သမဝါယမတက္ကသိုလ် (စစ်ကိုင်း) ပဉ္စမအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

စစ်ကိုင်း ဇန်နဝါရီ ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  သမဝါယမဦးစီးဌာန၊ သမဝါယမတက္ကသိုလ် (စစ်ကိုင်း)၏ ပဉ္စမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သမဝါယမတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့   ဘွဲ့ယူမောင်မယ်များနှင့်  မိဘ ဆွေမျိုးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စစ်ကိုင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင်     ပါမောက္ခချုပ် ဒေါက်တာ  ဒေါ်မို့မို့ရီက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ အထူးပြု  ဘာသာရပ်ငါးခုဖြစ်သော B.BSc(Social Enterprise Management), B.BSc (Regional Development), B.BSc (Applied Statistics), B.BSc (Accounting & Finance), B.BSc(Marketing Management)ဘွဲ့နှင့် MSEM (Master of Social Enterprise Management), PGDSEM (Post Graduate Diploma in Social Enterprise Management), PGDAF (Post Graduate Diploma in Accounting & Finance), PGDMM (Post Graduate Diploma in Marketing Management) ဘွဲ့တို့ကို စတင်အပ်နှင်းသွားမည်ဖြစ်၍ အလွန်ဂုဏ်ယူ ဝမ်းမြောက်မိ ပါကြောင်း၊ ထို့အပြင် အထူးပြုဘာသာရပ် ငါးခုစလုံးအတွက် ဘွဲ့လွန် ဒီပလိုမာများနှင့် မဟာဘွဲ့များ အပ်နှင်းနိုင်ရန် ဘွဲ့လွန် ဒီပလိုမာသင်တန်းများနှင့် မဟာတန်းများဖွင့်လှစ်လျက်ရှိကြောင်း၊ မျိုးဆက်သစ်စီးပွားရေး ပညာတတ်များအနေဖြင့် အမိတက္ကသိုလ်က စီးပွားရေးပညာရပ်၊  ICT ပညာရပ်များအပြင် လူမှုရေးစိတ်ဓာတ် အခြေခံကောင်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် သဘောတရားများ ပါဝင်သော သမဝါယမပညာရပ်များကို လေ့ကျင့်သင်ကြားပေး ခဲ့ပြီးဖြစ်သည့် အတွက် တတ်မြောက်ထားသော ပညာရပ်ဆိုင်ရာ အခြေခံကောင်းများပေါ်မူတည်၍ အလုပ်ခွင်တွင် လက်တွေ့အသုံးချနိုင်ရန် ကြိုးစားသွားရန်လိုကြောင်း၊ ယနေ့အပ်နှင်းလိုက်သည့် ဘွဲ့ဒီဂရီ အသီးသီးသည် ဘွဲ့ရ မောင်မယ်များအတွက် စီးပွားရေးနယ်ပယ်တွင် အသုံးတည့်သော ပညာရှင်များအဖြစ်   စတင်အမှတ်သညာ ပြုလိုက်ခြင်းသာဖြစ်ကြောင်း၊ အစဉ်လေ့လာသင်ယူနေရ သော Learning Society လူ့ဘောင်အဖွဲ့အစည်းတွင် မိမိကိုယ်တိုင် လေ့လာဆည်းပူးရင်း မိဘ၊ ဘိုးဘွားများ ကြိုးပမ်းတည်ဆောက်ထားသော နိုင်ငံတော်ကြီးကို ပစ္စုပ္ပန်တွင် တည်တံ့ခိုင်မာ ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းကာ အနာဂတ်မျိုးဆက်သစ်တို့လက်သို့ လွှဲပြောင်းပေးအပ် နိုင်အောင်ကြိုးစားကြပါဟု တိုက်တွန်းလိုကြောင်း၊ ထို့အပြင် နိုင်ငံတော်အတွက် အရည်အသွေး မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်နှင့် ဒေသအလိုက်လိုအပ်သော စီးပွားရေးပညာတို့ကို အချိန်နှင့်တစ်ပြေးညီ အသုံးချနိုင်ပြီး စဉ်းစားတွေးခေါ်မှုမြင့်မားသော အသိပညာရှင်၊ အတတ် ပညာရှင်များ ဖြစ်အောင် အစဉ်အမြဲ ကြိုးစားကြရန်နှင့် ကမ္ဘာ့စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို မျက်ခြည်မပြတ် လေ့လာပြီး ယှဉ်ပြိုင်နိုင်သော (Entrepreneurs) ဟု ခေါ်သော  စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးများနှင့် လူမှုဆန်းသစ်တီထွင်မှုပညာတတ် (Social Innovators) များ ဖြစ်အောင် မိမိတို့ကိုယ်တိုင် ကြိုးစားတည်ဆောက်ကြပါဟု ပြောကြားသည်။

သမဝါယမတက္ကသိုလ် (စစ်ကိုင်း) မှ  ယခု ၂၀၁၈- ၂၀၁၉ ပညာသင်နှစ် ပဉ္စမအကြိမ် ဘွဲ့နှင်းသဘင်အခမ်း အနားတွင်  MSEM  ၁၇ ဦး၊ PGDAF  ရှစ်ဦး၊ PGDMM လေးဦး၊ B.BSc ၁၂၂ ဦး၊ B.BSc (SEM) ၇၃ ဦး၊ B.BSc (RD) ၅၅ ဦး၊ B.BSc (AS) ၈၇ ဦး၊ B.BSc (AF) ၁၂၄ ဦး၊   B.BSc (MM) ၁၃၈ ဦး  စုစုပေါင်း ဘွဲ့ရရှိသူ ၆၂၈ ဦးရှိပြီး တက်ရောက် ဘွဲ့ယူသူ ၅၉၆ ဦးအား သက်ဆိုင်ရာ ဘွဲ့အသီးသီးကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်