ကလေးစာပေပွဲတော် (စစ်ကိုင်း) အောင်မြင်စွာ ကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်

စစ်ကိုင်း ဇန်နဝါရီ ၁၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများကို ယနေ့နံနက် ၉ နာရီက စစ်ကိုင်းမြို့၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး  ပွဲတော်တွင် ခင်းကျင်းပြသမည့် ပြခန်းများကို ကြည့်ရှုကြသည်။

ကလေးစာပေပွဲတော် (စစ်ကိုင်း) ကို ဇန်နဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ စစ်ကိုင်းမြို့ ၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပမည်ဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ  ဖျော်ဖြေရေး အစီအစဉ်များ ၊ ပြပွဲ ပြိုင်ပွဲများ စာပေ ဟောပြောပွဲနှင့် ဆွေးနွေးပွဲများ ၊ ဂိမ်း ကစားနည်းများ၊ စာအုပ်အရောင်းဆိုင်များ ၊ ပြခန်းများ ခင်းကျင်းပြသခြင်းနှင့် ကျပန်း စကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ထုတ်စည်းတိုး ပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံး ပြိုင်ပွဲများကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။

အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်း ၁၆ ကျောင်းမှ ကျောင်းသားများဖြင့် စတင်ကျင်းပသည်။

အမျိုးသား ဖူဆယ်ဘောလုံးပြိုင်တွင် ပါဝင်ယှဉ်ပြိုင် ကစားသည့်  အထက-ရွှေမင်းဝံကျောင်းမှ ကျောင်းသား မောင်ထွန်းထွန်းအောင်က “ကျွန်တော်တို့လို ကျောင်းသားတွေအတွက် စာပေ တတ်မြောက်ဖို့က အရေးကြီးသလို ကျန်းမာဖို့ကလည်း အရေးကြီးပါတယ်။ ဒီလို ကျောင်းသား၊ ကျောင်းသူတွေအတွက် ရည်ရွယ်လုပ်ပေးတဲ့ ကလေးစာပေပွဲတော်နဲ့အတူ ကျန်းမာကြံ့ခိုင်ဖို့အတွက် အားကစားပြိုင်ပွဲတွေ ထည့်သွင်း ကျင်းပပေးတာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာမှ ကျွန်တော်တို့ ရည်မှန်းချက်တွေ အောင်မြင်အောင် ကြိုးစားခွင့်ရရှိမှာပါ။ ပြီးတော့ ဒီလိုပြိုင်ပွဲတွေကနေ အသင်းအဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်တတ်တဲ့ အကျင့်ကောင်းကိုလည်း ရရှိမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ် ကျင်းပသွားမည်ဖြစ်သည်။

သတင်းနှင့် ဓာတ်ပုံ - အောင်မင်းဟန်