မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယ အကြိမ် အစည်းအဝေး၌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် ဇူလိုင် ၁၀

မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ၏ ဒုတိယ အကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဦးအောင်ကိုမြင့်၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လူမှုရေး ဆိုင်ရာဝန်ကြီးများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မသန်စွမ်းသူများ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မသန်စွမ်း ဆက်စပ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ထုတ်ပြန်ခဲ့သည့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့အစီရင်ခံစာ(၂၀၁၀) အရ ကမ္ဘာ့လူဦးရေသန်း ၁၀၀၀ ကျော်သည် မသန်စွမ်းမှု တစ်မျိုးမျိုး ခံစားနေကြရပါကြောင်း၊ မသန်စွမ်းသူများသည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အလုပ်အကိုင် စသည့် အခွင့်အလမ်းများကို အများနည်းတူ အလွယ်တကူ လက်လှမ်းမီ ရရှိခံစားမှု နည်းပါးခြင်း အပြင် ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားခြင်း၊ အလုပ်လက်မဲ့နှုန်း မြင့်မားခြင်း၊ ဝင်ငွေမလုံလောက်ခြင်း တို့ကိုလည်း ကြုံတွေ့နေကြရပါကြောင်း။

ထိုသို့ အခြေအနေဆိုးများကို လျှော့ချနိုင်စေရန်အပြင် မသန်စွမ်းသူတိုင်း လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့် အားလုံး ညီမျှစွာ အပြည့်အဝ ရရှိရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ တိုးမြှင့်လုပ်ဆောင်နိုင်ရန်၊ မသန်စွမ်းသူများ၏ မွေးရာပါ ဂုဏ်သိက္ခာအား ပိုမိုလေးစားမှု ရှိစေရန် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ၂၀၀၆ ခုနှစ် တွင် ချမှတ်ခဲ့ပါကြောင်း။

နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံလူဦးရေ၏ ၂ ဒသမ ၃ သန်းကျော်သော မသန်စွမ်းသူများ၏ လူ့အခွင့်အရေးများနှင့် အခြေခံ လွတ်လပ်ခွင့်များကို အသိအမှတ်ပြု ဆောင်ရွက်သည့် အနေဖြင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်နိုင်ငံ အဖြစ် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများကို အခြေပြုသည့် တရားမျှတမှု၊ ကောင်းကျိုးစီးပွားနှင့် လူ့အဖွဲ့အစည်းအတွင်း လူတန်းစေ့ ပါဝင်ဆောင်ရွက်နိုင်မှုတို့ကို ပြည့်မီစွာ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။

နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ် တွင်လည်းကောင်း၊ နည်းဥပဒေများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် လည်းကောင်း အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် မသန်စွမ်းသူများ၏ မျှော်လင့်ချက် တစ်ခုဖြစ်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၇ဝ/၂ဝ၁၇)ဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ပထမအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီနှင့် နေပြည်တော် ကော်မတီများ ဆက်လက်ဖွဲ့စည်းရန်၊ မသန်စွမ်းသူများ သွားလာရ လွယ်ကူစေရန် အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားရန်၊ မသန်စွမ်း ကလေးငယ်များ Free Education ခံစားရရှိစေရန် အတွက် ပညာရေး ဝန်ကြီးဌာနက ဆောင်ရွက်ရန် စသည့် ကိစ္စရပ်များကို ပထမ အကြိမ် အမျိုးသား ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ခြင်းသည် မသန်စွမ်းသူများ၏ အခွင့်အရေးများ တိုးတက်ရရှိစေရန် အတွက် ကနဦး ခြေလှမ်းများ ဖြစ်သည်ဟု ယုံကြည်မိပါကြောင်း၊ ယင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များအရ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်း ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းရေး၊ လုပ်ငန်းကော်မတီအောက်တွင် သက်ဆိုင်ရာ ဆပ်ကော်မတီများ ဖွဲ့စည်းရေးနှင့် Department for International Development (UK)၏ ပံ့ပိုးမှုနှင့်အတူ အမျိုးသား ကော်မတီအတွက် နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းရေးတို့ကိုလည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

မသန်စွမ်းသူများ ပြန်လည် ထူထောင်‌ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် မသန်စွမ်းမှု အလိုက် လုပ်ငန်း အစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက် ရှိရာတွင် အမြင်အာရုံ မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိမှု ရေရှည် တည်တံ့စေရန်အတွက် မျက်မမြင် အကြောပြင် အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ အကြားအာရုံ မသန်စွမ်းသူများ အတွက် သတင်းအချက်အလက်များ လက်လှမ်းမီ ရရှိနိုင်ရေး စီမံကိန်း၊ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာစီမံကိန်း၊ ဉာဏ်ရည် မသန်စွမ်းသူများနှင့် စပ်လျဉ်းပြီး အော်တစ်ဇင်ကလေးနှင့် ပုဂ္ဂိုလ်များ၊ ဒေါင်းဆင်ဒရုန်း ကလေးနှင့် ပုဂ္ဂိုလ်များအတွက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ မသန်စွမ်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်နေသည်ကို တွေ့ရသည့် အတွက် ဝမ်းမြောက်မိပါကြောင်း။

ထို့ပြင် မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ဥပဒေရေးရာ၊ မသန်စွမ်းမှု အသိပညာ၊ ရပ်ရွာအတွင်း ပါဝင်ဆောင်ရွက်ခွင့် စသည်တို့နှင့် ပတ်သက်သည့် လုပ်ငန်းအစီအစဉ် များကိုလည်း နိုင်ငံတော် အစိုးရ၏ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ အတွက် ကိုယ်ချင်း စာနာမှုနှင့် ကူညီရိုင်းပင်းမှုတို့က မွေးရာပါ အလေ့အကျင့် ကောင်းများဖြစ်သည်ဟု ဆိုနိုင်ပါ ကြောင်း၊ ယင်းအလေ့အကျင့်ကောင်းများကို ရရှိလာသည့် အတွေ့အကြုံ ဗဟုသုတများနှင့် ပေါင်းစပ်ပြီး မသန်စွမ်းသူများ၏ဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အသွေး မြင့်မားရေးတို့ကို ဆောင်ရွက် သင့်ပါကြောင်း။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မူဘောင်အဖြစ် အသုံးပြုနိုင်သည့် ၂၀၃၀ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို ကမ္ဘာ့ကုလသမဂ္ဂက အတည်ပြု ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယင်းအထဲတွင်ပါသည့် ပန်းတိုင် (၁၇)ချက်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြည့်မီအောင် ဆောင်ရွက်နိုင်ပါက မသန်စွမ်းသူများ အပါအဝင် ထိခိုက်လွယ်သော အုပ်စုများ သာမက လူသားထု တစ်ရပ်လုံး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို ရရှိခံစားနိုင်မည် ဖြစ်ပါကြောင်း။

ယနေ့ နိုင်ငံတော်သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ အနေဖြင့် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် မသန်စွမ်းသူများ အတွက် ထည့်သွင်း စဉ်းစားပေးရေးနှင့် ပေါင်းစည်း ပါဝင်နိုင်ရေးတို့ကို သေချာစေရေးအတွက် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ဒေသတစ်ခု(သို့မဟုတ်) နိုင်ငံတစ်ခု ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်ရေးတွင် မည်သူတစ်ဦး တစ်ယောက်မျှ နောက်ကျကျန်ရစ် မနေစေရန်မှာလည်း အရေးကြီးပါကြောင်း။

ယနေ့ ကမ္ဘာ့နိုင်ငံ အများစုသည် စိန်ခေါ်မှု အများအပြားနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ယင်းစိန်ခေါ်မှု များကို ‌ဖြေရှင်းဆောင်ရွက်ရာတွင် ပူးတွဲဆောင်ရွက်ခြင်း၊ ပူးပေါင်းကူညီခြင်းနှင့် ပေါင်းစပ် ညှိနှိုင်းခြင်း တို့ကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မသန်စွမ်းသူများကို မိမိတို့နှင့်တန်းတူ လူသားမျိုးနွယ်ဝင် ဖြစ်သည်ကို အသိအမှတ်ပြုပြီး ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးဖို့ ခံနိုင်စွမ်းသော လူ့ဘောင်သို့ အားလုံးပါဝင် ပြောင်းလဲစို့” ဟု ဆိုသည့်အတိုင်း လက်တွဲဆောင်ရွက် သွားကြရန် အလွန်အရေးကြီးကြောင်း တိုက်တွန်း ပြောကြားလိုပါကြောင်း။

မသန်စွမ်းသူများ အနေဖြင့်လည်း သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများ အပါအဝင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်များတွင် မိမိတို့ ရရှိထားသည့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို အသုံးချပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းမှာ ကြားလိုပါကြောင်း။

မသန်စွမ်းမှု အကျုံးဝင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ရည်မှန်းချက် များအောင်မြင်ရန်၊ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် ပေးကြရန်၊ သဘာဝဘေး လျော့ပါးရေးနှင့် အရေးပေါ် တုံ့ပြန်မှုများ ဆောင်ရွက်ရာတွင် မသန်စွမ်းသူများကို ချန်လှပ်မထားဘဲ ပူးပေါင်းပါဝင်စေခြင်း၊ ၎င်းတို့၏ လိုအပ်ချက်များကို ထည့်သွင်း စဉ်းစားခြင်းများ ဆောင်ရွက်ပေးကြရန်၊ အတားအဆီး ကင်းသော လုပ်ငန်း၊ အလုပ်နေရာ၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးပြီး ခေတ်မီ နည်းပညာများ လက်လှမ်းမီ အသုံးပြုနိုင်အောင် ကူညီဆောင်ရွက် ပေးကြရန်၊ နေ့စဉ်နှင့်အမျှ အံ့မခန်းတိုးတက် နေသည့် အတတ်ပညာနှင့် ခေတ်မီနည်းပညာများကို မသန်စွမ်းသူများ လက်တွေ့ အသုံးချနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် မသန်စွမ်းသူများ အတွက် သင့်လျော်သည့် ပတ်ဝန်းကျင်နှင့် အဆောက်အဦများ ဖြစ်လာအောင် ဆောင်ရွက်ပေးခြင်းအားဖြင့် မသန်စွမ်းသူများ၏ဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်းများ ပိုမိုအောင်မြင်ရန်အတွက် ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နေမှု၊ မသန်စွမ်းများ အတွက် ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ထားမှု၊ မသန်စွမ်းသူများ၏ ဘဝ ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က နိုင်ငံသားများ နည်းတူ တန်းတူ အခွင့်အရေး ရရှိရန် ဆောင်ရွက်ပေးရေး၊ နိုင်ငံရေးနှင့် ပြည်သူ့နယ်ပယ်များတွင် ပါဝင်နိုင်ရေး၊ ပညာရေး၊ လူမှုရေး နယ်ပယ်များတွင် အပြည့်အဝ ခံစားခွင့်ရရှိရေး၊ ခွဲခြားဆက်ဆံမှု မရှိရေး၊ မူဝါဒပိုင်းနှင့် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများ စတင်ချမှတ်ရေး စသည့် မသန်စွမ်း သူများ၏ အခွင့်အရေးများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ လုပ်ငန်းကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် တို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အစည်းအဝေးသို့ တက်ရောက် လာကြသူများနှင့် အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် အစည်းအဝေး ဒုတိယပိုင်း အစီအစဉ်ကို ဆက်လက် ကျင်းပရာ အစည်းအဝေးသို့ တက်ရောက်လာကြသော မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ အဖွဲ့ဝင်များ၊ ဆက်စပ် ဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မသန်စွမ်းသူများ အသင်းချုပ်နှင့် မသန်စွမ်းသူများ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် မသန်စွမ်း ဆက်စပ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ပူးပေါင်းဆောင်ရွက် သွားရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

Ref; Myanmar President Office