ပြည်သူ့စကားဝိုင်း တုနှိုင်းမမီ တိုင်းကားပြည်ဝယ်

Mon, 01/29/2018 - 18:22 -- moi-admin

ကိုရင်ဩ

မြေမြင်းမိုရ်သည်စိမ်းစိမ်းရွှင်ရွှင် မြက်သစ်ပင်တို့အားဖွံ့ထွားစည်ပင်ရန် ကျေးဇူးပြုဘိသကဲ့သို့ လူထုအခြေပြု ဗဟိုဌာနမှာလည်း လူထုအား ပညာအလင်းပြမည့်ဌာနအဖြစ်သို့ ပြုပြင်ပြောင်းလဲလျက် ရှိသည်ကို ကျွန်ုပ်တွေ့ရှိရလေသည်။

ပြည်သူတို့၏ အသိတရားကို နှိုးထပေးစေနိုင်သည်ကား စာအုပ်စာပေ လူ့မိတ်ဆွေ ပါပေတည်း။ ပြည်သူတို့၏ အသိတရားကို ပွားများစေရေးအတွက် စာအုပ်စာပေသည် အခြေခံအကျဆုံးဖြစ်၏။ ဘဝတွင်ရရှိလာသည့် အသိအမြင် အတွေးအခေါ်များမှာ စာအုပ်စာပေအပေါ်တွင် ထင်ဟပ်နေ၏။ လူတစ်ဦး အနေဖြင့် ဘဝအတွေ့အကြုံရရှိမှုမှာ အကန့်အသတ်ဖြင့်သာ ဖြစ်၏။သို့တစေ စာပေကပေး စွမ်းသော အတွေ့အကြုံမှာကားအနှိုင်းမဲ့၏၊ ကာလမဲ့၏။ နယ်ပယ်ပေါင်းစုံ၊ သက်ရှိပေါင်းစုံ၊ လူပေါင်းစုံတို့၏ ဖြစ်တည်မှု၊ စိတ်ခံစားမှု၊ဘ၀ဖြတ်သန်းမှုတို့မှာ စာပေတွင် ထင်ကျန်နေ၏။လူမျိုးတင့်ဖို့ စာပေမြှင့်ဖို့လို အပ်ချိန်တွင် ပြည်သူများ၊အထူးအားဖြင့် မျိုးဆက်သစ်လူငယ်တို့မှာ အဆင့်အတန်းမြင့်သော စာပေအသိုက် အမြုံအတွင်း ပျော်မွေ့နေစေရန် လူကြီးမိဘများက ဝိုင်းဝန်းပြုစုပျိုးထောင်ပေးရပေမည်။

စာပေအသိုက်အမြုံ ဖွဲ့မည်ဆိုလျှင် တစ်နိုင်တစ်ပိုင်ဖြစ်ဖြစ်၊ အသင်းအဖွဲ့လိုက်ဖြစ်ဖြစ် တတ်စွမ်းသလို ဖွဲ့ကြဖို့လိုပါမည်။ စာပေမြင့်မားရေးအတွက် အစိုးရကအမျိုးသားရေးဦးတည်ချက်တစ်ရပ်အဖြစ် မြှင့်တင် အားပေး ရပေလိမ့်မည်။

ပညာရည်နို့ သောက်စို့နေကြသော ကျောင်းသူကျောင်းသားများမှာ ကျောင်းသင်ခန်းစာတွင်သာမက စာအုပ် စာပေရသကိုပါ ခံစားတတ်ကြဖို့၊ ခံစားနိုင်ကြဖို့ လိုလိမ့်မည်။ လူထုစာကြည့်တိုက်များ အရေးပါသလို ကျောင်းစာကြည့်တိုက်များလည်း အရေးပါပေလိမ့်မည်။

အသိဉာဏ်ကိုတိုးပွားစေခြင်း၊ ရှင်သန်စေခြင်း၊ ရရှိသည့်အသိဉာဏ်ဖြင့် အသိတရားကို နှိုးထပေး နိုင်ခြင်းရှိသော စာကောင်းပေသန့်တို့သည် ပြည်သူတို့အပန်းဖြေနားနေချိန်တွင် အတူယှဉ်တွဲ ရှိနေ အပ်သော ထာဝရအဖော်မွန် ဖြစ်ပေရာ ယခုခေတ် ပြုသစ်စာမှာ၊ရှုချစ်စရာ ရွေးမျှမနော ဟု ကျွန်ုပ် ဆိုလိုက် ချင်သည်။

ထာဝရအဖော်မွန်၊ ဘဝအဖော်မွန်ဖြစ်သော စာကောင်းပေသန့်၏ သစ္စာရှိသော မိတ်ဆွေကောင်း အဖြစ် ပြည်သူတို့ အလယ် ဝင့်ထည်လာမည်ဆိုပါလျှင် မိမိတို့၏ ရပ်ရွာအတွင်း ပညာရှိ သူတော်စင်ကြီး တစ်ဦး အနီးကပ်ရှိနေပုံမျိုးဖြစ်ပေရာ ကျက်သရေတင့် နေဝင့်သလို အားရဖွယ်ရာပါပေတည်း။

လူထုအခြေပြု စာကြည့်တိုက် အဖြစ် အဆင့်မြှင့်တင်လျက်ရှိကြကုန်သော ပြန်ဆက် စာကြည့်တိုက်များ၏ လက္ခဏာ ကြီးငယ်များ အသို့ရှိပါစဟု ကျွန်ုပ် စူးစမ်းမိလေသော် စာကြည့်တိုက်ဟူသည်ကား  စာကောင်း ပေသန့်တည်းဟူသော ရတနာမျိုးစုံ ကိန်းအောင်းတည်ရှိရာလိုဏ်ဂူ၊ အတတ်ပညာမျိုးစုံ၊ အသိပညာမျိုးစုံ၊ အနုပညာမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံ၊ သဘာဝတ္ထ ပညာမျိုးစုံ၊ကျန်းမာ ချမ်းသာစွာနေထိုင်နည်းမျိုးစုံ၊ တက်ကျမ်းမျိုးစုံတို့ ရှိနေသောနေရာ၊ လောကလူသားများအား တစ်ထောင့်တစ်နေရာမှ အလင်းပေးသော စာရေးဆရာများ၏ ရင်နှစ်သည်းချာ ရတနာများကို မြှုပ်နှံထားရာ လိုဏ်ဂူအဖြစ် ကျွန်ုပ်ရှုမြင်မိ၏။

စာပေပိဋကတ်တိုက် (ဝါ) စာကြည့်တိုက်ဟူသည်ကား သူရဿတီနတ်သမီးစောင့်သော စာပေရတနာ သိုက်သဖွယ် အနုပညာဖြင့် ထုံမွှမ်းထားပြီးလျှင် စာရှုသူသိုက်တူးသမားများက စိတ်အေးလက်အေး တူးဖော်နိုင်ကြသည့်နေရာဖြစ်သည်။ ယက္ခဂုမ္ဘန်စောင့်သော နန်းစဉ်ရတနာသိုက်မှာမူ ခဲရာခဲကတ် တူးဖော် ရမည့်သိုက် ဖြစ်ရကား ပြည်သူတို့နှင့် မအပ်စပ်ပါချေ။

စာပေဟူသည် ဘ၀ရှေ့ဆောင် မီးရှူးတန်ဆောင်ဖြစ်ပြီးလျှင် ဤနေရာမှနေ၍ ကျွန်ုပ်လေးစားရပါသော စာပေ သမားကြီးတစ်ဦးဖြစ်သူ သာဂဒိုး ၏ အဆိုအမိန့်တစ်ရပ်ကိုပြန်လည်ကိုးကားလို၏။

သူက -

ကျွန်တော့အား သာဂဒိုးဖြစ်အောင် ဖန်ဆင်းလိုက်သည်မှာ စာအုပ်များဖြစ်ကြောင်း ကျွန်တော်က လူကြီးစုံရာ ကြုံတိုင်းတွင် အစဉ်ပြောသတည်း။ ကြည့် … ကျွန်တော်ဆိုသည်မှာ ပုသိမ်မြို့အရှေ့၊ မိုင် ၂၀ ကျော်အကွာက ဒါးက၊ ဒါးကမှတစ်ဖန် ရွာသုံးလေးရွာ ခြေကျင်တော်တော်လျှောက်နိုင်မှ ရောက်နိုင်သည့် ဖျာတန်းရွာ။ ထိုလိုနေရာတွင် ယောင်တီးယောင်တ လူ့ဘဝလာဖြစ်သောကျွန်တော်သည် စာအုပ်တွေက ဖန်ဆင်းဆောင်ရွက်ပေး၍သာ စာပေသမား၊ ရုပ်ရှင်ဒါရိုက်တာ၊ လူသိဝက်သိသတင်းစာသမားတွေအဖြစ် ရောက်နိုင်ခဲ့ခြင်းတည်း။

စာအုပ်ဆိုလျှင် နာနာရှိခိုး၊ ဆည်းကပ်တတ်ခြင်းသည်တရားလှပါသတည်း။ သို့သော် အရေးကြီးသည် ကား စာအုပ်တိုင်းလှသည်မဟုတ်၊ ချိုသည်မဟုတ်၊ ကောင်းသည်မဟုတ်၊ အားဖြစ်စေသည်မဟုတ်။

သေစေနိုင်သော စာအုပ်တွေလည်းရှိ၏။ ဉာဏ် ကလေးကူကြည့်တတ်မှ မိတ်ဆွေကောင်း စာအုပ်နှင့် လူဖြစ်နိုင်သောစာအုပ်ကို တွေ့သိနိုင်၏။ ဒါပဲတည်း။

ဆရာကြီး ရည်ညွှန်းသော သေစေနိုင်သောစာအုပ်ဟူသည်ကား ကိလေသာ အညှီအဟောက် ညစ်ညမ်းစာအုပ်၊ အဓမ္မဝါဒကို ဖြန့်ချိသောစာအုပ်၊ မျက်ကန်းမျိုးချစ်ဝါဒကို လှုံ့ဆော်သောစာအုပ် စသည့်စာအုပ်တို့ဖြစ်လိမ့်မည်ဟု ကျွန်ုပ်တွေးတောမိ၏။ ယင်းသို့သောဘုတ်အုပ်များကို ဆည်းကပ်မိပါလျှင် မီးကိုကြိုက်သည့်ပိုးဖလံပမာ ကိုယ်ကျိုးနည်းရလတ္တံ့ဟု အသိပေးလို၏။

သို့ဖြစ်ရကား သုတပညာအလိမ္မာကို ဖွေရှာတောင့် တကြကုန်သော ပြည်သူတို့သည် ရတနာခုနစ်သွယ် အံ့ဖွယ်ရှစ်မည် ဂုဏ်အပေါင်းတည်သော လေးမည်သာဂရပင်လယ်မကဲ့သို့ ဂမ္ဘီရော နက်နဲ ကျယ်ဝန်း လှသည့်ပြည်သူ့စာကြည့်တိုက်များ ထံပါးသို့ ချဉ်းကပ်ကြဖို့ လိုသည်မှာ ထင်ရှားပေပြီ။

လူထုအခြေပြု ဗဟိုဌာနနှင့် လူထုအခြေပြု စာကြည့်တိုက်တို့သည်ကား စာပေရေးရာ ဆွေးနွေးပွဲများ ကျင်းပရာနေရာ၊ စာရေးဆရာများနှင့် စာချစ်သူလူထုတို့ ဆုံဆည်းရာ နေရာ၊ စာပေတည်းဟူသော အသိတရားဖြင့်ကုသလာ ဓမ္မာ (ကုသိုလ်တရားတို့) တိုးပွားစေနိုင်သောနေရာအဖြစ်ထင်ရှားရှိကြကုန်၏။

ရပ်ရွာလူထု စုဝေးရာဖြစ်ပေရကား ရပ်ရေးရွာရေးကိစ္စ အဝဝအတွက် အကူအညီ တောင်းနိုင်သောနေရာ၊ ညီညာဖြဖြ ပေါင်းစည်းကြလျက် လုပ်ကိုင်ဆောင်ရွက်နိုင်သော နေရာ၊ ရပ်ရွာလူထုအတွက် ဘဝတန်ဖိုးရှိပြီး အသုံးကျသည့်နေရာဟုလည်း ဆိုနိုင်ပေလိမ့်မည်။ အို အချင်းတို့ ဤနေရာသည် ကျွန်ုပ်တို့နေရာ ဟူ၍ ပြည်သူတို့ကြွေးကြော်နိုင်မည့် နေရာသည်ကား လူထုအခြေပြုဗဟိုဌာနနှင့် လူထုအခြေပြု စာကြည့် တိုက်များဖြစ်ကြပြီးလျှင် ရင်းနှီးပွင့်လင်းစွာ နှီးနှောဖလှယ်ကြခြင်းဖြင့် အချင်းချင်း ခင်မင်မှုတိုးကာ မိသားစု စိတ်ဓာတ်ကို မြှင့်တင်နိုင်မည်ဟု ကျွန်ုပ်ရှုမြင်မိလေသည်။

လူထုအခြေပြု စာကြည့်တိုက်၌ စာဖတ်ရုံ၊ စာငှားရုံသက်သက်မျှသာမဟုတ်၊ စာဖတ်ဝိုင်းများ၊ နှီးနှော ဖလှယ်ပွဲများ ပြုလုပ်ကြပြီးလျှင် ရပ်ရွာပြည်သူများ၏ရင်သွေး ကလေးများအတွက် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း စသည့် ပညာဒါန သင်တန်းများကိုပါ ဖွင့်လှစ်နိုင်ပေရာ ရပ်ရွာအတွင်း ရှိကလေး၊ လူငယ်၊ လူရွယ်၊ လူလတ်၊ လူကြီးမရွေး ပုဂ္ဂိုလ်အားလုံးအတွက် အသက်ထက်ဆုံး ကျေးဇူးပြုနိုင် မည့်နေရာအဖြစ် မွန်မြတ်သန့်စင်လှပေ၏။

လူထုအခြေပြု ဗဟိုဌာနနှင့် လူထုအခြေပြု စာကြည့် တိုက်တို့သည်ကား လောဘ၊ ဒေါသ၊ မောဟ စရိုက်တို့အုံကြွပေါက်ကွဲသော လက္ခဏာများ ထင်ဟပ်သောနေရာ မဟုတ်၊ ယုတ်ညံ့သောနေရာမဟုတ်၊ အသိပညာတံခွန်ထူ၍ အလင်းပြရန် ရပ်တည်နေသော အစုအဖွဲ့များပါပေတည်း။

လူထုအခြေပြု ဗဟိုဌာနနှင့် လူထုအခြေပြု စာကြည့် တိုက်တို့သည်ကား ပတိရူပဒေသ ဝါသောစ (ဝါ)သင့်တင့်လျောက်ပတ် မွေ့လျော်ဖွယ်ရာ အရပ်ဒေသဟုလည်းဆိုနိုင်ပေရာ ကျွန်ုပ်တို့ မြန်မာလူမျိုးတို့ ဦးထိပ်ပန်သော မင်္ဂလာတရားတော်နှင့်လည်း ကိုက်ညီလှ၏။ပညာအလင်းရောင် ထွန်းလင်းဆောင်၍ ပညာဟိတ်ကြီးသော စာပေပညာရှင်များ၊ စာပေမွေ့လျော်သူများ ဆုံစည်းရာနယ်မြေ၊ မြန်မာ့ဂုဏ်ဆောင် စာရေးဆရာ များ၊ သတင်းစာဆရာများ၏ ဂုဏ်သတင်းကောင်းများနှင့်အတူ ကောင်းခြင်းလက္ခဏာများဖြင့် နှလုံးမွေ့လျော်ဖွယ်ရာ နေရာ၊ ကလေးများအတွက် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲ၊ ပန်းချီပုံဆွဲပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းဖြင့် လုလင်ငယ်သွေး ကလေးများ ပျော်မွေ့ရာနေရာ၊ မေတ္တာတရားဖြင့် ရှုမ၀နိုင်သော ရင်သွေးငယ်များနှင့် အတူ ရပ်ရွာ မိဘပြည်သူများ ဆုံစည်းနိုင်သည့်နေရာတို့ အဖြစ်အသွင်ပြောင်းလဲနိုင်ရန် ပြန်ဆက်ဌာနက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ကို ကျွန်ုပ် လေ့လာတွေ့ရှိရပေသည်။

လူထုအခြေပြုဗဟိုဌာနများကို ထူထောင်နေချိန်တွင်ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲများကို နိုင်ငံအဝန်း၌ မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပနေခြင်းမှာ ရပ်ရွာ၏မင်္ဂလာတစ်ပါးအဖြစ် ကျွန်ုပ်ရှုမြင်မိ၏။

ပြည်သူ့စကားဝိုင်း ဟူသည်ကား ဖရုသဝါစာ စကားဝိုင်းမဟုတ် (ဝါ) ကြမ်းတမ်းခက်တရော်သော စကား များ ထွက်ပေါ်ရာ နေရာမဟုတ်၊ အကြောင်းအကျိုးနှင့်အညီအချေအတင်ပြောနိုင်ပြီး သိမ်မွေ့ ပြေပြစ်သော ချစ်စဖွယ်စကားကို ဆိုအပ်ရာနေရာဖြစ်သဖြင့် ပြည်သူများမွေ့လျော်စရာ ကောင်းလှသည် ဟူပေ။

ဒီမိုကရေစီခေတ်တွင် အစိုးရနှင့်ပြည်သူ ကြည်ဖြူလက်တွဲ ဆွေးနွေးတိုင်ပင်နိုင်မည့်နေရာ၊ ပြည်သူတို့၏ ဘ၀ဖြတ်သန်းမှု အကြောင်းကိစ္စကြီးငယ်မဟူ ဆွေးနွေးပြောကြားနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးရာ နေရာ၊ လူထု၏ စဉ်းစားတွေးခေါ်ပုံ ရေချိန်မြင့်စေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများ လေ့ကျင့်ပေးရာနေရာမှာလည်း ပြည်သူ့ စကား ဝိုင်းများ သာ ဖြစ်ပေရာ သည်လိုစကားဝိုင်းမျိုးများ ရွာငယ်ဇနပုဒ်မှသည် မြို့ကြီးပြကြီးများအထိ တိုး၍တိုး၍ ကျင်းပသော် ကောင်းလေစွဖြစ်မည်ဟု ကျွန်ုပ် ဆန္ဒမွန်ပြုမိ၏။

ကျွန်ုပ်ဆင်ခြင်မိရသည်ကား ပြည်သူ့စကားဝိုင်းတို့သည် သမဂ္ဂါနံ တပေါသုခေါ ကိုယ်စိတ်နှလုံး ညီညွတ်ကြသော လူတို့၏ဆောင်ရွက်ချက်သည် ချမ်းသာမှုကို ပေးစွမ်းသည်ဆိုသော သုခမင်္ဂလာ တရားတော်နှင့်အညီပြည်သူတို့ ညီညာဖြဖြ နှီးနှောဖလှယ်ကြရာ နေရာဖြစ်သည်ဟူပေ။

မကြာသေးမီက ကော့မှူးမြို့နယ်၌ လူငယ်နှင့် လူမှုမီဒီယာ၊ မန္တလေးနှင့် မြစ်ကြီးနားတို့၌ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ ရန်ကုန်မြို့၌ ကံ့ကော်ပန်းများလန်းရာမြေ၊ ရန်ကုန်တက္ကသိုလ်၌ လူငယ်နှင့် လူမှုမီဒီယာ၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း စသည့်အကြောင်းအရာများကို ပြည်သူ့ ကိုယ်စား လှယ် ကြီးများ၊အစိုးရ တာဝန်ရှိသူများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် လူမှုဝန်ဆောင် အဖွဲ့ အစည်းများမှ တက်ကြွလှုပ်ရှားသူများ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ စာရေးဆရာကြီးများ၊ သုတေသီ ပညာရှင်များက အနှစ်သာရရှိရှိဘဝဒဿနအသိဖြင့် အားပါးတရ ဆွေးနွေးကြသည့်မြင်ကွင်းကို ကျွန်ုပ်တွေ့မြင်ရသည့်အခါဝယ် ဖရဏာပီတိဂွမ်းဆီထိ ဘိသကဲ့သို့ နှစ်ထောင်းအားရဖြစ်ခဲ့ရလေသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှစ၍ ပြည်သူ့စကားဝိုင်းများ စတင်ခဲ့၏။ အကြင်စကားဝိုင်းများကို စဉ်ဆက်မပြတ် ပြုလုပ်သွားမည်ဟုကျွန်ုပ်သိရလေသော် ကျွန်ုပ်တို့၏နိုင်ငံတော်၌ ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ပြန်လည်ရှင်သန်လာပြန်ပေါ့ဟူ၍ အားရခမန်းဖြစ်မိ၏။

လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် ငြိမ်းချမ်းရေး၊လူငယ်နှင့် စာပေ၊ လူငယ်နှင့် လူမှုမီဒီယာ၊ လူငယ်နှင့် ပညာရှာဖွေမှုအခွင့်အလမ်း၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့် နိုင်ငံရေး၊ လူငယ်နှင့် ပညာရေး၊လူငယ်နှင့် အိုင်တီ၊ လူငယ်နှင့် စီးပွားရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် အနာဂတ်၊ ယနေ့ခေတ် လူနေမှုဘ၀နှင့်ကျန်းမာရေး၊ လူငယ်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊လူငယ်နှင့် တရားဥပဒေ စိုးမိုးရေး၊ လူငယ်နှင့် ဥပဒေ၊လူငယ်နှင့် ဥပဒေအကြောင်းသိကောင်းစရာ၊ နိုင်ငံတော်တိုးတက်ရေးအတွက် လူငယ်များ ၏ အခန်းကဏ္ဍ၊ပြည်သူ့ကျန်းမာရေး၊ အစားအသောက်နှင့်ပတ်သက်သော သိကောင်းစရာများ၊ စားသုံးသူ အခွင့်အရေးနှင့်အစားအသောက် လုံခြုံခွင့်၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ လူငယ်နှင့် ပရဟိတ၊ ပြည်သူလူထု စိတ်ပျော်ရွှင်အပန်းဖြေရေး၊ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊လူငယ်ဖွံ့ဖြိုးရေး၊ စည်ပင်ဥပဒေ အကြောင်း သိကောင်းစရာ၊ အခွန်အကြောင်း သိကောင်းစရာ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့၏ အခန်းကဏ္ဍ စသည့်အကြောင်းရပ်များကို ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ယခုနှစ် ဖေဖော်ဝါရီလ ကုန်အထိ ပြည်သူ့ စကားဝိုင်းများအဖြစ် ဆွေးနွေးခဲ့၊ ဆွေးနွေးဆဲ၊ ဆွေးနွေးသွား မည်ဖြစ်ပေရာ ပြည်သူတို့ ဒီမိုကရေစီ ရေချိန် မြင့်မားလာပြီဟု တွေးတောမိရင်း ကျွန်ုပ် အားရမိ၏။

ဒီမိုကရေစီ အလေ့အကျင့်ကောင်းများဖြစ်သော ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ခြင်း၊ မိမိ၏ဆန္ဒကိုယဉ်ကျေးစွာ ဖော်ထုတ်နိုင်ခြင်း၊ ကြောင်းကျိုးသင့် အဖြေရှာခြင်း၊ ပြည်သူ့အရေးကို မျက်ခြည်ပြတ် မခံခြင်း၊ ပြည်သူကို အခွင့်အာဏာပေးခြင်း၊ ပြည်သူတို့ ကိုယ်တိုင် စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်စွမ်းရှိလာစေရန် မှန်ကန်သောသတင်းအချက်အလက်များ ထောက်ပံ့ပေးခြင်း၊ ခေတ်မီနည်း ပညာများ ကျွမ်းကျင်တတ်မြောက်စေကာ ဉာဏ်ပညာဗဟုသုတ ပြည့်၀စေခြင်း၊ အနာဂတ်၏ ခေါင်းဆောင် ကောင်းများအဖြစ်သို့ အမျိုးကောင်းသား အမျိုးကောင်းသမီးများ မွေးထုတ်ပေးခြင်း စသည့် ဂုဏ်ဒြပ် အပေါင်း ခညောင်းသော ပြည်သူ့စကားဝိုင်းများကိုပြည်သူတို့က ဝမ်းသာအားရ ကြိုဆိုကြလိမ့်မည်ဟု ကျွန်ုပ်တွေးတောမိလေသည်။

ဒီမိုကရေစီခရီးလမ်း လျှောက်လှမ်းနေသော ကျွန်ုပ်တို့၏နိုင်ငံတော်၌ ပြည်သူ့ဘ၀မြင့်မားရေးအတွက် လူထုအခြေပြုစာကြည့်တိုက်များနှင့် လူထုအခြေပြုဗဟိုဌာနတို့ကို ပြည်သူတို့၏ ဘူမိနက်သန် နေရာမှန်များ အဖြစ်သို့အသွင်ပြောင်းလဲမှု အရှိန်အဟုန်ရလာမည်ဟု တွေးတောမိရင်း ပြည်သူ့စကားဝိုင်း တုနှိုင်းမမီ တိုင်းကားပြည်ဝယ် ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။ ။