နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်နှင့်စပ် လျဉ်းသည့် သတင်းထုတ်ပြန်ချက်

Thu, 08/23/2018 - 01:58 -- admin

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ ဖိတ်ကြားချက်အရ ၂ဝ၁၈ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ စင်ကာပူနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ဩဂုတ်လ ၂၂ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

သွားရောက်လေ့လာ

၂ဝ-၈-၂ဝ၁၈ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် လီကွမ်ယူပြည်သူ့ မူဝါဒရေးရာ ကျောင်းသို့ သွားရောက်လေ့လာခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား လီကွမ်ယူပြည်သူ့မူဝါဒရေးရာကျောင်းမှ စင်ကာပူသမ္မတနိုင်ငံ၏ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင်နှင့် လီကွမ်ယူ ပြည်သူ့မူဝါဒရေးရာကျောင်း၏ မဟာဌာနမှူး Professor Danny Quah တို့က ကြိုဆိုခဲ့ကြသည်။

ထို့နောက် မဟာဌာနမှူး Professor Danny Quah က ကျောင်း၏ သမိုင်းကြောင်း၊ အနာဂတ် မျှော်မှန်းချက်များ၊ လုပ်ငန်းစဉ်များ၊ သင်ကြား ပို့ချပေးလျက်ရှိသည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်း အတွင်း စာသင်ကြား ပို့ချနေမှုများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။ ထို့နောက် စင်ကာပူသမ္မတနိုင်ငံ၏ ဂုဏ်ထူးဆောင်ဝါရင့် ဝန်ကြီး မစ္စတာဂိုချောက်တောင်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား လက်ဖက် ရည်ဝိုင်းဖြင့် ရင်းနှီးချစ်ကြည် စွာ ဧည့်ခံခဲ့ သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၁-၈-၂ဝ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အီစတာနာ နန်းတော်၌ စင်ကာပူနိုင်ငံ သမ္မတ မစ္စစ်ဟာလီမာ ရာကော့ဗ် အားလည်းကောင်း၊ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးအားလည်းကောင်း သီးခြား စီတွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုစာချုပ် ချုပ်ဆိုနိုင်ရေး ကိစ္စရပ်များ၊ မြန်မာလူငယ်များအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပို့ချရေး ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အာဆီယံမူဘောင်အတွင်းမှ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ကြိုးပမ်း အားထုတ်နေမှုများနှင့် မကြာမီကရရှိခဲ့သည့် တိုးတက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို ဆွေးနွေးခဲ့ကြ သည်။ ထို့နောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် စင်ကာပူဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပို့ချ

ယင်းနေ့ ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စင်ကာပူ နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စင်ကာပူ အမျိုးသားလုံခြုံရေး ညှိနှိုင်းရေး ဝန်ကြီး မစ္စတာ တိုချီယန်းအားGrand Hyatt Hotel ၌ တွေ့ဆုံနှုတ်ဆက် ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယင်းဟိုတယ်၌ The 43rd Singapore Lectureအဖြစ်Democratic Transition in Myanmar: Challenges and Way Forwardခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချ ခဲ့သည်။ ယင်းသို့ပို့ချရာတွင် မြန်မာနိုင်ငံဖြတ်သန်းခဲ့ရသော မတူကွဲပြား သည့် အသွင် ကူးပြောင်းမှု ဖြစ်စဉ်များ၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ (၂၁)ရာစုပင်လုံဆွေးနွေးပွဲများ၊ ရခိုင်ပြည်နယ်အရေးကိစ္စအား ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်နေမှုများ၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုမြှင့်တင်နိုင်ရေး အတွက် ပတ်ဝန်းကျင်ကောင်း တစ်ရပ် ဖန်တီးဖော်ဆောင်နေသည့်ကိစ္စများ စသည့်ကဏ္ဍ ပေါင်းစုံတွင် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု နှင့်ပတ်သက်၍ လွန်ခဲ့သည့် ရာစုနှစ်တစ်စု၏ ၄ ပုံ ၃ ပုံကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ်တွင် ကိုလိုနီအုပ်ချုပ်ရေးမှ လွတ်လပ်ရေး ရရှိသည်အထိ၊ ၁၉၆၂ ခုနှစ်တွင် ပါလီမန်ဒီမိုကရေစီစနစ်မှ စစ်အုပ်ချုပ်ရေး ကာလအထိ၊ ၁၉၈၈ ခုနှစ် စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ ပြီးဆုံးမှု မရှိသေးဘဲ ကူးပြောင်းနေဆဲဖြစ်သည့် ယနေ့ခေတ်ကာလအထိ အဓိကကျသည့် အသွင်ကူးပြောင်းရေးကာလ ၃ ကြိမ် ကြုံတွေ့ခဲ့ရကြောင်း၊ ပထမအကြိမ် အသွင်ကူးပြောင်းစဉ်က ကိုလိုနီစနစ်မှ အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် လွတ်လပ်သောနိုင်ငံ အဖြစ်သို့ အခက်အခဲများစွာဖြင့် ရုန်းကန်ခဲ့ရကြောင်း၊ ဒုတိယအကြိမ် အသွင်ကူးပြောင်းစဉ်ကမူ မြို့တော်လမ်းမပေါ်တွင် တင့်ကားများဖြန့်ချ ထားပြီး ရေဒီယိုမှ ကြေညာချက်တစ်ရပ်ဖြင့် ရှင်းလင်း ပြတ်သားစွာ ကူးပြောင်းခဲ့ကြောင်း၊ လက်ရှိ တတိယအကြိမ်မြောက် အသွင် ကူးပြောင်းမှုဖြစ်စဉ်တွင်မူ ရှုပ်ထွေးမှုနှင့် စိန်ခေါ်မှုများစွာရှိနေကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၏ တိုးတက်မှုအရှိန်အဟုန်ကို တိုင်းတာရာတွင် ရည်မှန်းချက်များကို ပြည်သူများနှင့်အတူ မည်မျှလက်တွေ့ အကောင်အထည်ဖော်နိုင်သည် ဆိုသည့်အချက်နှင့်သာ တိုင်းတာရမည် ဖြစ်ကြောင်း၊ အသွင်ကူးပြောင်းရေးလမ်းပြမြေပုံအဖြစ် ရေးဆွဲထား သည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် ရည်မှန်းချက်(၅)ရပ်နှင့် မဏ္ဍိုင်ကြီး(၃)ရပ်တို့ကို ချမှတ်ထားကြောင်း၊ ရည်မှန်းချက်(၁)တွင် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ်၊ ရည်မှန်းချက် (၂)တွင် စီးပွားရေးတည်ငြိမ်မှုနှင့် မက်ခရိုစီးပွားရေးစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်ရေးတို့ဖြစ်ပြီး ၎င်းရည်မှန်းချက် (၂) ရပ်သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးမဏ္ဍိုင် အောက်တွင်ရှိကြောင်း၊ ရည်မှန်းချက် (၃)တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးဖြစ်ပြီး ယင်းရည်မှန်းချက်သည် ဒုတိယမဏ္ဍိုင်ဖြစ်သည့် သာယာဝပြောရေးနှင့် မိတ်ဖက်ဆက်ဆံရေး မဏ္ဍိုင်အောက် တွင်ရှိကြောင်း၊ ရည်မှန်းချက်(၄)တွင် (၂၁)ရာစု လူမှုအဖွဲ့အစည်းတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး၊ ရည်မှန်းချက် (၅) တွင် နိုင်ငံ၏အနာဂတ်မျိုးဆက်များအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်အား နိုင်ငံသာယာဝပြောရေး အတွက် အသုံးချခြင်းတို့ ပါဝင်ပြီး ၎င်းရည်မှန်းချက် (၂)ရပ်သည် မဏ္ဍိုင်(၃)ဖြစ်သည့် ပြည်သူနှင့် ပတ်ဝန်းကျင် အသိုင်းအဝန်းအောက်တွင် ရှိကြောင်း၊ ငြိမ်းချမ်းရေး မရရှိပါက အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အောင်မြင်မှု မရရှိနိုင်သည့်အတွက် မြန်မာအစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖော်ဆောင်ရန် ဆုံးဖြတ် ထားကြောင်း၊ (၂၁)ရာစု ပင်လုံညီလာခံကို လွတ်လပ်ရေးရစဉ်ကပင် ပေါ်ပေါက်ခဲ့သည့် လက်နက်ကိုင်ဆူပူ မှုများကို အဆုံးသတ်စေရန် ဖြစ်သကဲ့သို့ မတူကွဲပြားမှုများကို ဖယ်ရှားနိုင်ပြီး စည်းလုံးညီညွတ်ပြီး ခိုင်မာသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်နိုင်ရန် အတွက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ခက်ခဲ သည့်စိန်ခေါ်မှုများ ကျန်ရှိနေဆဲဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွား လျက်ပင်ရှိနေကြောင်း၊ မြန်မာအစိုးရအနေဖြင့် ယင်းစိန်ခေါ်မှုများအပေါ် စဉ်ဆက်မပြတ် သတိထား စောင့်ကြည့်လျက်ရှိပြီး အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုများကို ကြိုးပမ်း တည်ဆောက်၍ ဆွေးနွေးပွဲနှင့် စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းမှတစ်ဆင့် ဖြေရှင်းရန် ရည်မှန်းချက် ချမှတ်ထား ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

၈၁ ချက်ကို အကောင်အထည်ဖော်

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် ကိစ္စရပ်များကို ဖြေရှင်း ဆောင်ရွက်နေခြင်းသည် မဏ္ဍိုင်(၃) ရပ်မှ ပထမမဏ္ဍိုင်ကို တည်ဆောက်ရာတွင် အဓိကကျသော အစိတ်အပိုင်း ဖြစ်ကြောင်း၊ ဒေါက်တာကိုဖီအာနန်အနေဖြင့် မြန်မာ အစိုးရ၏ ရည်မှန်းချက် ဖြစ်သည့် နိုင်ငံငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အောင်မြင်ရရှိစေလိုသည့် ဆန္ဒရှိကြောင်း၊ ဒေါက်တာ ကိုဖီအာနန် ကော်မရှင်၏ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက် ၈၈ ချက်အနက် မြန်မာ အစိုးရအနေဖြင့် ၈၁ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ အဆိုပါ အကြံပြုချက်များသည် ရခိုင်ပြည်နယ်တွင် ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တည်ဆောက်နိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ မြန်မာ အစိုးရအနေဖြင့်လည်း ရခိုင်ပြည်နယ်တွင် ထိရောက်မြန်ဆန်စွာ ပြန်လည် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် UNDP ၊ UNHCR တို့နှင့် MoU လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ UEHRD သည် ကဏ္ဍပေါင်းစုံနှင့် အဆင့် အသီးသီးတွင် တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် အာဆီယံမှ ထင်ရှားသည့် သံအမတ်ကြီး Rosario Manalo ဦးဆောင်သည့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းထူထောင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသွားသူများ မိမိဆန္ဒအလျောက် လုံခြုံဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေး အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားနိုင်မည်ဟု မြန်မာအစိုးရ အနေဖြင့် မျှော်လင့်ကြောင်း၊ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု ဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာစေရန် စတင်ခဲ့ သည့် အကြမ်းဖက် လှုပ်ရှားမှုများ၏ အန္တရာယ်သည် ယခုအချိန်အထိ အမှန်တကယ် တည်ရှိနေဆဲ ဖြစ်ကြောင်း ဆွေးနွေးပြောကြား ခဲ့သည်။

လေ့လာကြည့်ရှု

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆောင်ရွက်ရာတွင် လူသား အရင်းအမြစ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် လွန်စွာအရေးကြီးကြောင်း၊ မြန်မာ အစိုးရ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် လူသားအရင်း အမြစ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် အခြေခံကျသည့် အချက်တစ်ရပ်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သို့ အသွင်ကူး ပြောင်းရာတွင် အမြင့်မားဆုံးအင်အားသည် ပြည်သူများကိုယ်တိုင် ပါဝင်လာရေးဖြစ်ပြီး ပြည်သူများ ပါဝင်လာရေးသည်လည်း အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ် ပင်ဖြစ်ကြောင်း၊ သန်းပေါင်းများစွာသော ပြည်သူများ ၏ဆန္ဒနှင့် ရည်မှန်းချက်များကို တစ်ခုတည်းအဖြစ် ပေါင်းစည်း နိုင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ မတူကွဲပြားမှုများကို တောက်ပလင်းလက်လာနိုင် စေရေးမှာ လွယ်ကူသောလုပ်ငန်းမဟုတ်ကြောင်း၊ မြန်မာပြည် သူများအနေဖြင့် ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် စွမ်းဆောင်ရည် ရှိသည်ဟု ယုံကြည်ကြောင်း၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းမှာ မြန်မာနိုင်ငံ၏ ကောင်းမွန်သော အနာဂတ်ဘဝအတွက် အစပျိုးနိုင်ခြင်းပင်ဖြစ်ကြောင်း ဆွေးနွေးပို့ချ ခဲ့သည်။

ဆက်လက်၍ ယင်းနေ့ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်ခဲ့ကြပြီး သံရုံးဧည့်ခန်းမတွင် သံအမတ်ကြီးအပါအဝင် မြန်မာ သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံခဲ့သည်။ ထို့နောက် မြန်မာသံအမတ်ကြီးမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ ညစာစားပွဲအပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စင်ကာပူရှိGardens by the Bay သို့ သွားရောက် လေ့လာကြည့်ရှုခဲ့သည်။

ပြန်လည်ရောက်ရှိ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါသွားခဲ့ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် ၂၂-၈-၂ဝ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံ ချန်ဂီ အပြည်ပြည် ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာ လာခဲ့ရာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် (၁ဝး၃ဝ) နာရီအချိန်တွင် ပြန်လည် ရောက်ရှိခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂ဝ၁၈ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်