နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူနှင့် ဦးသိန်းဆွေ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီခွဲတွင် မော်တော်ယာဉ်များဖြင့် တောင်ကြီးမြို့ မှ ဟဲဟိုးလေဆိပ် သို့ရောက်ရှိကြသည်။

ထိုမှတဆင့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် တပ်မတော် အထူးလေယာဉ်ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လာရှိုးလေဆိပ်သို့ ရောက်ရှိကြရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီး ဦးညီညီအောင်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့်ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ရိုးရာယဉ်ကျေး မှုအကအဖွဲ့များနှင့်တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် လားရှိုးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်သည့် ပြည်နယ်အစိုးရ၊ ပြည်နယ်တရားလွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီး အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်၊ခရိုင်နှင့် မြို့နယ် များမှ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့လာရောက်ရခြင်းမှာ အမျိုးသားအကျိုးစီးပွားကိုမျှော်ကိုး၍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များလုပ်ဆောင်ရာတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၏ အခြေအနေများ၊ အားနည်းချက် အားသာချက်များကို သိရှိမြင်တွေ့နိုင်ရန်လာရောက်ရခြင်း ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှု များဆောင်ရွက်ရာတွင် မှုဝါဒများချမှတ်ထားပါကြောင်း၊ အဆိုပါမူဝါဒ များကို သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများတွင် တာဝန်ယူဆောင်ရွက် နေကြသူများ က ပိုမိုကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ နိုင်ငံ၏လူမှုစီးပွားဘ၀ များမြင့်မားလာပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပြည်သူ ကိုဗဟိုပြုသည့် ပြည်သူကိုမျက်နှာမူသည့် အုပ်ချုပ်ရေးကဏ္ဍဖြစ်စေလိုပါကြောင်း၊ တရားမျှတသည့် အုပ်ချုပ်ရေးကဏ္ဍဖြစ်စေရန် အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိသူများသည် အဓိကကျပါ ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်စေသည့် အုပ်ချုပ်ရေးစနစ်ဖြစ်စေလိုပါကြောင်း၊ ပြည်သူလူထု၏ လွတ်လပ်မှု၊ လုံခြုံမှုနှင့် ပျော်ရွှင်မှုကို အကာအကွယ် ပေးသည့် အုပ်ချုပ်ရေးယန္တရား ဖြစ်စေလိုကြောင်း။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရပ်ဖက်အဖွဲ့ အစည်းများနှင့် ရပ်မိရပ်ဖများပိုမိုပူးပေါင်းပါဝင်နိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တားဆီးနှိမ်နင်းရေး လုပ်ငန်းများ အတွက် သတင်းပေးသူကို ဖမ်းဆီးရမိသည့် အဆောက်အဦ၊ ယာဉ်နှင့် ရွှေငွေတို့မှထိုက်သင့်သည့်အချိုးကို ချီးမြှင့်ငွေများအဖြစ် ပေးအပ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်းနင်းရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်နှိမ်နင်းရေးသည် ပြည်သူများ အပါအဝင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ ပိုမိုအောင်မြင်မည် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးကိစ္စများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနများသို့ တိုင်ကြားနိုင်ပါကြောင်း၊ ထူးခြားသည့် အခြေအနေနှင့် ကြီးမားသည့် အမှုကိစ္စရပ်များကို နိုင်ငံတော် သမ္မတရုံး၊ မူယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနသို့ တိုင်ကြားနိုင်ပါကြောင်း။

သိမ်းဆည်းခံလယ်ယာမြေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒ များနှင့်အညီဆောင်ရွက်ကြစေလိုပါကြောင်း၊ သိမ်းဆည်းခံရသည့် လယ်ယာခြံမြေများကို ပြန်လည်စွန့်လွှတ်နိုင်ရန် အမြန်ဆုံး စိစစ်ကြရန် လိုကြောင်း၊ စွန့်လွှတ်ပြီးသည့်သိမ်းဆည်း ခံလယ်ယာမြေများကို မူလပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံကြရန်လိုကြောင်း၊ အပ်နှံပြီး သည့်စွန့်လွှတ်လယ်ယာခြံမြေများကိုလည်း တရားဥပဒေနှင့်အညီ အမြန်ဆုံးလုပ်ကိုင်ခွင့်ရရှိ နိုင်ရေးကို ဆောင်ရွက်ပေးကြရမည်ဖြစ် ပါကြောင်း။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥပဒေများနှင့်အညီ ထိရောက်စွာဆောင် ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ အထိဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကင်းရှင်းစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကို ဆူကြုံနိမ့်မြင့်မရွေး ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းလျက်ရှိပါကြောင်း၊ အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန် ဆောင်ရွက်နေပါကြောင်း။

တရားစီရင်ရေးကဏ္ဍတွင် ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆင့်ဆင့်တာဝန်ယူတာဝန်ခံ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေတွင်ပါဝင်သည့် ပြဋ္ဌာန်းချက်များ၊ တရားစီရင်ရေးနှင့် စပ်လျဉ်းသည့် တည်ဆဲဥပဒေပါ အင်္ဂါရပ်များအတိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ တရားဥပဒေ၏ရှေ့မှောက်တွင်နိုင်ငံသူနိုင်ငံသားများအားလုံး အညီအမျှဖြစ်ကြရမည်ဖြစ်ပါကြောင်း၊ ဥပဒေနှင့် အညီဆောင်ရွက် လုပ်ကိုင်ကြရန်လိုကြောင်း။

ဝန်ထမ်းများသည် နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းမှ ကျခံသုံးစွဲသည့် လစာ၊ စရိတ်ငွေနှင့် အခြားခံစားခွင့်များကို ခံစားကြရပါကြောင်း၊ အဆိုပါ ဝန်ထမ်းများတွင် အခွင့်အရေးနှင့် တာဝန်ယူမှုများရှိပါကြောင်း၊ အခွင့်အရေး ကိုမှန်ကန်စွာသုံးစွဲပြီး တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန်လိုကြောင်း၊ ပြည်သူ့ဘဏ္ဍာကိုခံစားနေကြသည့် ဝန်ထမ်း များသည် ပြည်သူ့တာဝန် များကို တရားဥပဒေနှင့်အညီ ကျေပွန်စွာထမ်းဆောင်ကြရမည် ဖြစ်ပြီး ပြည်သူကိုလေးစားစွာအလုပ်အကျွေးပြုကြရမည် ပြည်သူကို ဝန်ဆောင်မှုများ ပေးကြရမည် ဖြစ်ပါကြောင်း။

ပြုပြင်ပြောင်းလဲလိုသည့် မိမိတို့၏ စိတ်နေသဘောထားများကို ပြန်လည် သုံးသပ်ကြ ရမည်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမည့် အချိန်အခါ အခွင့်ကောင်းကို လက်တွေ့ကျကျ အသုံးပြုကြရမည်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ဝတ္တရားများကို တိုင်းပြည်နှင့် လူမျိုးအတွက် ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ဝေဒနာကို ဖြေသိမ့်၍ ပြည်သူတို့၏ဝေဒနာများကို တရားဥပဒေနှင့်အညီကုစားပေးခြင်းနှင့် ဖြည့်ဆည်း ပေးခြင်းတို့သည် ဝန်ထမ်းများ၏ အလှတရားပင် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတည်ဆောက်ရေးကိုဦးတည်ဆောင်ရွက်နေပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီများ အားလုံး အချိုးကျကျ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော်ဆောင် ရွက်လျက် ရှိနေပါကြောင်း၊ တိုင်းရင်းသားများ၏လိုလားတောင့်တမှုများကို ပင်လုံစိတ်ဓာတ် ကိုအခြေခံသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများဖြင့် အဖြေရှာဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်း သာယာ၀ပြောရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးကို အလေးထား ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ တရားမျှတမှုရရှိရန်မှာ အားလုံးတွင် တာဝန်ရှိ ကြပါကြောင်း၊ တရားမျှတမှု ရရှိရေး အကောင်အထည် ဖော်ခြင်းသည် လူ့အဖွဲ့အစည်း ကိုခိုင်မာတောင့်တင်းစေပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက် ရေးကိုအထောက်အပံ့ဖြစ်စေပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်နိုင်မှသာစည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းသာယာ၀ပြောစည်ပင်လာမည်ဖြစ်ပါ ကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတည်ဆောက်ရေးအတွက်ကျရာအခန်း ကဏ္ဍများမှ မိမိတို့အားလုံးအုတ်တစ်ချပ်သဲတစ်ပွင့်ပမာ အထောက် အကူဖြစ်စေရန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည် ဖြစ် ပါကြောင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အခမ်းအနားသို့ တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် တပ်မတော် အထူးလေယာဉ်ဖြင့် လားရှိုးမြို့မှနေပြည်တော်သို့ပြန် လည်ရောက်ရှိကြသည်။

Ref; Myanmar President Office