အမှတ်(၃) အထည်စက်ရုံခွဲ (စစ်ကိုင်း) နှင့် မတ္တရာမြို့နယ် စကျင်ကျောက်ပြားထုတ်လုပ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချို ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁၈

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယမန်နေ့နံနက်ပိုင်း တွင် ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းရန် စီစဉ်လျက်ရှိသော အမှတ်(၃)အထည် စက်ရုံခွဲ(စစ်ကိုင်း)သို့ ရောက်ရှိပြီး စက်ရုံ၏ ထုတ်ကုန်များကို ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စက်ရုံ၌ သစ္စာလေးခိုင် သင်္ကန်းများ ချုပ်လုပ်နေမှု၊ ဂျပန်နိုင်ငံသို့တင်ပို့မည့် ဘောင်း ဘီတို၊ ဘောင်းဘီရှည်များ ချုပ်လုပ်နေမှု၊ အနွေးထည်ဂျာကင်များ ထုတ်လုပ်နေမှု၊ စက်ရုံမှ ဂျပန်နိုင်ငံသို့ တင်ပို့ရန် ချုပ်လုပ်ထားသောအဝတ်အထည်များနှင့် ချုပ်လုပ်ပြီးသော အဝတ် အထည်များကို အရည်အသွေးစစ်ဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်၌ ဝန်ထမ်းများ အဆင်ပြေ ချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်း ပေးရန်၊ ဆုပေး၊ ဒဏ်ပေးစနစ်ဖြင့် အလုပ်ကြိုးစားသူ၊ တီထွင်နိုင်သူများကို ချီးမြှင့်မြှောက်စားရန်၊ ခေတ်မီစက်ပစ္စည်းများကို ကျွမ်းကျင်စွာအသုံးပြုနိုင် ရေးနှင့် ဝန်ထမ်းများကို လေ့ကျင့်ပေးရန်၊ လေလွင့်ဆုံးရှုံးမှု မရှိအောင် ကြိုးစား ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမြို့တွင် Textile Industrial Cluster Zone အကောင်အထည် ဖော်ဆောင်ရွက်မည့် အစီအစဉ် များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့်ဆွေးနွေးသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ စကျင် ကျောက်ပြား ထုတ်လုပ်ရေးဌာနခွဲသို့ ရောက်ရှိပြီး ကုန်ကြမ်း ထုတ်ဌာန၌ မိုင်းခွဲ စရာမလိုဘဲ ခေတ်မီစက်များဖြင့် အလေအလွင့် မရှိအောင် စကျင်ကျောက်တုံး များ ထုတ်လုပ်နေမှု၊ စကျင်ကျောက်ထုတ်လုပ်မည့် Mine Plan ၊ ကုန်ချော ထုတ်လုပ်ရေးဌာန၌ စကျင်ပန်းပွတ် ကျောက်တိုင်များ ထုတ်လုပ် နေမှု၊ စကျင် ကျောက်တုံးများကို အလွှာပါးဖြစ်အောင် ဖြတ်စားနေမှု၊ ကျောက်ပြားများအား အချောကိုင်နေမှု၊ ဖြတ်တောက် နေမှုများနှင့် ထုတ်လုပ်ပြီးသော စကျင် ကျောက်ပြားအမျိုးမျိုး သိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို ဖြည့်စွက်မှာကြားသည်။
မောင်မင်းနိုင်