲ့အခန်းထဲမှာပဲ ဗီရိုထဲက စာအုပ်တွေထဲကရွေးပြီးတော့ စာဖတ်တာ၊ စာဖတ်တာဆိုတာ ကိုယ့်ရဲ့ စိတ်ဝင်စားမှုတွေအတွက်၊ ကျောင်းစာနဲ့ ဘာမှမဆိုင်ဘူး။
ကျောင်းကတည်းက စာအုပ်နဲ့ မရင်းနှီးတဲ့သူတွေက တက္ကသိုလ်ရောက်မှ စာကြည့်တိုက်ထဲမှာသွားပြီး ထိုင်ချင်တဲ့စိတ်ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ စာဖတ်ခြင်းကို ကလေးတွေ ဝါသနာပါအောင်၊ စာဖတ်ခြင်းမှာ သာယာအောင် လုပ်ပေးဖို့ဆိုတာ ကျောင်းကလည်းလုပ်ပေးရမယ်၊ မိဘတွေကလည်းလုပ်ပေးရမယ်။
 
တခြားနည်းလမ်းနဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာစဉ်းစားရမယ်။ အရပ်က စုပေါင်းပြီး ကလေးတွေ အတူတူဆော့တာတို့၊ ကလေးထိန်းဌာနရယ် မဟုတ်ဘူးပေါ့။ ကလေးကစားဝိုင်းတွေ လုပ်ပေးနိုင်မလား၊ ကလေးစာဖတ်ဝိုင်းတွေ လုပ်ပေးနိုင်မလား။ ကလေးတွေအနေနဲ့ ကိုယ့်ရဲ့ ရပ်ရွာအတွင်းမှာ ဗဟုသုတအတွက် သမိုင်းနဲ့ဆိုင်တဲ့ အဆောက်အအုံတွေသွားကြည့်တာတို့ အမျိုးမျိုးပေါ့။ အမျိုးမျိုးစဉ်းစားရမယ်။ ဒါအားလုံးဝိုင်းပြီး ကြိုးစားရမှာပဲ။
 
ငယ်ငယ်ကတည်းက စာအုပ်တွေနဲ့ ရင်းနှီးနိုင်ဖို့ဆိုရင် စာအုပ်တွေ အများအပြား ပြည်သူတွေလက်ထဲကို ရောက်ဖို့လိုတယ်။ စာကြည့်တိုက် တွေရှိရမယ်။ စာအုပ်ဆိုင်တွေရှိရမယ်။ ပြီးတော့ အိမ်တိုင်းအိမ်တိုင်းမှာ စာအုပ်စင်တွေရှိရင် ကောင်းတယ်။ 
တချို့အိမ်တွေမှာ စာအုပ်စင်ကိုမရှိဘူး။ စာအုပ်စင်အိမ်မှာ ထားရကောင်းမှန်းတောင် မသိကြဘူး။
 
စာအုပ်ဆိုတာကျောင်းမှာမှ တွေ့ရတဲ့ကိစ္စ၊ လွယ်အိတ်ထဲမှာ စာကျက်ဖို့ ထည့်ထားတဲ့ ပစ္စည်းတစ်ခုလိုဖြစ်နေတယ်။ ကျွန်မတို့နိုင်ငံမှာ ရသစာပေ တိုးတက်စေချင်တယ်။ ရသစာပေပဲဖြစ်ဖြစ်၊ သုတစာပေပဲဖြစ်ဖြစ် စာပေတိုးတက်စေချင်တယ်။ ဗဟုသုတပွားများစေချင်တယ်ဆိုရင်တော့ စာပေနဲ့ ပြည်သူလူထုနဲ့ ရင်းနှီးအောင် နီးစပ်နိုင်အောင် လွယ်လွယ်ကူကူ ကုန်ကျစရိတ်မများဘဲ စာပေကို လက်လှမ်းမီနိုင်အောင် အားလုံးဝိုင်းပြီးလုပ်ရမယ်လို့ထင်ပါတယ်။ အစိုးရချည်းပဲ လုပ်ပေးလို့မရပါဘူး။ ပုဂ္ဂလိကလည်း ကူညီသင့်ပါတယ်။ ဥပမာ စာကြည်တိုက်တွေ လှူတာတို့၊ စာအုပ်တွေ လှူတာတို့ စသဖြင့် ကိုယ်တနိုင်တနိုင် ဝိုင်းပြီးကူညီပေးကြပါလို့ ကျွန်မအနေနဲ့ အခွင့်အရေးရှိတုန်း မေတ္တာရပ်ခံပါတယ်´´ဟု ပြန်လည်ဆွေးနွေးပြောကြားသည်။
 
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူ လူငယ်များနှင့်အတူ စုပေါင်း၍ မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။