နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ် ကွန်မြူနစ် ပါတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ၊ အတွင်းရေးမှူး ချုပ်ရုံး၏ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာန ဝန်ကြီးနှင့် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌတို့အား သီ

နေပြည်တော် ဇူလိုင် ၁၀

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ် ပါတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ၊ အတွင်းရေးမှူး ချုပ်ရုံး၏ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ ၏ ပြန်ကြားရေးဌာန ဝန်ကြီး H.E. Huang Kunming ဦးဆောင်သော အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ- တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ အထူးသဖြင့် နှစ်နိုင်ငံ အကြား ယဉ်ကျေးမှုနှင့် ပြန်ကြားရေး ကဏ္ဍ တို့တွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ Ms. Victoria Kwakwa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ လူမှုရေးနှင့် စီးပွားရေး အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အတွက် ကမ္ဘာ့ဘဏ်မှ ကူညီပံ့ပိုးမှုများ ပေးအပ်သွားမည် ဖြစ်ကြောင်း ကမ်းလှမ်း ပြောကြားခဲ့ပြီး ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံသို့ လာမည့် (၂) နှစ်အတွင်း ပေးအပ်မည့် ဘဏ္ဍာငွေပံ့ပိုးမှု အစီအစဉ်များ ရေးဆွဲရေးနှင့် ပတ်သက်၍ ဦးစားပေး ကဏ္ဍများ အပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။ မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး စီမံချက် (Myanmar Sustainable Development Plan - MSDP) တွင် ပါဝင်သော ရည်မှန်း ချက်များနှင့် အညီ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်း ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ် အနေဖြင့် နည်းပညာနှင့် ဘဏ္ဍာငွေ ပံ့ပိုးမှုများ ဆက်လက် ပေးအပ်သွားမည့် ကိစ္စများနှင့် ငြိမ်းချမ်းရေး ရရှိလာသည့် ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးရေးတို့ကို အကူအညီပေး ဆောင်ရွက် သွားရန်လည်း ဆွေးနွေး ကြသည်။

ထို့ပြင် ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး၊ နေရာချ ထားရေး လုပ်ငန်းစဉ်တို့နှင့် ပတ်သက်၍ လည်းကောင်း၊ ရခိုင်ပြည်နယ် အပါအဝင် ပဋိပက္ခအခြေအနေ များကြောင့် ထိခိုက်ခံစားရသူများ အားလုံးနှင့် အသိုက် အဝန်း အားလုံးအတွက် အကျိုး ဖြစ်ထွန်းစေမည့် စီးပွားရေး အခွင့်အလမ်းများ ဖန်တီးရေး၊ အသေးစားနှင့် အငယ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဖန်တီးရေး၊ အရေးပါသည့် လူမှုဝန်ဆောင်မှု အထောက်အပံ့များ ရရှိနိုင်ရေး စသည့် အစီအမံများအတွက် အထောက် အပံ့များ ပေးအပ်နိုင်မည့် စီမံချက်များနှင့် ပတ်သက်၍ လည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြ သည်။

(သတင်းစဉ်)