ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ ၆/၂၀၁၈ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဇူလိုင် ၁၀

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ ၆/၂၀၁၈ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့ရာ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြု ချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ပူးတွဲဥက္ကဋ္ဌ ဖြစ်သူ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ကော်မတီ အတွင်းရေးမှူး ဖြစ်သူ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ တွဲဖက် အတွင်းရေးမှူး ဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများမှ ကော်မတီဝင်များ တက်ရောက်သည်။

အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက ယနေ့ အစည်းအဝေးသည် ၂၀၁၈ ခုနှစ် အတွင်း (၆) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး ကော်မတီ စတင်ဖွဲ့စည်းချိန်မှ ဆိုလျှင် (၁၅) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် တစ်ခုလုံး လုံခြုံရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိရေး စသည့် အချက်(၃)ချက်ကို အဓိကထား အကောင်အထည်ဖော် ဆောင်ရွက် နေပါကြောင်း၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက် (၈၈) ချက်တွင် အချက်(၈၀) ခန့်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရန် ကျန်ရှိသည့် အချက်များကို ဆောင်ရွက်နိုင်ရေး အတွက်လည်း ပြည်နယ် အစိုးရနှင့် တက်ရောက်လာကြသည့် ကော်မတီ အဖွဲ့ဝင်များမှ ဝိုင်းဝန်း ဆွေးနွေး ကြစေလိုပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက် ချက်များကို ထုတ်ပြန်မှု အနေဖြင့် ဒုတိယအကြိမ် ပြည်သူသို့ အစီရင်ခံစာကို နိုင်ငံပိုင် သတင်းစာများတွင် ဇွန် ၂ ရက် တွင် မြန်မာဘာသာ ဖြင့် လည်းကောင်း၊ ဇွန် ၁၇ ရက်တွင် အင်္ဂလိပ် ဘာသာဖြင့် လည်းကောင်း ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ တတိယ အကြိမ် ပြည်သူသို့ အစီရင်ခံစာ ထုတ်ပြန် နိုင်ရေးအတွက်လည်း ဆောင်ရွက်နေပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်း မြေပြင်တွင် ပြန်လည်ဆန်းစစ် လျက်ရှိပါကြောင်း၊ လက်တွေ့ အခြေအနေ ပြောင်းလဲမှု အမှန်တကယ် ဖြစ်ပေါ်ရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

ယင်းနောက် ဆောင်ရွက်ရန် ကျန်ရှိသည့် အကြံပြု ချက်များ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ကော်မတီ ဥက္ကဋ္ဌ၊ ပူးတွဲဥက္ကဋ္ဌနှင့်အတူ တက်ရောက်လာကြသည့် ကော်မတီဝင်များက ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြသည်။

ပူးတွဲကော်မတီ ဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ဆွေးနွေးရာတွင် ပြည်နယ် အစိုးရ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ကျန်ရှိနေသည့် လုပ်ငန်းများကို ပြန်လည်ဆန်းစစ်ပြီး ဆက်လက် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း၊ IDP စခန်းများ ပိတ်သိမ်းရေးကို စနစ်တကျ ဆောင်ရွက်နိုင်ပါရန် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး IDP စခန်းကို ပိတ်သိမ်းနိုင်ရေး အတွက် စီမံချက် ချမှတ်ပြီး ဆောင်ရွက်နေပါကြောင်း၊ ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဒေသဖွံ့ဖြိုးရေး စီမံချက်ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ NV Card ဆောင်ရွက်မှုသည်လည်း အောင်မြင်မှုများ ရရှိပါကြောင်း၊ အတူလက်တွဲ နေထိုင်ရေးအတွက် သိမ်သိမ်မွေ့မွေ့၊ ခက်ခက်ခဲခဲဖြင့် ဆောင်ရွက်နေရပါကြောင်း၊ ကိစ္စတိုင်းအတွက် လုံခြုံတည်ငြိမ်ရေးကို ဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက် ရာတွင် ဒေသခံ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများနှင့် ဆွေးနွေး ညှိနှိုင်းကာ ပြည်သူ၏အသံ နားထောင်ပြီး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ ကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြန်လည်လက်ခံရေး စခန်းများတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ သတင်းနှင့် မှုခင်းတပ်ဖွဲ့တို့မှ ဝန်ထမ်း အင်အားများကို တိုးမြှင့်ချထားရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ လှဖိုးခေါင် အဝင်လမ်းဖြစ်သည့် မောင်တော-ရွှေဇား-ပြင်ဖြူလမ်းဆုံ ကတ္တရာခင်းခြင်းကိုလည်း နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဆောင်ရွက်လျက် ရှိပါကြောင်း၊ လှဖိုးခေါင်စခန်း အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါကြောင်း ဆွေးနွေးသည်။

ယင်းနောက် ကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရခိုင် ပြည်နယ်အတွင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ မြေပုံ IDP စခန်း ပိတ်သိမ်းရေး လုပ်ငန်းများ၊ လှဖိုးခေါင် အဝင်လမ်း ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးသည်။

ကော်မတီ တွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက အကြံပြုချက်များ အပေါ် ဆောင်ရွက်မှု အခြေအနေများကို အဖွဲ့ဝင် ဝန်ကြီးဌာန များက လစဉ်တင်ပြချက်များ အပြင် ထူးခြားချက်များ ရှိပါက ကော်မတီသို့ အချိန်နှင့် တစ်ပြေးညီ တင်ပြစေလို ပါကြောင်း၊ ပြန်လည်လက်ခံရေး စခန်းများတွင် ဝန်ထမ်းအင်အား ဖြည့်တင်း ရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ပြန်လည် လက်ခံရေး ဆောင်ရွက်မှု ကိစ္စရပ်များ၊ ပြန်လည် လက်ခံရေး စခန်းများတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးမှု အခြေအနေများကို ဆွေးနွေးသည်။

ဆက်လက်ပြီး ကော်မတီဝင် ဝန်ကြီးဌာန အသီးသီး၏ တင်ပြ ဆွေးနွေးချက်များ အပေါ် ကော်မတီ ဥက္ကဋ္ဌနှင့် ပူးတွဲဥက္ကဋ္ဌတို့က လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းညှိနှိုင်း ပေးခဲ့ကြောင်း သတင်းရရှိ သည်။

(သတင်းစဉ်)